မြန်မာနိုင်ငံမှာ စစ်ဘေးရှောင်ဒုက္ခသည် ဘယ်လောက်ရှိလာပြီလဲ

မြန်မာနိုင်ငံမှာ စစ်ဘေးရှောင်ဒုက္ခသည် ဘယ်လောက်ရှိလာပြီလဲ
လဲချား စစ်ဘေးရှောင်များအား ကူညီရေးပစ္စည်းများ လှူဒါန်းပေးနေစဉ်  (Photo : Sai Pi Pi)
လဲချား စစ်ဘေးရှောင်များအား ကူညီရေးပစ္စည်းများ လှူဒါန်းပေးနေစဉ်  (Photo : Sai Pi Pi)
Published 2 October 2022

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် နိုင်ငံရေးအပြောင်းအလဲဖြစ်ပြီး နောက်ပိုင်း မြန်မာနိုင်ငံတစ်ဝန်းမှာ လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပွားလာတဲ့အတွက် စစ်ဘေးရှောင်ဦးရေဟာ နေ့စဉ်နဲ့အမျှ မြင့်တက်လို့လာနေပါတယ်။

အဓိကçကတော့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမတိုင်မီ တိုက်ပွဲမဖြစ်ပွားဖူးတဲ့ တိုင်းနဲ့ ပြည်နယ်တွေမှာပါ တိုက်ပွဲတွေ ဖြစ်ပွားလာတာကြောင့် မြန်မာနိုင်ငံမှာ စစ်ဘေးရှောင်ဦးရေဟာ အခုလို မြင့်တက်လာတာပါ။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်း မြန်မာနိုင်ငံရဲ့ အနောက်မြောက်ပိုင်းနဲ့ အရှေ့တောင်ပိုင်းတွေမှာ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေ၊ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲတွေ ပိုမိုပြင်းထန်လာတာကြောင့်လည်း နေရပ်စွန့်ခွာသူဦးရေဟာ မြင့်တက်လာတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံ အနောက်မြောက်ပိုင်းက ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးနဲ့ မကွေးတိုင်းဒေသကြီးထဲမှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေဆဲ ဖြစ်တယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး(OCHA MYANMAR)က ဆိုပါတယ်။

ဒီလို တိုက်ပွဲတွေ ပြင်းထန်လာတဲ့အတွက်ကြောင့်လည်း ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းတွေမှာ ပြည်တွင်းနေရပ်စွန့်ခွာရသူ ဦးရေဟာ သိသိသာသာ မြင့်တက်လာခဲ့တယ်လို့ OCHA MYANMAR က ထုတ်ပြန်ပါတယ်။

အလားတူ မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းမှာလည်း တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ များနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအကြား တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေတယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး(OCHA MYANMAR)က ဆိုပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီကတည်းက ဖြစ်ပွားခဲ့တဲ့ လက်နက်ကိုင် ပဋိပက္ခနဲ့ လုံခြုံဘေးကင်းမှုမရှိတဲ့ အခြေအနေတွေကြောင့် မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းက ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ် တောင်ပိုင်း၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီးနဲ့ ပဲခူးတိုင်းဒေသကြီးတွေမှာ စစ်ဘေးရှောင်ဦးရေဟာ တရိပ်ရိပ်မြင့်တက်လာတယ်လို့ OCHA MYANMAR က ထုတ်ပြန်ပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီနောက်ပိုင်း တိုက်ပွဲ ၆၆၀၀ ကျော်ဖြစ်ပွား

