ပြောစမှတ်ဖြစ်ဖွယ် နှစ်ပေါင်း ၇၀ ကြာ ခိုင်မြဲခဲ့သည့် တော်ဝင်ချစ်ဇာတ်လမ်း

ပြောစမှတ်ဖြစ်ဖွယ် နှစ်ပေါင်း ၇၀ ကြာ ခိုင်မြဲခဲ့သည့် တော်ဝင်ချစ်ဇာတ်လမ်း
Photo : AFP
Photo : AFP
Published 11 September 2022
ခက်ဝေ

ချစ်လှစွာသောကြင်ယာတော်မင်းသား ဖိလစ်မရှိတော့သည့် နေ့ရက်များကို ကျော် ဖြတ်ရသည့်နေ့ရက်များ ဒုတိယမြောက် အဲလိဇဘတ်ဘုရင်မကြီးအတွက် အဆုံးသတ်သွားလေပြီ။

၂၀၂၁ ခုနှစ် ဧပြီတွင်  ကြင်ယာတော် ဖိလစ် နတ်ရွာစံပြီးတစ်နှစ်ကျော်အကြာ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၈ ရက်တွင် ဗြိတိသျှ ဦးသျှောင်ဖြစ်သည့် သက်တော် ၉၆ နှစ် အရွယ်ဘုရင်မကြီး အဲလိဇဘတ်လည်း စကော့တလန်ရှိ ဘယ်လ်မိုရယ်စံအိမ်တွင် အိပ်စက်နေရင်း ငြိမ်းချမ်းစွာ နတ်ရွာလားသွားခဲ့ပြီဖြစ်သည်။

ဗြိတိသျှတော်ဝင်မိသားစု သမိုင်းကြောင်းတွင် သက်တမ်းအကြာဆုံးအိမ်ထောင် ဖြစ်ခဲ့သည့် အဲလိဇဘတ်နှင့်ဖိလစ်တို့၏ တော်ဝင်ဆက်ဆံရေးမှာ မျိုးဆက်တိုင်း ပြောစမှတ် ဖြစ်တော့မည်အထိ ကြီးကျယ်ခဲ့ပြီး နှစ်ပေါင်း ၇၀ ကြာ တည်တံ့ခဲ့သည့် တော်ဝင်ချစ်ဇာတ် လမ်းတစ်ပုဒ်ကို သူတို့နှစ်ဦး ထားခဲ့လေပြီ။

၁၉၃၄ ခုနှစ်က ဂရိတော်ဝင်မင်းသမီး  မာရီနာနှင့် ဗြိတိန်တော်ဝင်မင်းသားဂျော့ဂျ်တို့ မင်္ဂလာဆောင်တွင် မင်းသားဖိလစ်နှင့် ပထမဆုံးဆုံစဉ်က အဲလိဇဘတ် ရှစ်နှစ်သမီး အရွယ်သာ ရှိသေးသည်။

နောက်ငါးနှစ်အကြာ ၁၉၃၉ ခုနှစ်၊ ဇူလိုင်တွင် သူတို့နှစ်ဦး ဒုတိယအကြိမ်ဆုံကြသည်။ ထိုတွေ့ဆုံမှုက သူတို့နှစ်ဦးကိုချစ်ကြိုး သွယ်ပေးမည့်အစပင်ဖြစ်ပြီး တော်ဝင်ရေတပ် ကောလိပ်သို့ သွားရောက်စဉ်အတွင်း အဲလိဇဘတ်၏ခမည်းတော် ဆဋ္ဌမမြောက် ဂျော့ဂျ်ဘုရင်နှင့် မယ်တော်အဲလိဇဘတ်တို့ကဗိုလ်ဖိလစ်အား သမီးတော်အဲလိဇဘတ်နှင့် မာဂရတ်တို့ကိုလိုက်ပါ စောင့်ရှောက်ခိုင်းခဲ့သည်။ထိုစဉ်ကဖိလစ်အသက် ၁၈ နှစ်၊ အဲလိဇဘတ် က ၁၃ နှစ် ရှိပြီဖြစ်သည်။

