အကျဉ်းထောင်အတွင်းသို့ ပေးပို့ခွင့်မရှိသည့် ကန့်သတ်ပစ္စည်းများ ပေးပို့တင်သွင်းနေမှုများရှိ၍ ရဲတပ်ဖွဲ့နှင့်ပူးပေါင်းပြီး အကျဉ်းသား/အချုပ်သားများ၏ အိပ်ဆောင်များကို ရှာဖွေစစ်ဆေးရန် ပြည်ထဲရေးဝန်ကြီး ပြောကြား

အကျဉ်းထောင်အတွင်းသို့ ပေးပို့ခွင့်မရှိသည့် ကန့်သတ်ပစ္စည်းများ ပေးပို့တင်သွင်းနေမှုများရှိ၍ ရဲတပ်ဖွဲ့နှင့်ပူးပေါင်းပြီး အကျဉ်းသား/အချုပ်သားများ၏ အိပ်ဆောင်များကို ရှာဖွေစစ်ဆေးရန် ပြည်ထဲရေးဝန်ကြီး ပြောကြား
Published 14 January 2023

အကျဉ်းထောင်အတွင်းသို့ ပေးပို့ခွင့်မရှိ သည့် ကန့်သတ်ပစ္စည်းများ ပေးပို့တင်သွင်း နေမှုများရှိ၍ ရဲတပ်ဖွဲ့နှင့်ပူးပေါင်းပြီး အကျဉ်းသား/အချုပ်သားများ၏ အိပ်ဆောင်များ အား ရှာဖွေစစ်ဆေးရန်  နိုင်ငံတော်စီမံအုပ် ချုပ်ရေးကောင်စီအဖွဲ့ဝင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်က ပြောကြားသည်။

ဇန်နဝါရီ ၁၁ ရက်က ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ရှိ ပုသိမ်အကျဉ်းထောင်သို့ သွားရောက်ကြည့်ရှုစစ်ဆေးစဉ်  ပြည်ထောင်စုဝန်ကြီးက ထိုသို့ထည့် သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ထိုသို့သွားရောက်စစ်ဆေးရာတွင် ပုသိမ်အကျဉ်းထောင်ရှိ အစည်းအဝေးခန်းမ၌ ပြည်ထောင်စုဝန်ကြီးသည် အကျဉ်းထောင်မှ တာဝန်ရှိသူများနှင့်တွေ့ဆုံရာ ဧရာဝတီတိုင်းဒေသကြီးအကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူးက ဇန်နဝါရီ ၆ ရက်တွင် အကျဉ်းထောင်၌ အကျဉ်းသား/အချုပ်သားများ ဆူပူအကြမ်းဖက်မှုဖြစ်ပွားခဲ့သည့်အခြေအနေနှင့် ဖြစ်စဉ်တွင် ထောင်ဝန်ထမ်းများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက အကျဉ်းထောင်လက်စွဲပါ လုပ်ထုံးလုပ်နည်းများနှင့်အညီ ထိန်းသိမ်းဆောင်ရွက်ခဲ့သည့်အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက အလားတူ ထောင်အတွင်း ဆူပူအကြမ်းဖက်မှု ဖြစ်စဉ်များထပ်မံဖြစ်ပွားမှုမရှိစေရေး၊ ယခုဖြစ်စဉ်ကိုအတွေ့အကြုံယူ၍ အားသာချက်၊ အားနည်းချက်များဖော်ထုတ်၍ အစီအမံများ ရေးဆွဲဆောင်ရွက်သွားရန်လိုအပ်ကြောင်းနှင့် ဆက်လက်ဆောင်ရွက်ရမည့်ကိစ္စရပ်များနှင့်ပတ်သက်၍ အကျဉ်းထောင်တာဝန်ရှိသူများကို မှာကြားမှုများပြုလုပ်ခဲ့ပြီး အကျဉ်းထောင်ရှိ ဗဟိုကင်း၊ အကျဉ်းသား/အချုပ်သား အိပ်ဆောင်များ၊ မီးဖိုကြီး၊ ရိက္ခာဂိုဒေါင်၊ ဇန်နဝါရီ ၆ ရက်တွင် အကျဉ်းထောင်အတွင်း အကျဉ်းသား/အချုပ်သားများ ဆူပူအကြမ်း ဖက်မှုဖြစ်ပွားခဲ့သည့် နေရာနှင့် ဆူပူအကြမ်းဖက်မှုဖြစ်ပွားစဉ် ၎င်းတို့ကိုင်စွဲအသုံးပြုခဲ့သည့် ပစ္စည်းကိရိယာများ၊ ၎င်းတို့ဖျက်ဆီးခဲ့သည့် လုံခြုံရေးအထောက်အကူပြုပစ္စည်းများ ပျက်စီးဆုံးရှုံးခဲ့ရမှုတို့ကို တာဝန်ရှိသူများ နှင့်အတူ လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ယင်းသို့စစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီးက လုံခြုံရေးကို အထူးအလေးထားဆောင်ရွက်ရန်၊ လုံခြုံရေးစည်းကျိုးပေါက်မှု မရှိစေရေးဝန်ထမ်းများ ၂၄ နာရီ ကင်းတာဝန်ချထားရန်၊ အုပ်ချုပ်မှု လျော့နည်းဖြစ်စဉ်များ မဖြစ်ပွားစေရေး တာဝန်ရှိသူအဆင့်ဆင့်မှ အထူးဂရုပြုဆောင်ရွက်ရန်၊ အကျဉ်းထောင်အတွင်း သို့ ပေးပို့ခွင့်မရှိသည့် ကန့်သတ်ပစ္စည်းများ ပေးပို့တင်သွင်းနေသည်များရှိ၍ ရဲတပ်ဖွဲ့နှင့် ပူးပေါင်းကာ အကျဉ်းသား/အချုပ်သားများ၏ အိပ်ဆောင်များအား စနစ်တကျရှာဖွေစစ်ဆေးခြင်းများ ပြုလုပ်ရန်၊ ဝန်ထမ်းများအနေဖြင့် လာဘ်ပေး လာဘ်ယူကင်းရှင်းပြီး ကိုယ်ကျင့်တရားကောင်းမွန်စွာနေထိုင်ရန်နှင့် မိမိကိုင်တွယ်သည့်လက်နက်များကို ကျွမ်းကျင်စွာကိုင်တွယ်အသုံးပြုနိုင်ရေး အမြဲတမ်းလေ့ ကျင့်ကြရန်၊ အကျဉ်းသားများ၏ စားသောက်နေထိုင်ရေး၊ ကျန်းမာရေးနှင့် အသက်မွေးဝမ်းကျောင်းဆိုင်ရာကိစ္စရပ်များကို အထူးဂရုပြု ဆောင်ရွက်ပေးရန်၊ ၎င်းတို့ကိုလည်း တည်ဆဲဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်များနှင့်အညီ နေထိုင်စေရေး ကြပ်ကြပ်မတ်မတ်ဆောင်ရွက်ရန်လိုအပ်ကြောင်း အသေးစိတ်မှာကြားကာ တာဝန်ရှိသူများ၏တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