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ နောက်ပိုင်းမှာ မြန်မာနိုင်ငံတစ်ဝန်း တိုက်ပွဲ ၆၆၀၀ ကျော်ဖြစ်ပွားခဲ့တယ်လို့ လက်နက်ကိုင်ပဋိပက္ခ လေ့လာစောင့်ကြည့်ရေးအဖွဲ့တွေက ထုတ်ပြန်ပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၂ ခုနှစ် ဇူလိုင် ၃၁ ရက်အထိ မြန်မာနိုင်ငံတစ်ဝန်းမှာ လက်နက်ကိုင်ပဋိပက္ခ ၆၆၀၀ ကျော် ဖြစ်ပွားခဲ့တာဖြစ်ပြီး တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (EAOs) တွေ၊ ဒေသခံကာ ကွယ်ရေးတပ်တွေကြားမှာ အဓိက ဖြစ်ပွားခဲ့တယ်လို့ လေ့လာမှုစစ်တမ်း တွေက ဆိုပါတယ်။

          မြန်မာနိုင်ငံတစ်ဝန်းမှာ လက် နက်ကိုင်ပဋိပက္ခ ၆၆၀၀ ကျော် ဖြစ် ပွားခဲ့တဲ့အနက် တပ်မတော်နဲ့ တိုင်း ရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ (EAOs) အကြား လက်နက်ကိုင်ပဋိပက္ခ ၄၀၅၀ ကျော်၊ တပ်မတော်နဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့များအကြား လက်နက်ကိုင်ပဋိပက္ခ ၁၇၁၀ ကျော်၊ EAOs နဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်းပြီး တပ်မတော်နဲ့ တိုက်ပွဲဖြစ်ပွားမှုက ၈၂၀ ကျော်၊ EAOs တပ်ဖွဲ့အချင်းချင်းကြား တိုက်ပွဲဖြစ်ပွားမှု ၄၀ ကျော်နဲ့ တပ်မတော်နဲ့ အမည်မသိ လက်နက်ကိုင်အဖွဲ့များအကြား တိုက်ပွဲဖြစ်ပွားမှု ၃၀ ကျော် ပါဝင်တယ်လို့ လက်နက်ကိုင်ပဋိပက္ခစစ်တမ်းတွေမှာ ဖော်ပြထားပါတယ်။

၂၀၂၁ ခုနှစ် ဖေော်ဝါရီ ၁ ရက် မှ ၂၀၂၂ ခုနှစ် ဇူလိုင် ၃၁ ရက်အထိ မြန်မာနိုင်ငံတစ်ဝန်းမှာ ဖြစ်ပွားခဲ့တဲ့ လက်နက်ကိုင်ပဋိပက္ခ ၆၆၀၀ ကျော်အနက် ကရင်ပြည်နယ်မှာ လက်နက် ကိုင်ပဋိပက္ခ ၃၉၉၃ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး ကျန်တိုင်းဒေသကြီး/ပြည်နယ်တွေထက် လက်နက်ကိုင်ပဋိပက္ခ အရေအတွက် အများဆုံးဖြစ်ခဲ့တာပါ။ စစ်ကိုင်းတိုင်းဒေသကြီးမှာတော့ လက်နက်ကိုင်ပဋိပက္ခ ၆၄၀ ထက်မနည်းဖြစ်ပွားခဲ့တဲ့အတွက် ဒုတိယအများဆုံးဖြစ်ခဲ့ပါတယ်။

