ယူကရိန်း-ရုရှားစစ်ပွဲနှင့် မြောက်ကိုရီးယား၏ လက်နက်အကူအညီ

ယူကရိန်း-ရုရှားစစ်ပွဲနှင့် မြောက်ကိုရီးယား၏ လက်နက်အကူအညီ
Photo : AP
Photo : AP
Published 9 September 2022
ရာဇ

မြောက်ကိုရီးယားသည် ၎င်း၏အိုဟောင်းနေသည့် လက်နက်တိုက်အတွင်းမှ သန်းနှင့်ချီသည့် ဒုံးကျည်များနှင့် အမြောက်ဆန်များကို ၎င်း၏စစ်အေးတိုက်ပွဲကာလက မဟာမိတ်ဖြစ်သည့် ရုရှားနိုင်ငံကို ရောင်းချပေးဖွယ်ရှိနေသည်။

ရုရှားသည် မြောက်ကိုရီးယားထံမှ လက်နက်များဝယ်ယူရန်စီစဉ်နေသည်ဆိုသည့် အမေရိကန် ထောက်လှမ်းရေးသတင်းထုတ်ပြန်ချက်သည် အတုအယောင်ဖြစ်သည်ဟု ရုရှားကပြောကြားခဲ့သည်။ သို့သော် အမေရိကန်အရာရှိများကမူ ရုရှားသည် ယူကရိန်းတွင် စစ်ပန်းနေချိန်တွင် မြောက်ကိုရီးယား ထံမှ စစ်လက်နက်ပစ္စည်းများ ထပ်မံဝယ်ယူ လိမ့်မည်ဟု ပြောကြားခဲ့သည်။

မြောက်ကိုရီးယားက ရုရှားကို ရောင်းချရန်ရည်ရွယ်ထားသည့် လက်နက်ခဲယမ်းများသည် လက်ရှိ ရုရှားလောင်ချာများတွင် တပ်ဆင်အသုံးပြုနိုင်သည့် ဆိုဗီယက်ခေတ်က လက်နက်များကို ပုံစံတူပြုလုပ်ထားသည့် လက်နက်များဖြစ်နိုင်သည်။ သို့သော်လည်း ရုရှားကို တင်ပို့ရောင်းချမည့် လက်နက်ပမာဏနှင့် ယင်းလက်နက်များသည် ရုရှားစစ်တပ်ကို အမှန်တကယ်အထောက်အကူပြုနိုင်ခြင်း ရှိ မရှိဆိုသည့်အချက်ကို မေးခွန်းများထွက် ပေါ်နေသည်။

နိုင်ငံတကာ၏ပိတ်ဆို့မှုများနှင့် ပို့ကုန် ထိန်းချုပ်မှုများကြောင့် ရုရှားသည် သြဂုတ်လက အီရန်လုပ် ဒရုန်းများကို ဝယ်ယူခဲ့သည်။ အမေရိကန်အရာရှိများကမူ အီရန်ဒရုန်းများသည် နည်းပညာပိုင်းဆိုင်ရာ ချွတ်ယွင်းချက် များရှိနေသည်ဟုဆိုသည်။ ရုရှားအတွက် လက်နက်ခဲယမ်းများဝယ်ယူဖြည့်တင်းရန် ကောင်းမွန်သည့် ရွေးချယ်မှုမှာ မြောက်ကိုရီးယားဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် မြောက်ကိုရီးယားတွင် အမြောက်ဆန်များ အများအပြားရှိနေပြီး အများစုမှာ ဆိုဗီယက်ခေတ်က အမြောက်ဆန်များကို ပုံစံတူပြုလုပ်ထားခြင်း ဖြစ်သည်။

”ရုရှားနိုင်ငံပြင်ပမှာ ရုရှားစစ်တပ်နဲ့ အံဝင်ပြီး များပြားတဲ့ အမြောက်ဆန်တွေ၊ လက် နက်ခဲယမ်းတွေအများဆုံးရရှိနိုင်တဲ့ အရင်းအမြစ်ဟာ မြောက်ကိုရီးယားဖြစ်နိုင်ပါတယ်”ဟု နိုင်ငံတကာ မဟာဗျူဟာလေ့လာရေးဌာန (IISS)၏ ကာကွယ်ရေးနှင့် စစ်ရေးကျွမ်းကျင်သူ ဂျိုးဆက်ဒမ့်ပ်ဆေးက ပြောကြားခဲ့သည်။

