ရုရှား၊ တရုတ်၊ ပါကစ္စတန်တို့ ပါဝင်သည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှု အဖွဲ့အစည်း (SCO) ထိပ်သီးအစည်းအဝေးအား အိန္ဒိယဝန်ကြီးချုပ်မိုဒီ တက်ရောက်မည်

ရုရှား၊ တရုတ်၊ ပါကစ္စတန်တို့ ပါဝင်သည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှု အဖွဲ့အစည်း (SCO) ထိပ်သီးအစည်းအဝေးအား အိန္ဒိယဝန်ကြီးချုပ်မိုဒီ တက်ရောက်မည်
အိန္ဒိယဝန်ကြီးချုပ် နရင်ဒရာမိုဒီအား မေ ၂ ရက်က ဂျာမနီနိုင်ငံ ဘာလင်မြို့တွင်ပြုလုပ်သည့် အခမ်းအနားတစ်ခု၌ တွေ့ရစဉ် (Photo-AFP)
အိန္ဒိယဝန်ကြီးချုပ် နရင်ဒရာမိုဒီအား မေ ၂ ရက်က ဂျာမနီနိုင်ငံ ဘာလင်မြို့တွင်ပြုလုပ်သည့် အခမ်းအနားတစ်ခု၌ တွေ့ရစဉ် (Photo-AFP)
Published 12 September 2022
Ref:AFP

ဥဇဘက်ကစ္စတန်နိုင်ငံတွင် ကျင်းပမည့် ဒေသတွင်းထိပ်သီးအစည်းအဝေးအား ဝန်ကြီးချုပ် နရင်ဒရာမိုဒီ တက်ရောက်မည်ဖြစ်ကြောင်း အိန္ဒိယအစိုးရက ထုတ်ပြန်ခဲ့သည်။

အဆိုပါထိပ်သီးအစည်းအဝေးအတွင်း ရုရှားသမ္မတဗလာဒီမာပူတင်နှင့် တရုတ်သမ္မတ ရှီကျင်းပင်တို့ မျက်နှာစုံညီတွေ့ဆုံဆွေးနွေးသွားမည်ဟု ရုရှားအစိုးရက ပြောကြားထားသည်။

တရုတ်၊ ရုရှား၊ အိန္ဒိယနှင့် ပါကစ္စတန်တို့အပြင် ဗဟိုအာရှလေးနိုင်ငံဖြစ်သည့် ကာဇက်စတန်၊ ကာဂျစ္စတန်၊ ဥဇဘက်ကစ္စတန်နှင့် တာဂျစ်ကစ္စတန်တို့လည်းပါဝင်သည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့အစည်း (SCO) ထိပ်သီးအစည်းအဝေးကို ဥဇဘက်ကစ္စတန်နိုင်ငံ ဆာမာကန်မြို့တွင် စက်တင်ဘာ ၁၅ ရက်နှင့် ၁၆ ရက်တို့၌ ကျင်းပသွားမည်ဖြစ်သည်။

သမ္မတပူတင်နှင့် သမ္မတရှီတို့သည် အဆိုပါထိပ်သီးအစည်းအဝေး၌ တွေ့ဆုံသွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံဆိုင်ရာ ရုရှားသံအမတ်က စက်တင်ဘာ  ၇ ရက်တွင် ပြောကြားခဲ့သည်။ သမ္မတရှီကျင်းပင်သည် ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါ စတင်ခဲ့ပြီးနောက်ပိုင်း ပြည်ပသို့ပထမဆုံးအကြိမ် သွားရောက်မည်ဖြစ်သည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကမူ ယင်းနှင့်ပတ်သက်၍ အတည်ပြုခြင်းမရှိသေးဘဲ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရကလည်း အဆိုပါအကြောင်းအရာနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ရန် မရှိသေးဟု ပုံမှန်သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောကြားခဲ့သည်။

