The Point Men ဇာတ်ကားကို အာဖဂန်တွင် မရိုက်ဖြစ်ခဲ့ဘဲ ဘေးကင်းရေးကို ထည့်တွက်ကာ ရိုက်ကွင်းကို ဂျော်ဒန်သို့ ပြောင်းလဲ

The Point Men ဇာတ်ကားကို အာဖဂန်တွင် မရိုက်ဖြစ်ခဲ့ဘဲ ဘေးကင်းရေးကို ထည့်တွက်ကာ ရိုက်ကွင်းကို ဂျော်ဒန်သို့ ပြောင်းလဲ
Published 3 January 2023

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီတွင် ရုံတင်ပြသတော့မည်ဖြစ်ပြီး ဟွန်ဘင်းပါဝင်သရုပ်ဆောင်ထားသည့် The Point Men ရုပ်ရှင်ဇာတ်ကားနှင့်ပတ်သက်ပြီး ဇာတ်ကားဖန်တီးသူ ဒါရိုက်တာ Im Soon Rye က ဇာတ်ကားရိုက်ကူးခဲ့စဉ်က ကြုံခဲ့ရသည့်အခက်အခဲများကို အင်တာဗျူးတစ်ခုတွင် မျှဝေခဲ့သည်။

ဇာတ်ကားကို နဂိုကအာဖဂန်နစ္စတန်တွင် သွားရိုက်ရန် စီစဉ်ထားခဲ့သော်လည်း လုံခြုံဘေးကင်းမှုနှင့် ကပ်ရောဂါအခြေအနေတို့ကိုထည့်စဉ်းစားကာ ဂျော်ဒန်တွင်သာ ရိုက်ကူးဖြစ်ခဲ့သည်ဟု ဒါရိုက်တာကဆိုသည်။

အမိုးအကာအောက်တွင် ရိုက်ရသည့် ဇာတ်ဝင်ခန်းများကိုမူ တောင်ကိုရီးယားတွင် ဦးစွာရိုက်ကူးခဲ့ပြီးနောက်မှသာ ဂျော်ဒန်အစိုးရထံမှ ရိုက်ကူးရေးအဖွဲ့ ပြည်ဝင်ခွင့်ရခဲ့ခြင်းဖြစ်သည်။ သို့သော်ကပ်ရောဂါနှင့် ကွာရန်တင်းအခြေအနေများကြောင့် စားသောက်ရေးစီစဉ်ရမှု၊ ဇာတ်ဝင်ခန်းသုံးပစ္စည်းများ ဝယ်ယူမှုတို့တွင် အခက်အခဲများစွာရှိခဲ့သည်ဟုလည်း ၎င်းက ဆိုသည်။

သရုပ်ဆောင်များနှင့် အဖွဲ့သားများ စားသောက်ရေးအတွက် ဒါရိုက်တာနှင့်အတူ ကူညီစီစဉ်ပေးသူတစ်ဦးလည်း ရှိသည်။ ၎င်းက သရုပ်ဆောင်ဟွမ်ဂျောင်မင် (ဟွမ်ဘင်းအပြင် နောက်ထပ်ခေါင်းဆောင်မင်းသား) ဖြစ်သည်။ ၎င်းတို့ရိုက်ကူးရေးအဖွဲ့တွင် လူ ၃၀၀ ခန့်ရှိသည်။

The Point Men ဇာတ်ကားတွင် ဟွန်ဘင်းကို ယခင်ဇာတ်ရုပ်များနှင့်လုံးဝမတူဘဲ ခက်ထန်သည့်ပုံစံမျိုးဖြင့် မြင်ရမည်။ ၎င်းပါဝင်ရသည့်ဇာတ်ရုပ်နှင့်လိုက်အောင် အကြမ်းအရမ်းပုံစံမျိုး ပြောင်းယူထားခြင်းဖြစ်သည်။

၎င်းဇာတ်ကားကို အခြားနာမည်တစ်ခုဖြင့် Negotiation ဟုလည်းခေါ်ပြီး တာလီဘန်အဖွဲ့ပြန်ပေးဆွဲထားသည့် ကိုရီးယားဓားစာခံများကိုကယ်ထုတ်ရန် NIS အေးဂျင့်တစ်ဦးနှင့် သံတမန်တစ်ဦးတို့အကြား ညှိနှိုင်းကြပုံများကို ရိုက်ကူးထားသည်။ ဟွန်ဘင်းက အရှေ့အလယ်ပိုင်းနှင့် အာရှအလယ်ပိုင်းရေးရာကို ကျွမ်းကျင်သည့် NIS အေးဂျင့် နေရာမှ သရုပ်ဆောင်ထားသည်။

The Point Men သည် ဟွန်ဘင်း ဖခင်ဖြစ်လာပြီးနောက်ပိုင်း ပထမဆုံးပိတ်ကားထက်ရောက်ရှိမည့် ဇာတ်ကားလည်းဖြစ်သည်။ ယင်းဇာတ်ကားကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁၈ ရက်တွင် ကိုရီးယားရှိ ရုပ်ရှင်ရုံများ၌ စတင်ပြသမည်ဖြစ်သည်။

Most Read

Most Recent