တရုတ်၊ ရုရှားနှင့် ပြည်တွင်းလိုအပ်ချက်များကို ကိုင်တွယ်ဖြေရှင်းရန် ဘိုင်ဒင်၏ ကမ္ဘာလုံးဆိုင်ရာမဟာဗျူဟာ

တရုတ်၊ ရုရှားနှင့် ပြည်တွင်းလိုအပ်ချက်များကို ကိုင်တွယ်ဖြေရှင်းရန် ဘိုင်ဒင်၏ ကမ္ဘာလုံးဆိုင်ရာမဟာဗျူဟာ
 အောက်တိုဘာ ၇ ရက်က ဟေဂါစတောင်းရှိ Volvo Group Powertrain Operations တွင် သမ္မတ ဘိုင်ဒင် မိန့်ခွန်းပြောနေစဉ် (Photo:AP)
အောက်တိုဘာ ၇ ရက်က ဟေဂါစတောင်းရှိ Volvo Group Powertrain Operations တွင် သမ္မတ ဘိုင်ဒင် မိန့်ခွန်းပြောနေစဉ် (Photo:AP)
Published 15 October 2022
နရီမင်း

အိမ်ဖြူတော်သည် ရှေ့လာမည့် အရေးပါသောဆယ်စုနှစ်အတွင်း အမေရိကန်အနေဖြင့် ပြိုင်ဆိုင်နိုင်မှုရှိရေးအား အထောက်အကူပြုရန်မှာ အဓိကသော့ချက်ဖြစ်ကြောင်း အလေးပေးပြောကြားခဲ့သည့်တိုင် သြဇာအာဏာမြင့်တက်လာသော တရုတ်နှင့် မိမိကိုယ်ကိုယ်ပို၍ ယုံကြည်မှုလွန် ကဲလာသော  ရုရှားတို့ကို ထိန်းညှိရန် ရည်ရွယ်သည့် အမျိုးသားလုံခြုံရေးမဟာဗျူဟာ ကို အောက်တိုဘာ ၁၂ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ဥပဒေပြုပေးရန် လိုအပ်သော အထောက်အထားစာရွက်စာတမ်းဖြစ်သည့် အစိုးရအဖွဲ့၏ ပထမဆုံးသော အမျိုးသားလုံခြုံရေးမဟာဗျူဟာက လူလတ်တန်းစား အမေရိကန်များနှင့် ကမ္ဘာလုံးဆိုင်ရာ မဟာမိတ်များ၏ အကျိုးစီးပွားတို့ကို ချိန်ညှိထားသည့် နိုင်ငံခြားရေးမူဝါဒတစ်ရပ်အတွက် လိုအပ်ချက်ကို အလေးပေးဖော်ပြခဲ့သည်။

“အမေရိကန်ပြည်ထောင်စုအနေနဲ့ ပြည်ပမှာအောင်မြင်ဖို့ဆိုရင် ကျွန်တော် တို့ရဲ့ဆန်းသစ်မွမ်းမံမှုနဲ့ စက်မှုစွမ်းအားအတွက် ရင်းနှီးမြှုပ်နှံပြီး ပြည်တွင်းမှာ ဖိအားဒဏ်ကိုခံနိုင်ရည်ရှိအောင် တည်ဆောက်ရ မယ်လို့နားလည်ပါတယ်”ဟု မဟာဗျူဟာက ဖော်ပြသည်။ “အဲ့ဒီလိုပဲ ပြည်တွင်းမှာမျှဝေ ခံစားနိုင်တဲ့ ချမ်းသာကြွယ်ဝမှုကို မြှင့်တင်ဖို့ နဲ့ အမေရိကန်နိုင်ငံသားအားလုံးရဲ့ အခွင့်အရေးတွေကို ထိန်းသိမ်းဖို့ ကျွန်တော်တို့ရဲ့ အကျိုးစီးပွားတွေ၊ တန်ဖိုးထားမှုတွေနဲ့အညီ နိုင်ငံတကာအခင်းအကျင်းကို လိုအပ်သလို ဖန်တီးပုံဖော်ရမှာဖြစ်ပါတယ်”ဟုလည်း ဆိုထားသည်။