စက်တင်ဘာ ၁၁ ရက်က ထုတ်ပြန်ခဲ့သည့် အိန္ဒိယအစိုးရ၏ကြေညာချက်တွင်မူ ဝန်ကြီးချုပ်မိုဒီအနေဖြင့် သမ္မတပူတင်၊ သမ္မတရှီကျင်းပင်နှင့် ယခုနှစ်ဧပြီလထဲတွင် ပါကစ္စတန်ဝန်ကြီးချုပ်ဖြစ်လာသည့် ရှာဘတ်ရှရစ်ဖ်တို့နှင့် နှစ်ဦးနှစ်ဖက် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခြင်းရှိမရှိကိုမူ ဖော်ပြထားခြင်းမရှိပေ။

၎င်းတို့အတွက် စစ်လက်နက်ပစ္စည်းများကို ရုရှားထံမှ အများဆုံးမှာယူနေသည့် အိန္ဒိယသည်လည်း တရုတ်ကဲ့သို့ပင် ယူကရိန်းကို ကျူးကျော်ခဲ့ခြင်းနှင့်ပတ်သက်၍ ရုရှားကို ပြစ်တင်ရှုတ်ချရန် ငြင်းဆန်ခဲ့ပြီး ရုရှားရေနံများကို တိုးမြှင့်ဝယ်ယူလာခဲ့သည်။

၂၀၂၀ ခုနှစ်က ပိုင်နက်အငြင်းပွားနယ်စပ်ဖြစ်သည့် ဟိမဝန္တာဒေသတွင် အိန္ဒိယနှင့် တရုတ်စစ်သားများအကြား အချင်းများခဲ့ရာ အိန္ဒိယစစ်သား ၂၀ ဦးထက်မနည်းနှင့် တရုတ်စစ်သားလေးဦး သေဆုံးခဲ့ပြီးနောက်တွင် နှစ်နိုင်ငံဆက်ဆံရေး အေးစက်နေခဲ့သည်။ နှစ်နိုင်ငံခေါင်းဆောင်နှစ်ဦးဖြစ်သည့် သမ္မတရှီနှင့် ဝန်ကြီးချုပ်မိုဒီတို့သည်လည်း ၂၀၁၉ ခုနှစ်နောက်ပိုင်း နှစ်ဦးနှစ်ဖက် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ခြင်း မရှိတော့ပေ။

အိန္ဒိယသည် တရုတ်ကို တန်ပြန်ကာကွယ်ရန် ဖွဲ့စည်းထားသည့် မဟာမိတ်အဖွဲ့အဖြစ် ရှုမြင်ခံထားရသည့် အမေရိကန်ပြည်ထောင်စု၊ ဂျပန်နှင့် သြစတြေးလျတို့ ပါဝင်သော Quad လေးနိုင်ငံအဖွဲ့တွင်လည်း ပါဝင်နေသည်။

ဝန်ကြီးချုပ် မိုဒီအနေဖြင့် SCO ထိပ်သီးအစည်း ဘေးဆွယ်တွေ့ဆုံမှုအဖြစ် အဖွဲ့ဝင်နိုင်ငံများ၏ ခေါင်းဆောင်များနှင့် သီးခြားတွေ့ဆုံမှုအချို့ ပြုလုပ်သွားဖွယ်ရှိကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသော်လည်း မည်သည့်ခေါင်းဆောင်များနှင့် တွေ့ဆုံမည်ဆိုသည်ကိုမူ အတည်ပြုခဲ့ခြင်း မရှိပေ။ ပြီးခဲ့သည့်သီတင်းပတ်က အိန္ဒိယနှင့် တရုတ်စစ်တပ်တို့သည် နှစ်ဖက်တင်းမာမှုဖြစ်ပွားရာ နယ်စပ်နေရာတစ်ခုမှ တပ်များပြန်ဆုတ်ခွာမည့် အစီအစဉ်ကို ကြေညာခဲ့သည်။                           

 

Most Read

Most Recent