ချင်းပြည်နယ်မှာ လက်နက်ကိုင်ပဋိပက္ခ ၄၀၉ ကြိမ်၊ မကွေးတိုင်းမှာ လက်နက်ကိုင်ပဋိပက္ခ ၂၈၇ ကြိမ်၊ ကယားပြည်နယ်မှ လက်နက်ကိုင်ပဋိပက္ခ ၂၇၁ ကြိမ်၊ ရှမ်းပြည်နယ်မှာ လက်နက်ကိုင်ပဋိပက္ခ ၂၅၆ ကြိမ်၊ ပဲခူးတိုင်းမှာ လက်နက်ကိုင်ပဋိပက္ခ ၂၂၃ ကြိမ်၊ မွန်ပြည်နယ်မှာ လက်နက်ကိုင်ပဋိပက္ခ ၂၁၇ ကြိမ်၊ ကချင်ပြည်နယ်မှာ လက်နက်ကိုင်ပဋိပက္ခ ၁၉၁ ကြိမ်၊ တနင်္သာရီတိုင်းမှာ လက်နက်ကိုင်ပဋိပက္ခ ၈၆ ကြိမ်၊ မန္တလေးတိုင်းမှာ လက်နက်ကိုင်ပဋိပက္ခ ၅၅ ကြိမ်၊ ရန်ကုန်တိုင်းမှာ လက်နက်ကိုင်ပဋိပက္ခ ၂၆ ကြိမ်၊ ရခိုင်ပြည်နယ်မှာ လက်နက်ကိုင်ပဋိပက္ခ ၁၄ ကြိမ်၊ ဧရာဝတီတိုင်းမှာ လက်နက်ကိုင်ပဋိပက္ခ ရှစ်ကြိမ်နဲ့ နေပြည်တော်မှာ လက်နက်ကိုင်ပဋိပက္ခ တစ်ကြိမ် ဖြစ်ပွားခဲ့တယ်လို့ လက် နက်ကိုင် ပဋိပက္ခစစ်တမ်းတွေမှာ ဖော်ပြထားပါတယ်။

မြင့်တက်လာတဲ့ စစ်ဘေးရှောင်ဦးရေ

ကမ္ဘာတစ်လွှားမှာ အိုးအိမ်စွန့်ခွာပြီး နေရပ်ကနေ တိမ်းရှောင်ရတဲ့ ဒုက္ခသည်ဦးရေဟာ စံချိန်တင်အဖြစ် လူဦးရေ သန်း ၁၀၀ အထိ ရှိလာတယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့နှစ်အထိ ကမ္ဘာတစ်လွှားမှာ နေရပ်စွန့်ခွာသူ ဒုက္ခသည် အရေအတွက်ဟာ သန်း ၉၀ ရှိရာ ကနေ ၂၀၂၂ ခုနှစ်မှာတော့ ရုရှား-ယူကရိန်းစစ်ပွဲကြောင့် နေရပ်စွန့် ခွာသူ ဒုက္ခသည် ဦးရေ ၁၄ သန်းလောက် ထပ်တိုးလာတာဖြစ်တယ်လို့ ကုလသမဂ္ဂရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကမ္ဘာတစ်လွှား အိုးအိမ်စွန့်ခွာပြီး နေရပ်ကနေ တိမ်းရှောင်ရတဲ့ ဒုက္ခသည် လူဦးရေ သန်း ၁၀၀ ထဲမှာ မြန်မာ၊ အာဖဂန်နစ္စတန်၊ ကွန်ဂို၊ အီသီယိုးပီးယား၊ နိုင်ဂျီးရီးယားနဲ့ ဘာကီနာဖာဆိုနိုင်ငံတွေက နေရပ်စွန့်ခွာ ဒုက္ခသည်တွေလည်း ပါဝင်တယ်လို့ ကုလသမဂ္ဂက ဆိုပါတယ်။

မြန်မာနိုင်ငံမှာတော့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်း ဖြစ်ပေါ်လာတဲ့ ပဋိပက္ခတွေနဲ့ မလုံခြုံမှုတွေကြောင့်  နေရပ်စွန့်ခွာတိမ်းရှောင်ရသူ ဦးရေဟာ ၁ ဒသမ ၃ သန်း ကျော်ရှိတယ်လို့ ကုလသမဂ္ဂရဲ့ ၂၀၂၂ ခုနှစ် စက်တင်ဘာ ၁၉ ရက် အထိ နောက်ဆုံး ထုတ်ပြန်ခဲ့တဲ့ စာရင်းတွေမှာ ဖော်ပြထားပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီမ တိုင်မီကာလအထိ မြန်မာနိုင်ငံမှာ နေရပ်စွန့်ခွာ တိမ်းရှောင်သူ ဦးရေ သုံးသိန်းခွဲကျော်သာရှိတဲ့အတွက် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလနောက် ပိုင်းထပ်တိုးလာတဲ့ နေရပ်စွန့်ခွာသူ  ၉၈၀၀၀၀ ကျော်နဲ့ ပေါင်းလိုက်ရင် နေရပ်စွန့်ခွာ တိမ်းရှောင်သူ ဦးရေ ဟာ ၁ ဒသမ ၃ သန်းကျော် ရှိလာတာလည်း ဖြစ်ပါတယ်။ 

