ဂျပန်နိုင်ငံ၏ Yokogawa Bridge Corp. ကုမ္ပဏီသည် မြန်မာနိုင်ငံ၏ MEC ကော်ပိုရေးရှင်းကို အမေရိကန်ဒေါ်လာ တစ်သန်း လွှဲပြောင်းပေးခဲ့ပုံရသည်ဟု HRW ပြောကြား

ဂျပန်နိုင်ငံ၏ Yokogawa Bridge Corp. ကုမ္ပဏီသည် မြန်မာနိုင်ငံ၏ MEC ကော်ပိုရေးရှင်းကို အမေရိကန်ဒေါ်လာ တစ်သန်း လွှဲပြောင်းပေးခဲ့ပုံရသည်ဟု HRW ပြောကြား
ဂျပန်နိုင်ငံ၏ အကူအညီဖြင့် တည်ဆောက်မည့် ပဲခူးမြစ်ကူးတံတားကို ပန်းချီဆရာက သရုပ်ဖော်ထားပုံ (Photo-Antara Koh)
ဂျပန်နိုင်ငံ၏ အကူအညီဖြင့် တည်ဆောက်မည့် ပဲခူးမြစ်ကူးတံတားကို ပန်းချီဆရာက သရုပ်ဖော်ထားပုံ (Photo-Antara Koh)
Published 24 January 2023
Ref:HRW

ဂျပန်နိုင်ငံ၏ Yokogawa Bridge Corp. ကုမ္ပဏီသည် ၂၀၂၂ ခုနှစ်တွင် မြန်မာတပ်မတော်ပိုင် Myanmar Economic Corporation (MEC) ကို အမေရိကန်ဒေါ်လာ တစ်သန်းအား ဂျပန်အစိုးရ၏ ဖွံ့ဖြိုးမှုအကူအညီပေးရေး စီမံချက်တစ်ရပ်အဖြစ် လွှဲပြောင်းပေးခဲ့ပုံရသည်ဟု လူ့အခွင့်အရေးဆိုင်ရာ စောင့်ကြည့်ရေးအဖွဲ့ (HRW) က ဇန်နဝါရီ ၂၃ ရက်တွင် ပြောကြားခဲ့သည်။

ဂျပန်အစိုးရအနေဖြင့် မြန်မာနိုင်ငံ၏ နစကအစိုးရအား အကျိုးရှိစေမည့် လူသားချင်းစာနာထောက်ထားမှုနှင့် မသက်ဆိုင်သော ပေးအပ်လုဆဲဆဲ အကူအညီများ အားလုံးကို ရပ်ဆိုင်းထားသင့်သည်ဟုလည်း HRW က ပြောကြားခဲ့သည်။

Yokogawa Bridge Corp. အပါအဝင် ဂျပန်ကုမ္ပဏီများအနေဖြင့် မြန်မာတပ်မတော်က ပိုင်ဆိုင် သို့မဟုတ် ထိန်းချုပ်ထားသည့် ကုမ္ပဏီများနှင့် စီးပွားရေးဆက်ဆံမှုများအား အဆုံးသတ်ကြရေးသေချာစေရန် ဂျပန်အစိုးရအနေဖြင့် ပြုလုပ်သင့်သည်ဟုလည်း ပြောကြားထားသည်။

“MEC နှင့်ဆက်ဆံနေသော Yokogawa Bridge Corp.၏ လုပ်ငန်းမှတစ်ဆင့် ဂျပန်အစိုးရသည် မြန်မာတပ်မတော်အတွက် ရန်ပုံငွေရရှိရေးကို ထိရောက်စွာ အထောက်အကူဖြစ်စေခဲ့ကြောင်း” HRW ၏ အာရှစီမံကိန်းအရာရှိ တက်ပေကာဆေးက ပြောကြားခဲ့သည်။

“မြန်မာနိုင်ငံရဲ့ နစကအစိုးရကို လူသားချင်းစာနာထောက်ထားမှုနဲ့ မသက်ဆိုင်တဲ့ ဖွံ့ဖြိုးရေးအကူအညီတွေ ဆက်ပြီးမထောက်ပံ့ဖို့ ဂျပန်အစိုးရအနေနဲ့ သေချာဖို့လိုပါတယ်” ဟုလည်း ၎င်းက ပြောကြားခဲ့သည်။