တော်ဝင်မိသားစုနှင့်နီးစပ်သူများကမူ  မြင်မြင်ချင်းစိတ်ဝင်စားခြင်းဟု ဆိုကြပြီး ထိုတွေ့ဆုံမှုမှသည် သူတို့နှစ်ဦးအကြား မေတ္တာစာများ ဖလှယ်လာတော့သည်။

အဲလိဇဘတ်နှင့် ဖိလစ်တို့နှစ်ဦးစလုံးသည် ဗစ်တိုးရီးယားဘုရင်မမှ တိုက်ရိုက်သက်ဆင်းလာသည့် အမျိုးအနွယ်များဖြစ်သည့်အတွက် သုံးဝမ်းကွဲတော်စပ်ကြသည်။ပြည်ပမျိုးရိုးပါသည့် ဂရိမင်းသားဖိလစ်က သူ့မယ်တော်မှတစ်ဆင့် ဗစ်တိုးရီးယားနှင့် တော်စပ်သည်။

ချစ်သူနှစ်ဦးသည် ဒုတိယကမ္ဘာစစ်အတွင်း စာအပေးအယူဖြင့် အဆက်အသွယ် မပြတ်ရှိခဲ့ကြပြီး ၁၉၄၇ ခုနှစ်၊ ဇူလိုင်တွင် စေ့စပ်ပြီးစီးကြောင်းကြေညာခဲ့သည်။ ထိုအချိန် အဲလိဇဘတ်အသက် ၂၁ နှစ်ပြည့်ပြီးလေပြီ။

ဖိလစ်သည် ဖခင်မျိုးရိုးအရ ဂရိနှင့်ဒိန်းမတ်တော်ဝင်မင်းသားအဆင့်ကို ပိုင်ဆိုင်ထားသော်လည်း ထီးနန်းနှင့်သူ့ရပိုင်ခွင့်များကို စွန့်လွှတ်ကာ ၁၉၄၇ ခုနှစ်၊ နိုဝင်ဘာတွင် အဲလိဇဘတ်နှင့် ထိမ်းမြားလိုက်ပြီးသားတော် ချားလ်စ်၊ သမီးတော်အန်း၊  သားတော်အန်ဒရူး နှင့် သားတော်အက်ဒွပ်တို့ ထွန်းကားခဲ့သည်။

တော်ဝင်ကြင်စဦးမောင်နှံသည် လက်ထပ်ပြီးနောက် အစောပိုင်းနှစ်အချို့ကိုမော်လ်တာနိုင်ငံ (ဖိလစ်ရေတပ်တာဝန်ကျရာ)တွင် ကုန်ဆုံးခဲ့သည်။ ထို့နောက် ကင်ညာသို့သွား ရောက်လည်ပတ်နေရင်း ခမည်းတော် ဆဋ္ဌမမြောက်ဂျော့ဂျ်ဘုရင် နတ်ရွာစံသည့် သတင်းကြောင့် ဗြိတိန်ထီးနန်းအရိုက်အရာကို ဆက်ခံရန် လန်ဒန်သို့ ပြန်လာခဲ့သည်။

အိမ်ထောင်သက်ခြောက်နှစ်အကြာ ၁၉၅၃ ခုနှစ်တွင် အသက် ၂၇ နှစ်အရွယ် မင်းသမီးအဲလိဇဘတ်အဖြစ်မှ အင်္ဂလန်ဘုရင်မဖြစ်လာခဲ့ပြီး ကြင်ယာတော်ဖိလစ်ကလည်း ရေတပ်အလုပ်ကို စွန့်လွှတ်လိုက်ရသည်။