သမ္မတဂျိုးဘိုင်ဒင်သည် ရာစုနှစ်တစ်ခုအတွင်း အဆိုးရွားဆုံး ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါဖြစ်ပွားမှုများအကြား လွန်ခဲ့သော ၂၁ လ သူအာဏာရလာချိန်ကထက် ပိုမိုရှုပ်ထွေးသော ကမ္ဘာကြီးကို ရင်ဆိုင်ရသည့်အတွက် မဟာဗျူဟာကို ပိုမိုကျယ်ပြန့်စွာ ရေးဆွဲထားခြင်းဖြစ်သည်။ တစ်ချိန်တည်းမှာပင် အိမ်ဖြူတော်က ”မူဝါဒချမှတ်သူများသည် ယှဉ်ပြိုင်မှုမှန်ဘီလူးသက်သက် ဖြင့်သာ ကမ္ဘာကြီးကို ရှုမြင်ရေးတိမ်းညွတ်မှုကို ရှောင်ရှားပြီး နိုင်ငံများကို ‘ရှဥ့်လည်း လျှောက်သာ၊ ပျားလည်း စွဲသာ’ဖြစ်အောင် ဆက်ဆံရမည်”ဟု ပြောကြားခဲ့သည်။

စီးပွားရေးနှင့် စစ်ရေးပြိုင်ဘက်အဖြစ် မြင့်တက်လာသော တရုတ်ကို ပိုမိုအာရုံစိုက်ရေး အဓိကထားသည့်၊ ထရန့်အစိုးရလက်ထက်တွင် ကတောက်ကဆဖြစ်ခဲ့သော မဟာမိတ်များကို ပြန်လည်အားဖြည့်ပြီး လူ့အခွင့်အရေးကို ကာကွယ်သည့်၊  အမေရိကန်၏ အကျိုးစီးပွားကို တစ်ချိန်လုံးရှာဖွေသည့် “လူလတ်တန်းစားများအတွက် နိုင်ငံခြားရေးမူဝါဒတစ်ရပ်”ကို ကြွေးကြော်လျက် ဘိုင်ဒင် အာဏာရလာခြင်းဖြစ်သည်။

ဘိုင်ဒင်၏ နိုင်ငံခြားရေးမူဝါဒ မျှော်မှန်းချက်တွင် အမေရိကန်၏ အကျိုးစီးပွားအပေါ် အဓိကထားဆဲဖြစ်ကြောင်း အစိုးရအဖွဲ့ တာဝန်ရှိသူများက ပြောကြားခဲ့သည်။ သို့သော် မဟာဗျူဟာသစ်စာတမ်းတွင် ရာသီဥတုပြောင်းလဲမှု၊ စားနပ်ရိက္ခာမလုံခြုံမှု၊ ကူးစက်နိုင်သောရောဂါများနှင့် ငွေကြေးဖောင်းပွမှုတို့အပါအဝင် မျှဝေခံစားရသည့် ကမ္ဘာကြီး ရင်ဆိုင်ကြုံတွေ့နေရသော စိန်ခေါ်မှုများ ကျန်ရှိနေသေးသည့် အကျပ်အ တည်းများစာရင်းရှည်ကြီးကိုလည်း ထင်ဟပ်ထားသည်။

“ကျွန်တော်တို့ဟာ အဆုံးအဖြတ်ပေးမယ့် ဆယ်စုနှစ်တစ်ခုရဲ့ အစောပိုင်းနှစ်တွေထဲ ရောက်နေပါပြီ”ဟု အိမ်ဖြူတော် အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ဆူလီဗန်က မူဝါဒထုတ်ပြန်မှုကို မီးမောင်းထိုးပြရန်အတွက် ဂျော့တောင်းတက္ကသိုလ်တွင် မိန့်ခွန်းပြောရာ၌ ထည့်သွင်းပြောကြားခဲ့သည်။ 

“တရုတ်ပြည်သူ့သမ္မတနိုင်ငံနဲ့ ကျွန်တော်တို့ရဲ့ ပြိုင်ဆိုင်မှုဆိုင်ရာ အချက်အလက်တွေကို သတ်မှတ်သွားမှာ ဖြစ်ပါတယ်။ ရာသီဥတုပြောင်းလဲမှုလို မျှဝေခံစားရတဲ့ စိန်ခေါ်မှုတွေကို ကိုင်တွယ်ဖို့ အခွင့်အလမ်း ပြတင်းပေါက်ဟာ အဲဒီစိန်ခေါ်မှုတွေရဲ့ ပြင်းထန်မှု ကြီးထွားလာတာနဲ့အမျှ သိသိသာသာ ကျဉ်းမြောင်းလာပါလိမ့်မယ်။ ဒါကြောင့် ကျွန်တော်တို့ရဲ့ အချိန်အခိုက်အတန့်ကို အမိအရ ဆုပ်ကိုင်ထားဖို့လိုပါတယ်။”ဟု လည်း ၎င်းက ဆိုသည်။

