၂၀၂၂ ခုနှစ်အတွင်း အင်တာနက်တွင် အဖော်ပြခံရဆုံး ကိုရီးယားသရုပ်ဆောင်အဖြစ် ပတ်ခ်အွန်ဘင်းက ဆောင်ဂျွန်ကီကို ကျော်တက်

၂၀၂၂ ခုနှစ်အတွင်း အင်တာနက်တွင် အဖော်ပြခံရဆုံး ကိုရီးယားသရုပ်ဆောင်အဖြစ် ပတ်ခ်အွန်ဘင်းက ဆောင်ဂျွန်ကီကို ကျော်တက်
Published 2 January 2023

Netflix တွင် လူကြိုက်အများဆုံးဇာတ်လမ်းတွဲများထဲ၌ပါဝင်ခဲ့သည့် တောင်ကိုရီးယားရုပ်သံဇာတ်လမ်းတွဲ Extraordianary Attorney Woo ထုတ်လွှင့်ပြသပြီးသည်မှာ ကြာပြီဖြစ်သော်လည်း ယင်းဇာတ်လမ်းတွဲ၏အောင်မြင်မှုအသီးအပွင့်ကို ဇာတ်လိုက်မင်းသမီးပတ်ခ်အွန်ဘင်းက ဆက်လက်ခံစားနေရဆဲဖြစ်သည်။

အင်တာနက်တွင် အဖော်ပြခံရဆုံး သရုပ်ဆောင်များနှင့် ဇာတ်လမ်းတွဲများကို စစ်တမ်းကောက်ယူသည့် RACOI စနစ်၏ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်မှ ဒီဇင်ဘာ ၂၈ ရက်အတွင်း စစ်တမ်းရလဒ်စာရင်းတွင် ပတ်ခ်အွန်ဘင်းက ထိပ်ဆုံးနေရာတွင် ရှိနေခဲ့သည်။

Extraordianary Attorney Woo တွင် ၎င်းက ဆိုးလ်ရှိထိပ်တန်းရှေ့နေကုမ္ပဏီတစ်ခုတွင် အလုပ်ဝင်လုပ်သည့် Autism ဝေဒနာခံစားနေရသော်လည်း တစ်မူထူးသည့်စဉ်းစားဉာဏ်များဖြင့် အမှုများကို ဖြေရှင်းနိုင်သည့် အသက် ၂၇ နှစ်အရွယ် ရှေ့နေပေါက်စအဖြစ် သရုပ်ဆောင်ထားသည်။

စာရင်း၏နံပါတ်လေးနေရာတွင် ရှိနေသူကလည်း Extraordianary Attorney Woo တွင် အွန်ဘင်းနှင့်လိုက်ဖက်ညီခဲ့သည့် မင်းသား ကန်ထယ်အိုဖြစ်သည်။

ကေဒရာမာစတား ဆောင်ဂျွန်ကီကမူ အင်တာနက်ပေါ်ရေပန်းစားမှုတွင် ပတ်ခ်အွန်ဘင်းကိုမယှဉ်နိုင်ခဲ့ဘဲ ဒုတိယနေရာမှာသာရှိခဲ့သည်။ ၎င်းပါဝင်သည့် Reborn Rich ဇာတ်လမ်းတွဲသည် ဇာတ်အိမ်ကောင်းလှသဖြင့် ပရိသတ်အကြိုက်တွေ့ခဲ့ပြီး ဇာတ်လမ်းထဲတွင် ဆောင်ဂျွန်ကီ၏အဘိုးနေရာမှပါဝင်သူ ၀ါရင့်မင်းသားကြီးလီဆွန်မင်သည်လည်း အင်တာနက်ပေါ်အဖော်ပြခံရဆုံး နံပါတ် ၁၀ နေရာတွင် ပါဝင်လာသည်။

စာရင်း၏ နံပါတ်သုံးနေရာတွင် ရပ်တည်နေသူက Twenty-Five Twenty-One ဇာတ်လမ်းတွဲဖြင့် လူကြိုက်များသူ မင်းသမီး ကင်တေးရီဖြစ်သည်။ Big Mouth ဇာတ်လမ်းတွဲ မှ မင်းသားလီဂျွန်ဆော့ (အဆိုတော်အိုင်ယူနှင့်တွဲနေသူ) က နံပါတ်ရှစ်နေရာတွင် ရှိသည်။၂၀၂၂ ခုနှစ်အတွင်း လူကြည့်အများဆုံး ဒရာမာဇာတ်လမ်းတွဲစာရင်းတွင်လည်း Extraordianary Attorney Woo က ထိပ်ဆုံးဖြစ်ပြီး Reborn Rich က ဒုတိယနေရာဖြင့်သာ ကျေနပ်နေရသည်။ 

Most Read

Most Recent