နိုင်ငံအနှံ့ တိုက်ပွဲဖြစ်ပွားမှုတွေ တိုးမြှင့်လာတာနဲ့အမျှ စစ်ဘေးရှောင်အရေအတွက်ကလည်း လစဉ် မြင့်တက်နေပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် နိုင်ငံရေးအပြောင်းအလဲဖြစ်ပြီး နောက်ပိုင်း နိုင်ငံအနှံ့ မြို့နယ်စုစု ပေါင်းရဲ့ ၂၅ ရာခိုင်နှုန်း (မြို့နယ် ပေါင်း ၈၅ မြို့နယ်) မှာ စစ်ဘေးရှောင်ဒုက္ခသည် ၁ သန်းနီးပါး တိုးလာတယ်လို့ လက်နက်ကိုင်ပဋိပက္ခ စစ်တမ်းတွေက ဆိုပါတယ်။

နိုင်ငံရေးအပြောင်းအလဲဖြစ် ပြီးနောက်ပိုင်း လက်နက်ကိုင်ပဋိ ပက္ခကြောင့် စစ်ဘေးရှောင်အများဆုံးရှိတဲ့ဒေသမှာ စစ်ကိုင်းတိုင်း ဖြစ်တယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်းထဲမှာ စစ်ဘေး ရှောင်ဒုက္ခသည် စုစုပေါင်း ငါးသိန်း ကျော်ရှိပြီး ပြည်တွင်းစစ်ဘေးရှောင် ဒုက္ခသည် စုစုပေါင်းပမာဏရဲ့ ၃၇ ရာခိုင်နှုန်းကျော်ရှိတယ်လို့ လက်နက်ကိုင်ပဋိပက္ခစစ်တမ်းတွေက ဆိုပါတယ်။

စစ်ဘေးရှောင်ဒုက္ခသည် ဒုတိ ယအများဆုံးရှိတဲ့ဒေသကတော့ မ ကွေးတိုင်းဖြစ်ပြီး စစ်ဘေးရှောင်ဒုက္ခ သည်ဦးရေ ၁၇၀၀၀၀ ကျော်ရှိတယ် လို့ စစ်တမ်းတွေအရ သိရပါတယ်။ ကယားပြည်နယ်မှာ စစ်ဘေးရှောင် ဒုက္ခသည်ဦးရေ ၁၆၀၀၀၀ ကျော်၊ ပဲခူးတိုင်းမှာ စစ်ဘေးရှောင်ဒုက္ခ သည်ဦးရေ ၁၅၅၀၀၀ ကျော်၊ ကရင် ပြည်နယ်မှာ စစ်ဘေးရှောင် ဒုက္ခ သည်ဦးရေ ၁၂၀၀၀၀ ကျော်၊ ချင်း ပြည်နယ်မှာ စစ်ဘေးရှောင်ဒုက္ခ သည်ဦးရေ ၉၇၀၀၀ ကျော်၊ ရှမ်းပြည် နယ်မှာ စစ်ဘေးရှောင်ဒုက္ခသည် ဦးရေ ၉၄၀၀၀ ကျော်၊ တနင်္သာရီတိုင်းမှာ စစ်ဘေးရှောင်ဒုက္ခသည် ဦးရေ ၃၀၀၀၀ ကျော်၊ မွန်ပြည်နယ်မှာ စစ်ဘေးရှောင်ဒုက္ခသည်ဦးရေ ၂၆၀၀၀ ကျော်၊ ကချင်ပြည်နယ်မှာ စစ်ဘေးရှောင်ဒုက္ခသည်ဦးရေ ၇၄၀၀ ကျော်၊ မန္တလေးတိုင်းမှာ စစ်ဘေးရှောင်ဒုက္ခသည်ဦးရေ ၁၀၀၀ ကျော်နဲ့ ဧရာဝတီတိုင်းမှာ ၁၀၀၀ ကျော်ရှိတယ်လို့ လက်နက်ကိုင် ပဋိပက္ခစစ်တမ်းတွေမှာ ဖော်ပြထားပါတယ်။