တရုတ်နှင့် ထိထိရောက်ရောက် ယှဉ်ပြိုင်ရန် လိုအပ်မှုကို မူဝါဒစာတမ်းတွင် အ ထူးပြုဖော်ပြထားသည်။ အန္တရာယ်ရှိသော ရုရှားကို ဘောင်ခတ်ကန့်သတ်ထားစဉ်အတွင်း တရုတ်သည် နိုင်ငံတကာအခင်းအကျင်းကို ပြန်လည်ပုံသွင်းရန် ရည်ရွယ်ချက်ရော မြင့်တက်လာသော လုပ်နိုင်စွမ်းပါ ရှိနေသည့် တစ်ဦးတည်းသော ပြိုင်ဘက်ဖြစ်သည် ဟု ဆိုထားသည်။

ဘိုင်ဒင်သည် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးကို ထိခိုက်ပျက်စီးစေသည့် ယူကရိန်း-ရုရှားစစ်ပွဲကို ရှစ်လနီးပါးကြာ ကိုင်တွယ်ဖြေရှင်းနေရပြီး ကိုယ်ပိုင်အုပ်ချုပ်ရေးရှိသည့် ထိုင်ဝမ်ကျွန်းအပေါ် တရုတ်က ၎င်းတို့ပိုင်နက်အဖြစ် အခိုင်အမာပြုရန်တိုး၍ လုပ်ဆောင်မှု၊ အီရန်နှင့် မြောက်ကိုရီးယားတွင် နျူကလီးယားဆိုင်ရာ စိုးရိမ်မှုများတိုးမြင့်လာမှုနှင့် ရေနံကြွယ်ဝသော ဆော်ဒီအာရေဗျနိုင်ငံနှင့်  ဆက်ဆံရေး တင်းမာလာမှုတို့ကိုလည်း ကိုင်တွယ်ဖြေရှင်းနေရသည်။

“ကမ္ဘာတစ်ဝန်းမှာ အမေရိကန်ရဲ့ ခေါင်းဆောင်မလိုအပ်ခြင်းဟာ အရင်ကလိုပဲ ကြီးမားပါတယ်။ ကျွန်တော်တို့ဟာ နိုင်ငံတကာ အခင်းအကျင်းရဲ့ အနာဂတ်ကို ပုံသွင်းဖို့အတွက် မဟာဗျူဟာမြောက် ပြိုင်ဆိုင်မှုတစ်ရပ်ရဲ့ အလယ်ဗဟိုမှာရှိနေပါတယ်”ဟု ဘိုင်ဒင်က မူဝါဒစာတမ်းမိတ်ဆက်တွင် ပြောကြားထားသည်။ “တစ်ချိန်တည်းမှာပဲ၊ နေရာတိုင်းက လူတွေအပေါ် သက်ရောက်မှုရှိတဲ့ မျှဝေခံစားရမယ့် စိန်ခေါ်မှုတွေက ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်ဖို့နဲ့ ပိုမိုခက်ခဲလာချိန်မှာ နိုင်ငံတွေအနေနဲ့ သူတို့ရဲ့တာဝန်ယူမှုတွေကို တိုးမြှင့်ကြဖို့ တောင်းဆိုနေပါတယ်။”ဟုလည်း ဆိုသည်။

ယူကရိန်းအကျပ်အတည်းက မူဝါဒစာတမ်း ထုတ်ပြန်မှုကို နှောင့်နှေးစေခဲ့သော်လည်း ဘိုင်ဒင်၏ မဟာဗျူဟာအပေါ် ချဉ်းကပ်မှုအား “အခြေခံအရ ပြောင်းလဲသွားစေခြင်း”မရှိခဲ့ကြောင်း မိန့်ခွန်းမစတင်မီ ဆူလီဗန်က သတင်းထောက်များအား  မှတ်ချက်ပေးခဲ့သည်။ အစိုးရအဖွဲ့က အဆိုပါမဟာဗျူဟာကို ဖေဖော်ဝါရီလတွင် ထုတ်ပြန်ရန်ကနဦးက စီစဉ်ထားခဲ့ခြင်းဖြစ်သည်။

