နယ်စပ်အရေးကြောင့် အီသီယိုးပီးယားနှင့် ဆူဒန် စစ်ခင်းမည်လော

နယ်စပ်အရေးကြောင့် အီသီယိုးပီးယားနှင့် ဆူဒန် စစ်ခင်းမည်လော
Published 15 November 2022
ဇင်မျိုး

တီဂရေးဒေသဆိုင်ရာပြည်နယ်တွင် ပြည်တွင်းစစ် စတင်ခဲ့ပြီးနောက် ရက်သတ္တပတ်ခြောက်ပတ်ခန့်အကြာ ၂၀၂၀ ခုနှစ် ဒီဇင်ဘာ ၂၂ ရက်တွင် အီသီယိုးပီးယားနိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ သံအမတ် ဒီနာမူဖတီက ကြေညာချက်ထုတ်ခဲ့သည်။ အယ်လ်ဖာရှာဂါနယ်မြေအတွက် အချိန်ကြာမြင့်နေပြီဖြစ်သော အငြင်းပွားမှုနှင့် စပ်လျဉ်း၍ တင်းမာမှုကို ဖြေရှင်းရန် အီသီယိုးပီးယားနှင့် ဆူဒန်တို့ သဘောတူခဲ့ကြသည်ဟု အီသီယိုးပီးယားပြည်သူများကိုလည်းကောင်း၊ နိုင်ငံတကာအသိုင်းအဝိုင်းကိုလည်းကောင်း အာမခံကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

တီဂရေးပြည်နယ်၌ ပြည်တွင်းစစ်စတင်ခဲ့ပြီးနောက် အီသီယိုးပီးယားနှင့် ဆူဒန်တို့ တင်းမာမှု ပြန်လည်ပေါ်ပေါက်လာသည်။ ထို့ကြောင့်အီသီယိုးပီးယားသံအမတ်က အထက်ပါထုတ်ပြန်ချက်ကို ထုတ်ပြန်ခြင်းဖြစ်သည်။ အတ်ဘာရာမြစ်အရှေ့ဘက်ကမ်းနှင့် တီရီဇီမြစ်၏ တောင်ဘက်ကမ်းတို့ကို ဆက်သွယ်ထားသော အီသီယိုးပီးယားနှင့် ဆူဒန်တို့၏ ဘုံနယ်စပ်နှင့် ထိစပ်နေသော နယ်မြေဖြစ်သည့် အယ်လ်ဖာရှာဂါနယ်စပ်ဒေသနှင့် ယင်းအနီးဝန်းကျင်တွင် ဆူဒန်က ၎င်း၏တပ်များကို ချထားရန်ဆုံးဖြတ်လိုက်ပြီးနောက် အီသီယိုးပီးယားသံတမန်၏ ထုတ်ပြန်ချက်ထွက် ပေါ်လာခြင်းဖြစ်သည်။ အယ်လ်ဖာရှာဂါနယ်စပ်ဒေသသည် စတုရန်းကီလိုမီတာ ၂၆၀ ခန့်ကျယ်ဝန်းကာ စိမ်းလန်းစိုပြည်၍ မြေဆီသြဇာကောင်းသော နယ်မြေဖြစ်သည်။ အီသီယိုးပီးယားပြည်သူများက အဆိုပါနယ်မြေကို မာဇီဂါဟုခေါ်သည်။ မာဇီဂါသည် တီဂရေးစစ်ဖြစ်ပွားချိန်အထိ အမ်ဟာရာဒေသဆိုင်ရာပြည်နယ်၏ အုပ်ချုပ်မှုအောက်တွင်ရှိသည်။

အီသီယိုးပီးယား၏ ရန်သူများက ပြဿနာကို အရှိန်မြင့်တက်လာအောင် ကြိုးစားနေကြသည်ဟု ထုတ်ပြန်ချက်တွင် အီသီယိုးပီးယားသံအမတ်က အပြစ်တင်ထားသည်ဆိုသော်လည်း ထိုရန်သူများသည် ကျရှုံးသွားကြောင်း၊ အီသီယိုးပီးယားနှင့် ဆူဒန်တို့သည် ပြဿနာများကို ငြိမ်းချမ်းစွာဖြေရှင်းကြမည်ဟု ဖော်ပြခဲ့သည်။ သို့ပါသော်လည်း ထိုအာမခံချက်ပေးပြီးနောက် တစ်နှစ်အကြာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁၉ ရက်တွင် အီသီယိုးပီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက ပြင်းထန်သည့် အသုံးအနှုန်းများပါသော ထုတ်ပြန်ချက်ကို ထုတ်ပြန်သည်။ အီသီယိုးပီးယားနှင့် ဆူဒန်တို့၏ နယ်စပ်ပြဿနာကို ဆူဒန်အစိုးရ၏ တင်းမာမှုမြင့်တက်စေသော၊ ကျူးကျော်ရန်စသော အပြုအမူအား အပြင်းထန်ဆုံးဝေါဟာရများဖြင့် အီသီယိုးပီးယားနိုင်ငံက ရှုတ်ချသည်ဟု ဖော်ပြထားသည်။

