ဘောလိဝုဒ်သရုပ်ဆောင် ဆူရှန့်ဆင်းသေဆုုံးမှုကို ပြန်စစ်ဆေးပေးရန် အစ်မဖြစ်သူက အိန္ဒိယ CBI ကို တောင်းဆို

ဘောလိဝုဒ်သရုပ်ဆောင် ဆူရှန့်ဆင်းသေဆုုံးမှုကို ပြန်စစ်ဆေးပေးရန် အစ်မဖြစ်သူက အိန္ဒိယ CBI ကို တောင်းဆို
Photo – The Indian Express
Photo – The Indian Express
Published 28 December 2022

ဘောလိဝုဒ်ကြယ်ပွင့်စတား ဆူရှန့်ဆင်း သေဆုံးမှုသည် ကိုယ့်ကိုယ့်ကိုယ်အဆုံးစီရင်ခြင်းမဟုတ်ဘဲ အသတ်ခံရမှုဟု ရေခဲတိုက်တွင် အလောင်းစစ်ဆေးစဉ်ရှိနေခဲ့သည့် ဝန်ထမ်းတစ်ဦးက သတင်းလွှင့်အပြီး ထိုအမှုကို ပြန်ဖော်စစ်ဆေးပေးရန် ဆူရှန့်ဆင်း၏အစ်မ ဖြစ်သူက အိန္ဒိယစုံစမ်းစစ်ဆေးရေးအေဂျင်စီ CBI ထံ မေတ္တာရပ်ခံထားသည်။

အသက် ၃၄ နှစ်အရွယ်မင်းသားဆူရှန့် သည် ၂၀၂၀ ခုနှစ်၊ ဇွန်လက ၎င်းင်း၏မွမ်ဘိုင်း တိုက်ခန်းတွင် ဆွဲကြိုးချလျက်သေဆုံးနေခဲ့ပြီး ထိုအမှုကို အာဏာပိုင်များက သတ်သေမှုဟု ကြေညာခဲ့သည်။

သို့သော်မင်းသားသေဆုံးမှုနှင့်ပတ် သက်သည့် နောက်ထပ်အယူအဆများထွက်လာပြီးနောက် ဆူရှန့်၏အစ်မ ရွှေတာဆင်းက အင်စတာဂရမ်တွင် ပို့စ်တင်ကာ CBI အနေဖြင့် ထိုအမှုကို ကြိုးစားဖော်ထုတ်ပေးပြီးအမှန်တရားကို သိခွင့်ပေးရန်တောင်းဆိုကာ အပြီးသတ်စစ်ဆေးချက်မပေါ်သေးသရွေ့ စိတ်ဆင်းရဲနေရသည်ဟု ဆိုထားသည်။

TV 9 Marathi နှင့် အင်တာဗျူးတစ်ခုတွင် ရေခဲတိုက်ဝန်ထမ်း ရူကူမာရှာဆိုသူက “ဆူရှန့်သေပြီးတော့ အလောင်းခွဲစစ်ဆေးဖို့ အလောင်းငါးလောင်း ရောက်လာတယ်။ အရေးကြီးတဲ့အလောင်းပါတယ်လို့လည်းပြောတယ်။ ကျွန်တော် ဆူရှန့်အလောင်းကိုတွေ့တော့ အဲဒါသတ်သေတာမဟုတ်ဘူး၊ လူသတ်မှုထင်တယ်လို့ စီနီယာတွေကိုပြောမိသေးတယ်။ ဒါပေမယ့် မင်းအလုပ်မင်းလုပ်၊ ငါတို့အလုပ် ငါတို့လုပ်မယ်ဆိုပြီး သူတို့ကပြောတယ်။ ကျွန်တော့်အလုပ်က အလောင်းခွဲရ၊ ပြန်ချုပ်ပေးရတာ။ ဆူရှန့်အလောင်းစစ်ဆေးမှုတစ်ခုလုံးကို ဗီဒီယိုရိုက်ထားခဲ့သင့်တာ။ ဒါပေမဲ့ အထက်လူကြီးက ဓာတ်ပုံနဲ့ပဲမှတ်တမ်းတင်မယ်၊ အလောင်းကို အမြန်ဆုံးပြန်ပေးချင်တယ်လို့ပြောတယ်”ဟု ပြောခဲ့သည်။

၎င်းအဆိုအရ အလောင်းတွင် အရိုက်ခံထားရသည့် အရာများရှိပြီး လည်ပင်းနှစ်နေရာသုံးနေရာတွင် ဒဏ်ရာများရှိသည်။ အရိုက်ခံရမှုကြောင့် ခြေလက်များကျိုးနေပုံလည်းရသည်။ အချို့ဒဏ်ရာများက နက်သည်။

ဆူရှန့်သေဆုံးမှုကို ကိုင်တွယ်သည့် CBI က သတ်သေမှုဟုသာ ကောက်ချက်ချပြီး ယခုထိ အပြီးသတ်စစ်ဆေးချက်ကို မထုတ်ပြသေးပေ။ ဆူရှန့်၏အစ်မဖြစ်သူတစ်ဦးကမူ ဘောလိဝုဒ်သည် ဆူရှန့်၏ထူးချွန်မှုကို အသိအမှတ်မပြုပေးခဲ့ဘဲ ဘောလိဝုဒ်၏ မနာလိုမှုကြောင့် ၎င်း၏မောင်သေခဲ့ရသည်ဟု စက်တင်ဘာလက ဖွင့်ထုတ်ပြောခဲ့ဖူးသည်။

Most Read

Most Recent