ဂျိမ်းစ်ဘွန်းဇာတ်ကောင်ကို သရုပ်ဆောင်ရန် အရည်အချင်းရှိပြီး ထိုနေရာကို ကမ်းလှမ်းလာပါက လုံးဝလက်ခံမည်ဟု ကတ်သရင်းဇီတာဂျုံး ဖွင့်ဟ

ဂျိမ်းစ်ဘွန်းဇာတ်ကောင်ကို သရုပ်ဆောင်ရန် အရည်အချင်းရှိပြီး ထိုနေရာကို ကမ်းလှမ်းလာပါက လုံးဝလက်ခံမည်ဟု ကတ်သရင်းဇီတာဂျုံး ဖွင့်ဟ
Published 29 November 2022

သရုပ်ဆောင်ကတ်သရင်းဇီတာဂျုံးက အမျိုးသမီးဂျိမ်းစ်ဘွန်းဇာတ်ကောင်ကို သရုပ်ဆောင်ခွင့်ရရန် စိတ်အားထက်သန်ခဲ့သူဖြစ်ပြီး ထိုနေရာအတွက် ၎င်းတွင် သရုပ်ဆောင်နိုင်သည့်အရည်အချင်းရှိသည်ဟု လတ်တလောအင်တာဗျူးတစ်ခုတွင် ဖွင့်ဟခဲ့သည်။

သို့သော်ဘွန်းရုပ်ရှင်ထုတ်လုပ်သူများက နောက်ရိုက်မည့်ဂျိမ်းစ်ဘွန်းနေရာကို သရုပ်ဆောင်မည့်သူသည် အမျိုးသားဖြစ်သည်ဟု ကြေညာထားပြီးဖြစ်သည့်အတွက် ၎င်းဇာတ်ကောင်နှင့် လွဲသွားပြီဟုလည်း ကတ်သရင်းက ပြောသည်။

အော်စကာဆုရမင်းသမီး ကတ်သရင်းက တယ်လီဂရပ်မဂ္ဂဇင်းနှင့် အင်တာဗျူးတွင် ဖြေကြားခဲ့သည်များဖြစ်ပြီး ၎င်းသည် ပထမဆုံးအမျိုးသမီးဂျိမ်းစ်ဘွန်းဖြစ်နိုင်သည့် အရည်အချင်းများရှိကြောင်း၊ ကလေးဘဝကတည်းက အမျိုးသမီးစပိုင်ဖြစ်လာရန် အိပ်မက်ရှိခဲ့ကြောင်း ဖွင့်ဟခဲ့သည်။

007 နေရာကို ဒန်နီယယ်ခရိတ် နောက်ဆုံးအကြိမ် သရုပ်ဆောင်ထားပြီးနောက် ၎င်းနေရာသည် လစ်လပ်နေဆဲဖြစ်ပြီး အခွင့်အရေးသာပေးလာပါက ကတ်သရင်းက ငြင်းမည်မဟုတ်ပေ။ ဘွန်းရုပ်ရှင်ထုတ်လုပ်သူများက ကမ်းလှမ်းလာပါက မည်သို့တုံ့ပြန်မည်ဆိုသည့်အမေးကို လုံးဝလက်ခံမည်ဟု အသက် ၅၃ နှစ်အရွယ် ကတ်သရင်းက ပြောသည်။

၂၅ ကားမြောက် ဂျိမ်းစ်ဘွန်းစွန့်စားခန်းရုပ်ရှင်ဖြစ်သည့် No Time To Die သည် ဒန်နီယယ်ခရိတ်ကို ဇာတ်လိုက်နေရာမှ မြင်ရသည့် နောက်ဆုံးဇာတ်ကားဖြစ်ပြီး ခရိတ်က Casino Royale (၂၀၀၆)၊ Quantum of Solace (၂၀၀၈)၊ Skyfall (၂၀၁၂) နှင့် Spectre (၂၀၁၅) တို့တွင် ပါဝင်ထားသည်။

ဂျိမ်းစ်ဘွန်းရုပ်ရှင်ကားများသည် ဟောလိဝုဒ်တွင် အအောင်မြင်ဆုံးရုပ်ရှင်များထဲပါဝင်ပြီး Spectre က ကမ္ဘာတစ်ဝန်း box office ဝင်ငွေအမေရိကန်ဒေါ်လာသန်း ၈၈၀ ရခဲ့ကာ Skyfall ရုပ်ရှင်က ဒေါ်လာတစ်ဘီလျံကျော်အထိရခဲ့သည်။

ဘွန်းဇာတ်ကားကို ၁၉၆၂ ခုနှစ်က စတင်ရိုက်ကူးလာခြင်းဖြစ်ပြီး ဘွန်းဇာတ်ကားများကို ၂၀၃၇ ခုနှစ်အထိ ရိုက်ကူးပြသသွားမည်ဟု ကြေညာထားကာ နောက်ရိုက်မည့် ဇာတ်ကားများတွင် ဘွန်းဇာတ်ကောင်ကို အသက် ၇၅ နှစ်အရွယ်အထိ မြင်တွေ့ရမည်ဖြစ်သည်။

Most Read

Most Recent