Yokogawa Bridge Corp. သည် MEC အား ပဲခူးမြစ်ကူးတံတားဆောက်လုပ်ရေးစီမံကိန်းအတွက် အမေရိကန်ဒေါ်လာ ၁.၃ သန်းကို ၂၀၂၂ ခုနှစ် ဇူလိုင်မှ နိုဝင်ဘာအတွင်း လွှဲပြောင်းပေးခဲ့ကြောင်း HRW က သုံးသပ်ခဲ့သည်ဟု ဆိုသည်။ ယင်းငွေလွှဲပြောင်းမှုများကို Yokogawa Bridge Corp. သည် ဂျပန်နိုင်ငံ၏ Mizuho Bank မှတစ်ဆင့် မြန်မာနိုင်ငံရှိ မြန်မာနိုင်ငံခြားကုန်သွယ်မှုဘဏ်၏ MEC ငွေစာရင်းသို့ အလီလီပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ပဲခူးမြစ်ကူးတံတား ဆောက်လုပ်ရေးစီမံကိန်းကို မြန်မာနိုင်ငံသို့ ဂျပန်အစိုးရ၏ ဖွံ့ဖြိုးရေးအကူအညီ တစ်စိတ်တစ်ပိုင်းအဖြစ်  ၂၀၁၆ ခုနှစ်တွင် အတည်ပြုခဲ့ရာ ယန်းငွေ ၃၁ ဘီလျံ (အမေရိကန်ဒေါ်လာသန်း ၂၄၀) ပါဝင်ပြီး ဂျပန်နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) က ချေးငှားခဲ့ခြင်းဖြစ်သည်။

HRW ၏ အဆိုပါကိစ္စနှင့်ပတ်သက်သော ပေးစာတစ်စောင်ကို တုံ့ပြန်ရာ၌ အဆိုပါတံတားဆောက်လုပ်ရေးစီမံကိန်းကို ၂၀၂၂ ခုနှစ် ဧပြီ ၁ ရက်တွင် ပြန်လည်စတင်ခဲ့သည်ဟု ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ယခု ငွေလွှဲပြောင်းမှုသည် ပုဂ္ဂလိကကုမ္ပဏီအချင်းချင်းအကြားဖြစ်သောကြောင့် ဂျပန်အစိုးရအနေဖြင့် Yokogawa Bridge Corp. က MEC အား ငွေလွှဲပြောင်းပေးမှုကို ရှင်းပြရမည့်အနေအထားတွင်မရှိကြောင်းလည်း အဆိုပါတာဝန်ရှိသူက ပြောကြားခဲ့သည်။

HRW က အကျဉ်းချုပ်တင်ပြသော အဆိုပါငွေလွှဲပြောင်းမှုများအကြောင်း ပေးစာတစ်စောင်ကို တုံ့ပြန်ရာ၌ Yokogawa Bridge Corp. က ဖြစ်ရပ်တစ်ခုချင်းအတွက် မှတ်ချက်ပေးရန် ငြင်းဆန်ခဲ့သည်။ အလားတူစွာပင် Mizuho Bank ကလည်း မှတ်ချက်ပေးခြင်းမပြုခဲ့ပေ။

အမေရိကန်၊ ဗြိတိန်၊ ဥရောပသမဂ္ဂနှင့် ကနေဒါတို့သည် MEC နှင့် မြန်မာနိုင်ငံ၏ တပ်မတော်နှင့်ဆိုင်သော အခြားလုပ်ငန်းစဉ်များနှင့် Myanmar Economic Holdings Limited တို့အား တပ်မတော်ကို အထောက်အကူပြုစေသည့် အရေးပါသော အကျိုးအမြတ်များ ဖြန့်ဝေပေးသည့် အခန်းကဏ္ဍကြောင့် ပိတ်ဆို့မှုများ ချမှတ်ထားသည်။

 

Most Read

Most Recent