ယခုအခါ ငြိမ်းချမ်းစွာ ဖြေရှင်းရေးဆိုသည်မှာ အလှမ်းဝေးနေသည့်အနေအထားဖြစ်နေသည်။ အီသီယိုးပီးယားက ဆူဒန်ကို စွပ်စွဲပြောဆိုမှုများ ပြန်လည်လုပ်ဆောင်လျက်ရှိသည်။ ဆူဒန်သည် အီသီယိုးပီးယားနိုင်ငံကို ကျူးကျော်သည်ဟု ပြောဆိုလျက်ရှိသည်။ အီသီယိုးပီးယားနိုင်ငံခြားရေးဝန်ကြီးဌာန၏ အစီရင်ခံစာကို လွှတ်တော်တွင် ဖတ်ကြားရာ၌ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ် ဒုတိယဝန်ကြီးချုပ်လည်း ဖြစ်သော ဒီမီကီမီကွန်နန်က “ဆူဒန်စစ်ပွဲနှင့် ဆက်နွှယ်ပြီး ကျွန်တော်တို့ရဲ့မျက်နှာစာကို (အီသီယိုးပီးယား) မြောက်ပိုင်းဒေသကို ပြောင်းလိုက်တဲ့အခါ ရေရှည်တည်တံ့တဲ့အဖြေမရမချင်း ကျွန်တော်တို့လေးစားတဲ့ ကျွန်တော်တို့လိုက်နာတဲ့ ပိုနေမြဲ ကျားနေမြဲအနေအထားကို ဆူဒန်က ချိုးဖောက်ပြီး အီသီယိုးပီးယားကို ကျူးကျော်ခဲ့ပါတယ်” ဟု အီသီယိုးပီးယားလွှတ်တော်အမတ်များကို ပြောကြားခဲ့သည်။

ယင်းသည် အီသီယိုးပီးယားပြည်သူများကို အဓိကဒေါသထွက်စေကြောင်း၊ နယ်ခံများကို ထိခိုက်စေပြီး လူအများအပြား အိုးအိမ်စွန့်ခွာရသည့်အနေအထားကို ဖြစ်စေကြောင်း၊ ချမ်းသာကြွယ်ဝမှုနှင့် ပိုင်ဆိုင်မှုများကို ပျက်စီးစေကြောင်း ဒီမီကီက ပြောကြားခဲ့သည်။ ကျူးကျော်မှုသည် ဖိအားအများအပြားကို ပေါ်ပေါက်စေသည်ဟု ၎င်းက ပြောကြားခဲ့သည်။ “အဲ့ဒီနယ်မြေကို ကျူးကျော်ရုံသာမက အမျိုးမျိုးသော အခြေခံအဆောက်အအုံတွေဟာ ပထဝီနဲ့ လူဦးရေကို ပြောင်းလဲစေပါတယ်။ ဒါဟာ လက်မခံနိုင်စရာပါ။ ဒီကိစ္စကို သူတို့ထံအကြောင်းကြားထားပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

၂၀၂၀ ခုနှစ် ဒီဇင်ဘာနှင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလအတွင်း တပ်ဖွဲ့များကို နယ်စပ်ဒေသမှ ရုပ်သိမ်းပေးရေးအတွက် အီသီယိုးပီးယားအစိုးရက ဆူဒန်အာဏာပိုင်များကို အကြိမ်ကြိမ် မေတ္တာရပ်ခံခဲ့သော်လည်း အကျိုးရလဒ်ထွက်ပေါ်လာခြင်း မရှိပေ။ ဆူဒန်စစ်တပ်သည် ယင်းဒေသရှိ အီသီယိုးပီးယားအုပ်ချုပ်ရေးဌာနများကို ဖျက်ဆီးခြင်း၊ စစ်စခန်းများကို သိမ်းယူခြင်း၊ ဒေသခံများကို သတ်ဖြတ်ခြင်း၊ နယ်ခံများ အိုးအိမ်စွန့်ခွာထွက်ပြေးရခြင်း၊ ကောက်ပဲသီးနှံများ ဖျက်ဆီးခြင်းတို့ကို လုပ်ဆောင်ခဲ့ကြသည်ဟု အမ်ဟာရာပြည်နယ်အာဏာပိုင်များက ပြောကြားခဲ့ကြသည်။ ဆူဒန်သည် အင်အားအသုံးပြုခြင်းဖြင့် နိုင်ငံတကာဥပဒေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေသည့်အပြင် နယ်နိမိတ်ပြန်လည်သတ်မှတ်ရေး သဘောတူစာချုပ်များကိုပါ ချိုးဖောက်သည်ဟု အီသီယိုးပီးယားက ပြောကြားသည်။