အလားတူ ဇန်နဝါရီ ၁၂ ရက် နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်ရှိ အင်းစိန်ဗဟိုအကျဉ်းထောင်သို့ရောက်ရှိကာ အကျဉ်းထောင်အဝင်ဝရှိ ထောင်ဝင်စာပါဆယ် လက်ခံရေးမှတ်တမ်းဌာနစိတ်နှင့် ပါဆယ်ရှာဖွေရေးဌာနစိတ်တို့တွင် လာရောက်ပေးပို့သည့် ပါဆယ်ပစ္စည်းများကို Luggage X-Ray Scanner စက်ဖြင့် စနစ်တကျစစ်ဆေး ရှာဖွေနေမှုကိုလည်းကောင်း၊ အကျဉ်းထောင် CCTV Control Room အတွင်းရှိ လုံခြုံရေး စောင့်ကြည့်နေမှုကိုလည်းကောင်း၊ စားဖိုကြီးတွင် အကျဉ်းသား/အချုပ်သားများ နံနက်စာ စားသုံးရန်အတွက် ထမင်းနှင့် ဟင်းလျာများ ချက်ပြုတ်ပြင်ဆင်နေမှုအခြေအနေများကိုလည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများကို လိုအပ်သည်များ မှာကြားခဲ့ကြောင်းသိရသည်။

ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဝန်ထမ်းလေ့ကျင့်ရေးသင်တန်းကျောင်း (အင်းစိန်) တွင်လည်း သင်တန်းသားအိပ်ဆောင်များ၊ စာသင်ခန်းမနှင့် စားရိပ်သာတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ တပ်သားအဆင့် အခြေခံသင်တန်း အမှတ်စဉ် (၁၀၇) မှ သင် တန်းများနှင့်အတူ နံနက်စာအတူတကွ သုံးဆောင်ပြီး သင်တန်းသားများအတွက် ထောက်ပံ့ငွေများကို ပေးအပ်ခဲ့ကြောင်း သိရသည်။

ထို့အတူ ဇန်နဝါရီ ၁၂ ရက် မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ်ရှိ တောင်ငူ အကျဉ်းထောင်သို့ရောက်ရှိကာ အကျဉ်းထောင်ရှိ စားဖိုကြီးအသစ်ဆောက်လုပ်သည့်နေရာ၊ အကျဉ်းသား/အချုပ်သားအိပ်ဆောင်များ၊ ရေချိုးကန်များနှင့် ဆေးရုံဆောင်တို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး အကျဉ်းထောင်လုံခြုံရေးနှင့်ပတ်သက်၍ အထူးဂရုပြုဆောင်ရွက်ရန်၊ အကျဉ်းထောင်ဆူပူမှုများ ဖြစ်ပွားလာပါက အချိန်တိုအတွင်းထိန်းသိမ်း ဆောင်ရွက်နိုင်ရေးအတွက် ဇာတ်တိုက်လေ့ကျင့်မှုများကို စနစ်တကျလေ့ကျင့်ဆောင်ရွက်ထားရန်၊ အကျဉ်းသား/အချုပ်သားများအား ချက်ပြုတ်ကျွေးမွေးရာတွင် စေတနာထား၍ ဆောင်ရွက်ပေးရန်၊ ကျန်းမာရေးမကောင်းသည့် အကျဉ်းသား/အချုပ်သားများအား စေတနာထား၍ ဂရုတစိုက်ပြုစုကုသပေးရန်နှင့် HIV/AIDS ရောဂါရှိသူ အကျဉ်းသား/အချုပ်သားများ ပြစ်ဒဏ်စေ့၍လွတ်မြောက်ပါက ဆေးဝါးဆက်လက်သောက်သုံးနိုင်ရေးအတွက် အကျဉ်းထောင်ဆရာဝန်က သေချာစွာလမ်းညွှန် ပေးရန်တို့နှင့်ပတ်သက်၍ အကျဉ်းထောင်တာဝန်ရှိသူများကို မှာကြားခဲ့ကြောင်း သိရသည်။

Most Read

Most Recent