ရေနံအကြောင်းအရာနှင့်ပတ်သက်၍ ဆော်ဒီအာရေဗျက ရေနံထုတ်လုပ်မှုကို လျှော့ချမည်ဟူသော လွန်ခဲ့သည့် သီတင်းပတ်က ဆော်ဒီ ဦးဆောင်သည့် OPEC+ မဟာမိတ်အဖွဲ့၏ ကြေညာချက်ကို တုံ့ပြန်သည့်အနေဖြင့် အစိုးရအဖွဲ့က “ဆော်ဒီအာရေဗျကို တုံ့ပြန်မည်”ဖြစ်ကြောင်း အောက်တိုဘာ ၁၂ ရက်တွင် ပြောကြားခဲ့သည်။ ဆော်ဒီသည် အဆိုပါလှုပ်ရှားမှုအတွက် “အကျိုးဆက်များ”ကို ကြုံတွေ့ရမည်ဖြစ်ကြောင်း မတိုင်မီတစ်ရက်တွင် ၎င်းက ပြောကြားခဲ့ပြီးနောက် သမ္မတ၏ မှတ်ချက်များ ထွက်ပေါ်လာခြင်းဖြစ်သည်။

ရေနံထုတ်လုပ်မှုကို လျှော့ချမည်ဆို ခြင်းနှင့်ပတ်သက်၍ ဒီမိုကရက်တစ်ဥပဒေပြုအမတ်များက ဆော်ဒီတို့ထံ အမေရိကန်၏ စစ်ဘက်ဆိုင်ရာ ရောင်းချမှုကို ရပ်တန့်မည့် ဥပဒေအား တွန်းအားပေးလျက်ရှိသည်။ ဆော်ဒီက ရေနံထုတ်လုပ်မှုကို လျှော့ချခြင်းသည် နောက်ထပ် OPEC+ အဖွဲ့ဝင်ဖြစ်သော ရုရှားအား ယူကရိန်းတွင် စစ်ပွဲဆင်နွှဲနေချိန်၌ ဘဏ္ဍာရေးအခုအခံအတွက် အ ထောက်အကူပြုလိမ့်မည်ဟု အိမ်ဖြူတော်အရာရှိများက ပြောကြားခဲ့သည်။

ဆော်ဒီနိုင်ငံခြားရေးဝန်ကြီးဌာန၏ အောက်တိုဘာ ၁၂ ရက်ညက ထုတ်ပြန်ချက်တစ်ရပ်တွင် OPEC+ ၏ ဆုံးဖြတ်ချက်သည် စီးပွားရေးကိစ္စသက်သက်သာဖြစ်ကြောင်း နှင့် ယူကရိန်းအကျပ်အတည်းနှင့် စပ်လျဉ်းသော ဆော်ဒီနိုင်ငံ၏ ရပ်တည်ချက်နှင့် ပတ်သက်၍ အချက်အလက်များကို ပုံဖျက်ရန် ကြိုးပမ်းခံရမှုမှန်သမျှမှာ ကံမကောင်းအကြောင်းမလှမှုသာဖြစ်ကြောင်း အခိုင်အမာ ပြောကြားခဲ့သည်။

“နိုင်ငံတော်သည် အမေရိကန်ပြည်ထောင်စုနှင့် ၎င်း၏ဆက်ဆံရေးကို နှစ်နိုင်ငံစလုံး၏ ဘုံအကျိုးစီးပွားကို ဖော်ဆောင်ပေးသည့် မဟာဗျူဟာမြောက်တစ်ရပ်အဖြစ် ရှုမြင်ထားသည်ဟု အခိုင်အမာယူဆကြောင်း” ဝန်ကြီးဌာနက ထည့်သွင်းပြောကြားခဲ့သည်။

ဘိုင်ဒင်သည် အလားအလာရှိသော လုပ်ဆောင်ချက်များကို စတင်သုံးသပ်နေပြီဖြစ်ပြီး ဆော်ဒီအား လက်နက်ရောင်းချမှုရပ်ဆိုင်းရန် တောင်းဆိုမှုကိုလည်း ထည့်သွင်းစဉ်းစားမည်ဖြစ်သည်။ သို့သော် လက်နက်ရောင်းချမှုနှင့်ပတ်သက်သော ဆုံးဖြတ်ချက်ကို မကြာမီအချိန်အတွင်း ချမှတ်လိမ့် မည်မဟုတ်ကြောင်း ဆူလီဗန်က ပြောကြားခဲ့သည်။                                              Ref:AP

Most Read

Most Recent