ဘုရင်မတစ်ဦးနှင့်လက်ဆက်ထားရသည့် အီဒင်ဘာ့ဂ်မြို့စား ဖိလစ်အဖို့ အပြောင်းအလဲကို လက်ခံတတ်အောင်လည်း ကြိုးစားခဲ့ရသည်များရှိသည်။ ဥပမာသားတော်ချားလ်စ်နှင့် သမီးတော် အန်းတို့ကို ဖိလစ်၏ မိသားစုအမည်ပါအောင် မမှည့်သည့်ကိစ္စဖြစ်သည်။

သို့သော်လည်းအဲလိဇဘတ်ဘုရင်မအပေါ် သူ့သစ္စာစောင့်သိမှုက ယိမ်းယိုင်သွားပုံမရ။ ၁၉၅၃ ခုနှစ်၊ ဇွန် ၂ ရက်က ဝက်စ်မင်စတာဘုရားကျောင်းကြီးတွင် ပြုလုပ်သည့် အဲလိဇဘတ်နန်းတက်ပွဲတွင် ကြင်ယာတော် ဖိလစ်ကဒူးထောက်ကာ အဲလိဇဘတ်အပေါ် အသက်စွန့်သစ္စာစောင့်သိမည့်အကြောင်း ပြောဆိုခဲ့သည်။

အနှစ် ၅၀ မြောက် ရွှေရတုမင်္ဂလာနှစ်ပတ်လည်ဖြစ်သည့် ၁၉၉၇ ခုနှစ်တွင် ဂုဏ်ပြုနေ့လယ််စာစားပွဲ ကျင်းပစဉ် အဲလိဇဘတ်က ဖိလစ်သည် အဆိုပါနှစ်များအတွင်း သူ့အတွက်ခွန်အားဖြစ်ခဲ့သည်ဟု အမွှမ်းတင် ပြောသည်။

နန်းတက်မှုအနှစ် ၅၀ ပြည့် ရွှေရတုနှစ်ပတ်လည် (၂၀၀၂ ခုနှစ်၊ ဇွန်) မိန့်ခွန်းတွင်လည်း အဲလိဇဘတ်က ကြင်ယာတော်အီဒင်ဘာ့ဂ်မြို့စားသည် ၎င်းအနှစ် ၅၀ အတွင်း သူ့အတွက် တန်ဖိုးမဖြတ်နိုင်သည့်ပေးဆပ်မှုများပေးခဲ့သည်ဟု ချီးမွမ်းခန်းဖွင့်ပြန်လေသည်။

၂၀၁၃ ခုနှစ်၊ ဇွန်တွင် အဲလိဇဘတ်က( နယူးဇီလန်၏အမြင့်ဆုံးဂုဏ်ပြုဆုဖြစ်သည့်) Order of New Zealand ဆုကိုဖိလစ်အားဘက် ကင်ဟမ်နန်းတော်တွင် ချီးမြှင့်ခဲ့သည်။

အဲလိဇဘတ်သည် ၂၀၁၆ ခုနှစ်၊ ဇွန်တွင် သက်တော် ၉၀ ပြည့်မွေးနေ့ကျင်းပသည်။ ၁၉၂၆ ခုနှစ်၊ ဧပြီ ၂၁ ရက်တွင် မွေးဖွားသူဖြစ်သော်လည်းမွေးနေ့အခမ်းအနားကို အဲလိဇဘတ်က နှစ်စဉ်ဇွန်လတွင်သာ တရားဝင် ကျင်းပလေ့ရှိသည်။ ၎င်းသည် ဒုတိယမြောက် ဂျော့ဂျ်ဘုရင် ၁၇၄၈ ခုနှစ်ကတည်းက စတင် ခဲ့သည့် အစဉ်အလာဖြစ်သည်။