တောင်ကိုရီးယားရှိ ကိုရီးယားကာကွယ် ရေးကွန်ရက်မှ ကျွမ်းကျင်သူ လီအီဝူးကမူ တောင်နှင့် မြောက်ကိုရီးယားနှစ်နိုင်ငံစလုံးတွင် သန်းနှင့်ချီသည့် အမြောက်ဆန်များကို သိမ်းဆည်းထားသည်ဟု ဆိုသည်။ မြောက်ကို ရီးယားသည် သက်တမ်းအိုဟောင်းသည့် ခဲယမ်းများကိုရောင်းထုတ်ပြီး ပိုမိုခေတ်မီသည့် ဒုံးကျည်အသစ်များနှင့် အစားထိုးဖြည့်တင်းရန် ပြင်ဆင်နေဖွယ်ရှိသည်ဟု ၎င်းက ပြောကြားခဲ့သည်။

သို့သော်လည်း ကယ်လီဖိုးနီးယားအ ခြေစိုက် Rand Corporation မှ ထိပ်သီးလုံခြုံရေးကျွမ်းကျင်သူ ဘရုစ်ဘန်းနက်ကမူ ရုရှားနိုင်ငံသို့ ပေးပို့ခဲ့ဖွယ်ရှိသည့် မြောက်ကိုရီးယား၏လက်နက်များမှာ AK-47 ရိုင်ဖယ်များ သို့မဟုတ် စက်သေနတ်များကဲ့သို့ လက်နက်ငယ်များဖြစ်ပုံရသည်ဟု ဆိုသည်။

”သန်းနဲ့ချီတဲ့ အမြောက်ဆန်တွေ၊ ရော့ကတ်တွေမဖြစ်နိုင်ပါဘူး။ သန်းနဲ့ချီတဲ့ လက် နက်ငယ်တွေဖြစ်နိုင်ပါတယ်”ဟု ဘန်းနက်က ပြောကြားခဲ့သည်။

IISS ၏ခန့်မှန်းသုံးသပ်ချက်အရ မြောက်ကိုရီးယားတွင် တပ်တော်ဝင်နေသည့် အတွဲလိုက်ဒုံးပစ်လောင်ချာများအပါအဝင် အမြောက်နှင့်ပတ်သက်သည့် အစိတ်အပိုင်းပေါင်း ၂၀,၀၀၀ ခန့်ရှိသည်ဟု ဖော်ပြခဲ့ပြီး ယင်းပမာဏသည် ကမ္ဘာပေါ်ရှိ အခြားနိုင်ငံများထက် ပိုမိုများပြားသည့် ပမာဏဖြစ်သည်ဟု ဒမ့်ပ်ဆေးက ပြောကြားခဲ့သည်။

မြောက်ကိုရီးယားနိုင်ငံပိုင်မီဒီယာကမူ ၎င်း၏ အမြောက်များသည် ပြည်သူ့တပ်မတော်၏ ပထမဆုံးလက်နက်ဖြစ်ပြီး ရန်သူ့ပစ်မှတ်များကို မီးပင်လယ်ဖြစ်သွားစေနိုင်သည့် ကမ္ဘာ့အင်အားအပြင်းဆုံးလက်နက်ဟု သုံးနှုန်းဖော်ပြခဲ့သည်။

သို့သော်လည်း ၎င်း၏ အိုဟောင်းနေသည့် အမြောက်ပစ်ခတ်သည့် စနစ်များကြောင့် ရုရှားကို ရောင်းချဖွယ်ရှိသည့် ခဲယမ်းများသည် ပစ်မှတ်တိကျမှုအပိုင်းတွင် အားနည်းချက်များရှိနေနိုင်သည်။

၂၀၁၀ ပြည့်နှစ်က မြောက်ကိုရီးယားသည် တောင်ကိုရီးယား၏ ယွန်ဖြောင်ကျွန်းကို အမြောက်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ချိန်က လူလေးဦးသေဆုံးခဲ့သည်။ ဘန်းနက်ကမူ မြောက်ကိုရီးယားက ပစ်ခတ်ခဲ့သည့် အမြောက်ဆန် ၃၀၀ ခန့်မှ ၄၀၀ အနက် အမြောက်ဆန် ၈၀ ခန့်သာ ပစ်မှတ်ကို ထိမှန် ခဲ့ဖွယ်ရှိသည်ဟု ဆိုသည်။