စစ်ဘေးရှောင်ဦးရေ တိုးလာတဲ့ ရခိုင်ပြည်နယ်

ရခိုင်ပြည်နယ်မှာ တပ်မတော် နဲ့ ရက္ခိုင့်တပ်တော် (AA) အကြား တိုက်ပွဲဖြစ်ပွားမှုကြောင့် သြဂုတ်လကစပြီး အိုးအိမ်စွန့်ခွာတိမ်းရှောင်ရသူ ၉၀၀၀ နီးပါးရှိလာတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး(OCHA MYANMAR)က စက်တင်ဘာ ၂၈ ရက်မှာ ထုတ်ပြန်ပါတယ်။

ရခိုင်ပြည်နယ်မှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော်အကြား တိုက်ပွဲများ ပြင်းထန်လာပြီး မြို့နယ်အများအပြားမှာ လက်နက်ကြီးပစ်ခတ်မှုတွေ၊ အရပ်သားပိုင်အိုးအိမ်ပျက်စီးမှုတွေ၊ အသွားအလာကန့်သတ်မှုတွေနဲ့ ဖမ်းဆီးမှုတွေ ဖြစ်ပွားနေတယ်လို့ OCHA MYANMAR က ဆိုပါတယ်။

စက်တင်ဘာ ၂၃ ရက်က လက်နက်ကြီးပစ်ခတ်မှုနဲ့ လုံခြုံရေးတပ် ဖွဲ့ဝင်တွေ ဝင်ရောက်မှုကြောင့် ဘူးသီးတောင်မြို့နယ်အတွင်း လူ ၃၀၀ ခန့်မှာ သူတို့နေထိုင်ရာ ကျေးရွာ ကနေ နေရပ်စွန့်ခွာထွက်ပြေးတိမ်း ရှောင်ခဲ့ကြရတဲ့အတွက် သြဂုတ်လ ကစတင်ပြီး ရခိုင်ပြည်နယ်မှာ အိုးအိမ်စွန့်ခွာ တိမ်းရှောင်ရသူ ၉၀၀၀ နီးပါးအထိ ရှိလာတယ်လို့ OCHA MYANMAR ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တိုးမြှင့်လာတဲ့ စစ်ဆေးရေးဂိတ်တွေနဲ့ လမ်းပိတ်ဆို့မှုတွေ အပါအဝင် လူအများသွားလာမှုတွေနဲ့ လူသားချင်းစာနာမှုဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှုတွေကို ထပ်တိုးကန့် သတ်ထားတာကြောင့် ရခိုင်ပြည်နယ်တစ်ဝန်းက ရွှေ့ပြောင်းအခြေချ ပြည်သူတွေနဲ့ ထိခိုက်ခံစားရသူတွေအတွက် လူမှုဘဝအခက်အခဲတွေ ပိုမိုတိုးပွားလာနေတယ်လို့ OCHA MYANMAR က ဆိုပါတယ်။