အီသီယိုးပီးယားနှင့် ဆူဒန်တို့၏အယ်လ်ဖာရှာဂါနယ်မြေအငြင်းပွားမှုသည် ဒုတိယမြောက်ဧကရာဇ်မီနီလစ်နှင့် ဆူဒန်ရှိ ဗြိတိသျှကိုလိုနီအာဏာပိုင်များ၏ ၁၉၀၂  သဘောတူစာချုပ်မှ အစပြုခြင်းဖြစ်သည်။ အဆိုပါ သဘောတူစာချုပ်ကို ကျယ်ပြန့်သော ဝေါဟာရများဖြင့် အဓိပ္ပာယ်ဖွင့်ဆိုထားပြီး သဘောတူညီချက်ကို ဗြိတိသျှတို့က ဖြစ်ကတတ်ဆန်းပုံစံဖြင့် ရေးဆွဲခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ယင်းသဘောတူစာချုပ်သည် ပြင်းထန်သောအပြင်းပွားမှုကို ပေါ်ပေါက်စေခဲ့သည်။ အယ်လ်ဖာရှာဂါသည် ဆူဒန်နှင့် အီသီယိုးပီးယားတို့၏ နယ်စပ်အသေးစိတ်မျဉ်း၏ အနောက်ဘက် ၄၀ မှ ၅၀ ကီလိုမီတာအထိ ကျယ်ပြန့်သည်ဟု အီသီယိုးပီးယားဘက်က ပြောကြားထားပြီး ဆူဒန်ကမူ သဘောတူစာချုပ်ပါ မြေပုံကို မိမိပုံစံဖြင့်ရေးဆွဲ၍ အယ်လ်ဖာရှာဂါသည် မိမိတို့ဂျီဒါရက်ပြည်နယ်၏ အစိတ်အပိုင်းဖြစ်သည်ဟု ပြောသည်။

၁၉၇၂ ခုနှစ်တွင် အီသီယိုးပီးယား ဧကရာဇ်ဟိုင်းဆယ်လက်ဆီသည် နိုင်ငံ၏မြောက်-တောင်ပဋိပက္ခကို ဖြေရှင်းရန် ရည်ရွယ်ချက်ဖြင့် ဆူဒန်ကို သွားသည်။ ၎င်း၏အလည်အပတ်ခရီးစဉ်အပြီးတွင် နှစ်နိုင်ငံသည် မိမိတို့၏ နယ်စပ်ပြဿနာများနှင့် သက်ဆိုင်သည့် ရှင်းလင်းချက်များကို ဖလှယ်ခဲ့ကြသည်။ အီသီယိုးပီးယား၏ ၁၉၇၄ တော်လှန်ရေးပေါ်ပေါက်ပြီးနောက် ယင်းကြိုးပမ်းအားထုတ်မှုများ၏ အလားအလာကောင်းမှုကို အလျဉ်ပြတ်သွားစေသည်။

ထို့နောက်ပိုင်းကတည်းက အီသီယိုးပီးယားမှာ Derg စစ်အစိုးရလက်ထက်နယ်မြေနှင့်ပတ်သက်၍ ၂၀၀၅ ခုနှစ်တွင် နှစ်နိုင်ငံအပြန်အလှန်လက်ခံနိုင်သောသဘောတူညီချက်မရမီ နှစ်နိုင်ငံသည် ၃၃နှစ်ဆက်တိုက် အလွန်ရန်လိုသော ဆက်ဆံရေးရှိထားသည်။