မြောက်ကိုရီးယားမှ ပစ်ခတ်ခဲ့သည့် အမြောက်ဆန်များထဲမှ ထက်ဝက်ခန့်သည် ယွန်ဖြောင်ကျွန်းသို့ မရောက်မီ ရေထဲသို့ ကျသွားခဲ့သည်ဟုုလည်း လီက ခန့်မှန်းခဲ့သည်။

”ဒါဟာ တော်တော်ညံ့တဲ့ အမြောက်စွမ်းဆောင်ရည်ပါပဲ။ ရုရှားစစ်တပ်ဟာလည်း အဲ ဒီအတွေ့အကြုံကို ရပါလိမ့်မယ်။ သူတို့ ပျော်နိုင်မှာတော့ မဟုတ်ပါဘူး”ဟု ဘန်းနက်က  ပြောကြားခဲ့သည်။

ယူကရိန်းတွင် စစ်ပွဲဆင်နွှဲနေသည့် ရုရှားစစ်တပ်အတွက် မြောက်ကိုရီးယားလက်နက်ခဲယမ်းများ၏ အသုံးဝင်မှုအပေါ် လေ့လာသူများက မေးခွန်းထုတ်နေကြသည်။ လူမှုမီဒီယာများပေါ်တွင်လည်း ပြောင်းများ ကွဲနေသည့် ရုရှားအမြောက်များ၏ ဓာတ်ပုံ များထွက်ပေါ်နေသည်။

ရုရှားအနေနှင့် လက်နက်ခဲယမ်းများ မည်မျှအထိ ပြတ်လပ်နေသည်ဆိုခြင်းကိုမူ ရှင်းလင်းစွာမသိရသေးပေ။ ဇူလိုင်လက အမေရိကန် ထိပ်သီးကာကွယ်ရေးအရာရှိတစ်ဦးကမူ ရုရှားသည် နေ့စဉ်နှင့်အမျှ ထောင်သောင်းချီသည့် အမြောက်ဆန်များဖြင့် ပစ် ခတ်တိုက်ခိုက်နေသည့်အခြေအနေကို အမြဲတမ်းအတွက် ထိန်းထားနိုင်မည်မဟုတ်ဟု သတင်းထောက်များကို ပြောကြားခဲ့သည်။

မြောက်ကိုရီးယားအတွက် ရုရှားကို ပဲ့ထိန်းဒုံးကျည်များ ထောက်ပံ့ပေးဖွယ်မရှိပေ။ အဘယ်ကြောင့်ဆိုသော် ပဲ့ထိန်းဒုံးကျည်များသည် အမေရိကန်နှင့် တောင်ကိုရီးယားအပေါ် ထားရှိသည့် ၎င်း၏ စစ်ရေးမဟာဗျူဟာတွင် ပဲ့ထိန်းဒုံးကျည်များသည် မရှိမဖြစ် အရေးကြီးသည်ဟု မြောက်ကိုရီးယားက ရှုမြင်ထားခြင်းကြောင့်ဖြစ်သည်ဟု တောင်ကိုရီးယား၏ အက်ဆန် မူဝါဒလေ့လာရေးဌာနမှ ကျွမ်းကျင်သူတစ်ဦးဖြစ်သည့် ယန်အွတ်က ပြောကြားခဲ့သည်။

ရုရှားစစ်တပ်တွင် မြောက်ကိုရီးယား၏ စကတ်ဒုံးကျည်များနှင့် အခြားဒုံးကျည်များ အတွက် ဒုံးပစ်လောင်ချာများမရှိသဖြင့် မြောက်ကိုရီးယားသည် ရုရှားကို ဒုံးကျည်များ ထောက်ပံ့ပေးရန် ဆုံးဖြတ်မည်ဆိုပါက ဒုံးပစ်လောင်ချာများကိုလည်း တစ်ပါတည်းပေးပို့ရမည်ဖြစ်သည်။