မြေမြှုပ်မိုင်းအန္တရာယ်

မြန်မာနိုင်ငံမှာ လက်နက်ကိုင် ပဋိပက္ခကြောင့် နေရပ်စွန့်ခွာလာသူတွေ နေရပ်မပြန်နိုင်သေးတဲ့ နောက်ထပ်အကြောင်းရင်းတစ်ခုကတော့ မြေမြှုပ်မိုင်းအန္တရာယ်ကြောင့်ပဲ ဖြစ်ပါတယ်။

မြေမြှုပ်မိုင်းနဲ့ မပေါက်ကွဲသေးတဲ့ စစ်လက်နက် အကြွင်းအကျန်တွေဟာ မြန်မာနိုင်ငံရဲ့ ပဋိပက္ခဖြစ်ပွားရာ ဒေသတွေမှာရှိတဲ့ အရပ်သားတွေရဲ့ အသက်နဲ့ ဘဝလုံခြုံမှုတွေကို ဆက်လက်ပြီး ခြိမ်းခြောက်နေပါတယ်။

၂၀၂၁ ခုနှစ်ရဲ့ ကိန်းဂဏန်းတွေအရ မြန်မာတစ်နိုင်ငံလုံးမှာ မြေမြှုပ်မိုင်းကြောင့် ထိခိုက်ခံစားရသူ အရေအတွက် ၂၈၄ ဦး ရှိခဲ့တယ်လို့ Unicef ရဲ့ မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေတတ်သောပစ္စည်းများ ဖြစ်ရပ် သတင်းအချက်အလက်များ (၂၀၂၁)  မှာ ဖော်ပြထားပါတယ်။

Unicef ရဲ့ အချက်အလက်တွေအရ ၂၀၂၀ ပြည့်နှစ်တုန်းက မြေမြှုပ်မိုင်းကြောင့် ထိခိုက်ခံစားရသူ အရေအတွက် ၂၅၂ ဦးနဲ့ ယှဉ်ကြည့်ရင် ၂၀၂၁ ခုနှစ်မှာ ပိုမိုထိခိုက်မှုရှိတယ်ဆိုတာ တွေ့ရမှာပါ။

မြေမြှုပ်မိုင်းကြောင့် ထိခိုက်ခံစားရသူတွေထဲမှာ ရှမ်းပြည်နယ်က ထိခိုက်ခံစားရသူအရေအတွက် စုစုပေါင်းရဲ့ ၃၈ ရာခိုင်နှုန်းနဲ့ အများဆုံးဖြစ်ခဲ့ပြီး ကချင်ပြည်နယ်က ၁၈ ရာခိုင်နှုန်း၊ ရခိုင်ပြည်နယ်က ၁၇ ရာခိုင်နှုန်းနဲ့ အစဉ်လိုက် ရှိနေတယ်လို့ Unicef က ထုတ်ပြန်ထားပါတယ်။

ပဲခူးတိုင်း၊ ချင်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းနဲ့ တနင်္သာရီတိုင်း အပါအဝင် တခြားဒေသတွေမှာ ထိခိုက်ခံစားရသူအရေအတွက် စုစုပေါင်းရဲ့ ၂၇ ရာခိုင်နှုန်း ရှိပါတယ်။

တစ်နိုင်ငံလုံးအနေနဲ့ ထိခိုက်ခံစားရသူအရေအတွက်ရဲ့ ၂၇ ရာခိုင်နှုန်းဟာ ကလေးတွေ ဖြစ်ကြတယ်လို့ Unicef က ဆိုပါတယ်။ ရခိုင်ပြည်နယ်မှာ ကလေးထိခိုက်ခံစားရသူ ရာခိုင်နှုန်း အများဆုံးဖြစ်တာကို တွေ့ရပြီး စုစုပေါင်း ထိခိုက်ခံစားရသူ အရေအတွက်ရဲ့ ၄၄ ရာခိုင်နှုန်း ဖြစ်တယ်လို့ Unicef က ထုတ်ပြန်ထားပါတယ်။