၂၀၀၈ ခုနှစ်တွင် အီသီယိုးပီးယားနှင့် ဆူဒန်တို့သည် သမ္မတအိုမာအယ်လ်ဘာရှာနှင့် ဝန်ကြီးချုပ် မီလက်ဇီနာဝီတို့၏ ဦးဆောင်မှုဖြင့် အယ်လ်ဖာရှာဂါဒေသအတွက် အပြီးသတ်နယ်နိမိတ်သတ်မှတ်ခြင်းမပြုမီ နှစ်နိုင်ငံပြည်သူများက ယင်းနယ်မြေတွင် မြေကို ထွန်ယက်စိုက်ပျိုးနိုင်ရန် သဘောတူညီခဲ့ကြသည်။ သို့ရာတွင် သဘောတူညီချက်ကို တရားဝင်အားဖြင့် ဘယ်တော့မှ လက်မှတ်ရေးထိုးခဲ့ကြခြင်းမရှိပေ။ နိုင်ငံစလုံးတွင် နိုင်ငံရေးမတည်ငြိမ်မှုများ ဖြစ်ပေါ်ခြင်း၊ အစိုးရအဖွဲ့အပြောင်းအလဲများဖြစ်ပေါ်ခြင်းတို့က အယ်လ်ဖာရှာဂါ နယ်မြေအငြင်းပွားမှုကို မူလအနေအထားသို့ ပြန်ရောက်စေခဲ့သည်။ ပဋိပက္ခများ ပြန်လည်ပေါ်ပေါက်လျက်ရှိသည်။ အဓိကအားဖြင့် ရှင်းလင်းပြတ်သားသည့် နယ်နိမိတ်မျဉ်းမရှိ ခြင်းနှင့်နယ်စပ်ဒေသရွှေ့ပြောင်းနေထိုင်မှု သဘောသဘာဝ (Nature of Border Mobility) တို့ကြောင့် နှစ်နိုင်ငံ ကာလရှည်သဘော ထားမတိုက်ဆိုင်မှုနှင့် တိုက်ခိုက်မှုများကို အထူးသဖြင့် လယ်သမားများခံစားခဲ့ကြရသည်။

တီဂရေးပြည်နယ်တွင် စစ်ပွဲဖြစ်ပွားပြီး မကြာမီအယ်လ်ဖာရှာဂါနယ်စပ်ဒေသတွင် မတည်မငြိမ်ဖြစ်လာခဲ့သည်။ အီသီယိုးပီးယားအစိုးရသည် တီဂရေးကို မထိန်းချုပ်နိုင်ဖြစ်နေသည်။ တီဂရေးတိုက်ခိုက်ရေးသမားများ ဆူဒန်ထဲ စိမ့်ဝင်မှုကို တားဆီးပေးရန် နယ်စပ်များကို ပိတ်ထားပေးရေးအတွက် အီသီယိုးပီးယားက ဆူဒန် အာဏာပိုင်များကို မေတ္တာရပ်ခံထားသည်။ သို့ရာတွင် ဆူဒန်ဘက်က တီဂရေးစစ်ပွဲအစကတည်းက အီသီယိုးပီးယားနယ်စပ်သို့ စစ်သား ၆၀၀၀ ကျော်ပို့လိုက်သည်။ ၂၀၂၀ နိုဝင်ဘာ ၁ ရက်တွင် ရရှိခဲ့သည့် သဘောတူညီချက် တစ်စိတ်တစ်ပိုင်းအဖြစ် အီသီယိုးပီးယားနယ်စပ်သို့ စစ်သားများ ပို့လိုက်ခြင်းဖြစ်သည်ဟု ဆူဒန်က အကြောင်းပြသည်။

လက်ရှိတွင် အီသီယိုးပီးယားအစိုးရက နယ်စပ်တင်းမာမှုအတွက် ဆူဒန်ကို စွပ်စွဲပြောကြားလျက်ရှိသည်။ အီသီယိုးပီးယားသည် တီဂရေးပြည်နယ်တွင် တီဂရေးတိုက်ခိုက်ရေးသမားများနှင့် စစ်ဖြစ်နေချိန် ဆူဒန်ကပါ  စစ်တပ်စေလွှတ်ထားသည့်အနေအထားကြောင့် အီသီယိုးပီးယားသည် ဘေးကျပ်နံကျပ်ဖြစ်နေသည်။ ယင်းသို့သော အနေအထားတွင် အယ်လ်ဖာရှာဂါနယ်စပ်အရေးကို အကြောင်းပြု၍ အီသီယိုးပီးယားနှင့် ဆူဒန်စစ်မက်ဖြစ်ပွားနိုင်သည်ဟု သုံးသပ်မှုများရှိနေသည်။

Ref:AS

Most Read

Most Recent