၂၀၁၇ ခုနှစ်၊ သြဂုတ်တွင်မူ ကြင်ယာတော် ဖိလစ် တော်ဝင်အလုပ်တာဝန်များမှ အနားယူလိုက်သည်။ထိုနှစ်နိုဝင်ဘာတွင်  သူတို့နှစ်ဦး၏ အနှစ် ၇၀ မင်္ဂလာနှစ်ပတ် လည်ပြည့်မြောက်ခဲ့သည်။

၂၀၁၉ ခုနှစ် ၊ ဇန်နဝါရီတွင် ယာဉ်တိုက်မှုတစ်ခုဖြစ်ပြီး ဖိလစ်ဆေးရုံတက်လိုက်ရသည်။ ဒဏ်ရာကြီးကြီးမားမားတော့ မရခဲ့။

အဲလိဇဘတ်အတွက် ထင်မှတ်မထားသည့်အမှောင်နေ့က ၂၀၂၁ ခုနှစ်၊ ဧပြီတွင် ရောက်လာခဲ့သည်။ ဆေးရုံတစ်လ တက်လိုက်ရပြီး မကြာမီ မင်းသားဖိလစ်သည် ဝင်ဆာစံအိမ်တွင် အေးချမ်းစွာနတ်ရွာစံသွားကြောင်း ဘက်ကင်ဟမ်နန်းတော်က ထုတ်ပြန်သည်။

ဖိလစ်စျာပနပြီးသွားပြီးနောက် အဲလိဇဘတ်ဘုရင်မကြီးကသက်တော် ၉၅ နှစ်ပြည့် မွေးနေ့ကို ကြင်ယာတော်မပါဘဲ ဖြတ်သန်းခဲ့ရသည်။

၂၀၂၁ ခုနှစ်၊ ဧပြီတွင်ပြုလုပ်သည့် စျာပနအခမ်းအနားတွင် အဲလိဇဘတ်က ဖိလစ် ခေါင်းတလားပေါ်တွင်  လက်ရေးဖြင့် ရေးထားသည့် စာတိုတစ်စောင်ကို တင်ထားခဲ့သည်။ စာထဲတွင်  “I love youဆိုသည့် အရေးအသားလည်းပါပြီး ငယ်နာမည် လီလီဘတ်ဆိုသည့် နာမည်ကိုလည်း ထည့်သုံးထားသည်။

ကိုဗစ်စည်းကမ်း သတ်မှတ်ချက်များကြောင့် ထိုနေ့အခမ်းအနားတွင် အဲလိဇဘတ်မှာ တစ်ကိုယ်တည်း ထိုင်ကာ မျက်ရည်သုတ်နေခဲ့သည်။

မင်းသားဖိလစ် အသက်ရှိစဉ်က သူတို့နှစ်ဦး၏ အောင်မြင်သည့် အိမ်ထောင်ရေး အဓိကသော့ချက်ကို ပြောပြခဲ့သည်။ ပျော်ရွှင်စရာကောင်းသည့် မည့်သည့်အိမ်ထောင်ရေးတွင်မဆို သည်းခံစိတ်ရှည်မှုက မရှိမဖြစ်အရာဟု နှစ် ၅၀ ပြည့်မင်္ဂလာနှစ်ပတ်လည်တွင် သူပြောခဲ့သည်။

အခြားစုံတွဲများနည်းတူ အဲလိဇဘတ်တို့နှစ်ဦး၏ တော်ဝင်ချစ်ဇာတ်လမ်းတွင်လည်း ကောလာဟလများ ထွက်ခဲ့သည်။ မင်းသားဖိလစ်ဘက်ကချည်း ထွက်ခဲ့ခြင်းဖြစ်ပြီး သတင်းများ အတည်မဖြစ်ခဲ့သော်လည်း ဗြိတိသျှပြည်သူအများစု၏အမြင်တွင် ဖိလစ်သည် အမျိုးသမီးကိစ္စတွင် မျက်နှာများသူ ဖြစ်ခဲ့သည်။     

Most Read

Most Recent