ဇန်နဝါရီ ၃၁ ရက်မှစ၍ နိုင်ငံရေးပါတီများ ဆက်လက်တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့် လာရောက်လျှောက်ထားနိုင်ပြီဖြစ်ကြောင်း UEC ထုတ်ပြန်

ဇန်နဝါရီ ၃၁ ရက်မှစ၍ နိုင်ငံရေးပါတီများ ဆက်လက်တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့် လာရောက်လျှောက်ထားနိုင်ပြီဖြစ်ကြောင်း UEC ထုတ်ပြန်
Published 31 January 2023

၂၀၂၃ ခုနှစ် ဇန်နဝါရီ ၃၁ ရက်မှစ၍ နိုင်ငံရေးပါတီများ ဆက်လက်တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့် လာရောက်လျှောက်ထားနိုင်ပြီဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က ထုတ်ပြန်သည်။

ယင်းထုတ်ပြန်ချက်တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့ကို ဦးတည်ချက်ထားရှိသော၊ နိုင်ငံတော်၏ ကျေးဇူးသစ္စာကို စောင့်သိရိုသေသော၊ စစ်မှန်၍ စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ကို လက်ခံကျင့်သုံးသော နိုင်ငံရေးပါတီများ ဖွဲ့စည်းနိုင်ရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေကို ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၂၆ ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဥပဒေအမှတ် (၁၅/၂၀၂၃)ဖြင့် ပြဋ္ဌာန်းထုတ်ပြန်ခဲ့ပြီးဖြစ်ကြောင်း ဖော်ပြထားသည်။

ထို့ပြင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် နိုင်ငံရေးပါတီများ ဖွဲ့စည်းနိုင်ရန် နိုင်ငံရေး ပါတီများမှတ်ပုံတင်ခြင်းနည်းဥပဒေများကို ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၃၁ ရက်နေ့တွင် အမိန့်ကြော်ငြာစာအမှတ် (၁၀/၂၀၂၃) ဖြင့် ထုတ်ပြန်ခဲ့ပြီးဖြစ်ကြောင်း UEC ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ကြောင့် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၂၅ တွင် အကျုံးဝင်သောပါတီများသည် နိုင်ငံရေးပါတီအဖြစ် ဆက်လက်တည်ထောင်လိုပါက ပြဋ္ဌာန်းထုတ်ပြန်ခဲ့ပြီးဖြစ်သည့် ဥပဒေ၊ နည်းဥပဒေ များနှင့်အညီ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး၊ ရုံးအမှတ် (၂၂)၊ နေပြည်တော်သို့ ရုံးချိန်အတွင်း လာရောက်လျှောက်ထားနိုင်ကြောင်း UEC ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

နိုင်ငံရေးပါတီများ မှတ်ပုံတင်ပြန်တင်ရမည့် ဥပဒေအသစ်ကို ဇန်နဝါရီ ၂၆ ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က လက်မှတ်ရေးထိုး၍ ထုတ်ပြန်ခဲ့သည်။

နိုင်ငံတော်အေးချမ်းသာယာရေးကောင်စီက ပြဋ္ဌာန်းထားသည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ (၂/၂၀၁၀) ကို ပယ်ဖျက်လိုက်ပြီး အသစ်ပြဌာန်းလိုက်သည့် ဥပဒေအရ နိုင်ငံရေးပါတီများအနေဖြင့် ရက်ပေါင်း ၆၀ အတွင်း ရွေးကောက်ပွဲကော်မရှင်ထံ ပြန်လည်မှတ်ပုံတင်ရမည်ဖြစ်ကြောင်း၊ ပြန်လည်လျှောက်ထားခြင်းမရှိပါက နိုင်ငံရေးပါတီအဖြစ်မှ အလိုအလျှောက် ပျက်ပြယ်ပြီးဖြစ်သည်ဟု မှတ်ယူနိုင်ကြောင်း ဥပဒေသစ်တွင် ဖော်ပြထားသည်။