၂၀၂၀ ခုနှစ်နဲ့ နှိုင်းယှဉ်ပါက ၂၀၂၁ ခုနှစ်မှာ မြေမြှုပ်မိုင်းပေါက်ကွဲမှု ဖြစ်စဉ်ဖြစ်ရပ်နဲ့ ထိခိုက်ခံစားရသူ အရေအတွက် ပိုများတာကို တွေ့ရှိရတယ်လို့ Unicef က ထုတ်ပြန် ထားပါတယ်။

Unicef ရဲ့ နောက်ဆုံးအစီရင်ခံစာအရ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ကနေ မေလကုန်အထိ  မြန်မာနိုင်ငံတစ်ဝန်းမှာ မြေမြှုပ်မိုင်းနဲ့ မပေါက်ကွဲသေးတဲ့ စစ်လက်နက်အကြွင်းအကျန်တွေကြောင့် အရပ်သား သေ ဆုံးသူ စုစုပေါင်း ၁၆၂ ဦးရှိတယ်လို့ သိရပါတယ်။

လူသားချင်း စာနာမှုဆိုင်ရာ အခြေအနေများ ဆိုးရွားနေဆဲ

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီကစပြီး စစ်ဘေးရှောင် ဒုက္ခသည် ၉၈၉၄၀၀ အပါအဝင် ၂၀၂၂ ခုနှစ် စက်တင်ဘာ ၁၉ ရက်အထိ စစ်ဘေးရှောင်ဒုက္ခသည်ဦးရေ ၁ ဒသမ ၃ သန်းကျော်ရှိသွားပြီလို့ OCHA MYANMAR က ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံရဲ့ လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားရာ ဒေသတွေမှာ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေပေးဖို့ အခြေအနေတွေ ဆိုးရွားနေဆဲဖြစ်တယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာမှု ဆိုင်ရာညှိနှိုင်းရေးရုံး (OCHA MYANMAR) က ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံရဲ့ အနောက်မြောက်ပိုင်းနဲ့  အရှေ့တောင်ပိုင်းဒေသတွေမှာ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် အဲဒီဒေသက လူသားချင်းစာနာမှုအခြေအနေတွေဟာ တိုးတက်ကောင်းမွန်လာခြင်းမရှိဘဲ ဆိုးရွားနေဆဲ အခြေအနေမှာရှိတယ်လို့ OCHA MYANMAR က ဆိုပါတယ်။

ပဋိပက္ခဒဏ်သင့်ရာ ဒေသတွေ နဲ့ နေရပ်စွန့်ခွာထွက်ပြေးရသူတွေ ရှိရာ နေရာတွေကို လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ သွားရောက်ပေးနိုင်ခွင့်ကိုလည်း တင်းကျပ်စွာ တားမြစ်ကန့်သတ်ခံထားရတဲ့အတွက် လူသားချင်းစာနာမှုဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ ဒေသခံအဖွဲ့အစည်းတွေက တတ်နိုင်သမျှ ကူညီပံ့ပိုးနေပေမဲ့ ပဋိပက္ခဒဏ်သင့် အရပ်သားလူထုတွေရဲ့ လိုအပ်မှုကို ဖြည့်ဆည်းနိုင်ဖို့ ကြီးမားတဲ့လိုအပ်ချက်တွေရှိနေသေး တယ်လို့ OCHA MYANMAR က ထုတ်ပြန်ထားပါတယ်။

ဒါကြောင့် လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားနေတဲ့ ဒေသတွေမှာ မဖြစ်မနေလိုအပ်တဲ့အကူအညီတွေ ပေးဖို့အတွက် အဲဒီဒေသတွေဆီ လူသားချင်းစာနာမှုဆိုင်ရာ ကူညီပေးခွင့်တွေကို အလျင်အမြန်ရရှိဖို့ အရေးတကြီး လိုအပ်နေတယ်လို့ OCHA MYANMAR က ဆိုပါတယ်။

Most Read

Most Recent