ပါတီတည်ထောင်လိုသူများမှာ ပါတီတည်ထောင်လိုသူ အနည်းဆုံး ၁၅ ဦးရှိရမည်ဖြစ်ကြောင်း၊ အသက် ၂၅ နှစ်ပြည့်ပြီးသူဖြစ်ရမည်ဖြစ်ကြောင်း၊ မတရားအသင်းအဖြစ် နိုင်ငံတော်က သတ်မှတ်ထားသည့် အဖွဲ့အစည်းများနှင့် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေ ဆက်သွယ်ခြင်း၊ အားပေးကူညီခြင်း မဟုတ်သူများ ဖြစ်ရမည်ဖြစ်ကြောင်း အစရှိသည်တို့ကို ဖော်ပြထားသည်။

ထို့ပြင် ပြည်ထောင်စုတဝန်းလုံးတွင် စည်းရုံးမည့်ပါတီဖြစ်ပါက ပါတီရန်ပုံငွေ ကျပ်သိန်း ၁၀၀၀၊ ပြည်နယ်/တိုင်း စည်းရုံးမည့်ပါတီဖြစ်ပါက ပါတီရန်ပုံငွေ ကျပ်သိန်း ၁၀၀ တို့ကို မြန်မာ့စီးပွားရေးဘဏ်တစ်ခုခုတွင် ငွေစာရင်းဖွင့်လှစ်ရမည်ဖြစ်ကြောင်း၊ ပြည်ထောင်စုတဝန်းလုံးတွင် စည်းရုံးမည့်ပါတီဖြစ်ပါက မှတ်ပုံတင် ခွင့်ပြုသည့်နေ့မှစပြီး ရက်ပေါင်း ၁၈၀ အတွင်း နိုင်ငံတဝန်းရှိ မြို့နယ်ထက်ဝက် အနည်းဆုံးပါတီရုံးခန်းဖွင့် လှစ်ရမည်ဖြစ်ကြောင်း၊ ပြည်နယ်/တိုင်း စည်းရုံးမည့်ပါတီဖြစ်ပါက ဒေသတွင်းရှိ အနည်းဆုံးမြို့နယ် ငါးခုခန့်တွင် ရုံးခန်းများဖွင့်လှစ်ရမည်ဖြစ်ကြောင်း ဥပဒေသစ်တွင် ဖော်ပြထားသည်။

အလားတူ ပြည်ထောင်စုတစ်ဝန်းလုံးတွင် စည်းရုံးမည့်ပါတီဖြစ်ပါက ရက်ပေါင်း ၉၀ အတွင်းပါတီဝင်ဦးရေ အနည်းဆုံး တစ်သိန်းခန့်ကို စည်းရုံးရမည်ဖြစ်ကြောင်း၊ ပြည်နယ်/တိုင်း စည်းရုံးမည့်ပါတီဖြစ်ပါက ရက်ပေါင်း ၉၀ အတွင်းပါတီဝင်ဦးရေ အနည်းဆုံး ၁၀၀၀ ကို စည်းရုံးရမည်ဖြစ်ကြောင်း ဆက်လက်ဖော်ပြထားသည်ကို တွေ့ရသည်။

မတရားအသင်း ကြေညာခံထားရသည့်အဖွဲ့အစည်း၊ မတရားအသင်းအဖြစ် နိုင်ငံတော်က သတ်မှတ်ထားသည့် အဖွဲ့အစည်းများနှင့် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေ ဆက်သွယ်အားပေးကူညီနေသည့်အဖွဲ့အစည်းများ၊ နိုင်ငံတော်ပိုင်ပစ္စည်းများကို တိုက်ရိုက်၊ သွယ်ဝိုက်သုံးစွဲနေသည့်အဖွဲ့အစည်းများ၊ နိုင်ငံခြားတိုင်းပြည်တစ်ခုခု၏ အထောက်အပံ့ကို ရယူနေသည့်အဖွဲ့အစည်းများ၊ ဘာသာရေးကို နိုင်ငံရေးကိစ္စအတွက် အလွဲသုံးစားပြုနေသည့်အဖွဲ့အစည်းများ စသည့်အဖွဲ့အစည်းများမှာ နိုင်ငံရေးပါတီအဖြစ် လျှောက်ထားခွင့်မရှိကြောင်း အစရှိသည့် ပုဒ်မများကို ဥပဒေသစ်တွင် ဖော်ပြထားသည်။

Most Read

Most Recent