မြောက်ကိုရီးယားသည် ရုရှား၏ Iskander ဒုံးကျည်ပုံစံတူထုတ်လုပ်ထားသည့် နျူက လီးယားထိပ်ဖူးတပ်ဆင်အသုံးပြုနိုင်သည့် ပဲ့ထိန်းဒုံးကျည်တစ်မျိုးထုတ်လုပ်ထားသော်လည်း ယင်းဒုံးကျည်နှစ်စင်း၏ အရွယ်အစားမှာ တူညီခြင်းမရှိကြောင်း တောင်ကိုရီးယား အခြေစိုက် ကိုရီးယားကာကွယ်ရေးနှင့် လုံခြုံရေးဖိုရမ်မှ စစ်ရေးကျွမ်းကျင်သူ ရှင်ဂျွန်ဝူးက ပြောကြားခဲ့သည်။

မြောက်ကိုရီးယားနှင့် ရုရှားသည် ဆိုဗီယက်ခေတ်က လက်နက်စနစ်များကို မျှဝေအသုံးပြုခဲ့ဖူးသဖြင့် မြောက်ကိုရီးယားသည် ရုရှားကို ထောက်ပံ့ပေးနိုင်သည့် လက်နက်ပစ္စည်းများလည်း ရှိနေသည်။ သို့သော်လည်း မြောက်ကိုရီးယားက ရုရှားကို ထောက်ပံ့ပေးနိုင်သည့် ခဲယမ်းအမျိုးအစားများသည် သက်တမ်းအိုဟောင်းသည့် လက်နက်များ သက်တမ်းကုန်တော့မည့် လက်နက်များဖြစ်နိုင်သည်ဟု တောင်ကိုရီးယား၏ အမျိုးသားမဟာဗျူဟာ ကိုရီးယားသုတေသနဌာနမှ ကျွမ်းကျင်သူ မွန်းဆောင်မွတ်က ပြောကြားခဲ့သည်။

မြောက်ကိုရီးယားသည် ရုရှားကို လက်နက်များထောက်ပံ့ပေးမှုအတွက် ရုရှားထံမှ အစားအစာ၊ လောင်စာ၊ စစ်လေယာဉ်အပို ပစ္စည်းများနှင့် အခြားကုန်ကြမ်းပစ္စည်းများ ပြန်လည်ရရှိဖွယ်ရှိသည်။ မြောက်ကိုရီးယားသည် ၎င်း၏နျူကလီးယားစီမံကိန်းကြောင့် ကုလသမဂ္ဂ၏ ပိတ်ဆို့မှုများချမှတ်ခံထားရသဖြင့် ယင်းကုန်ကြမ်းပစ္စည်းများကို ပြည်ပနိုင်ငံများမှ ဝယ်ယူတင်သွင်းခွင့် ပိတ်ပင်ခံထားရသည်။

ထို့ပြင် မြောက်ကိုရီးယားသည် အမေရိကန်နှင့် မဟာမိတ်များကို ပစ်မှတ်ထားနိုင်သည့် နည်းပညာမြင့် အင်အားပြင်းဒုံးကျည်များထုတ်လုပ်ရန် ရုရှားထံမှ ခေတ်မီလက်နက် နည်းပညာများကိုလည်း ရယူရန် ကြိုးပမ်းဖွယ်ရှိနေသည်ဟု ယန်က ပြောကြားခဲ့သည်။

”အဲဒါဆိုရင်တော့ အဆိုးဝါးဆုံးစိတ်မှန်း အနာဂတ်ဖြစ်နိုင်ခြေတစ်ခု ဖြစ်လာပါလိမ့်မယ်”ဟု ယန်က ဆိုသည်။

ဘန်းနက်၏အဆိုအရ မြောက်ကိုရီးယားသည် ရုရှားထံမှ လောင်စာများကို ရယူမည်ဖြစ်သည်။ ထို့ပြင် ခေတ်မီလက်နက်များ ထုတ်လုပ်ရန် ရုရှားထံမှ လက်နက်နည်းပညာများကိုရယူပြီး ယင်းနည်းပညာများထဲတွင် နျူကလီးယားစမ်းသပ်မှုပြုလုပ်ရန် လိုအပ်သည့်နည်းပညာကိုလည်း ရယူဖွယ်ရှိသည်ဟု သိရသည်။

ရုရှားနှင့် မြောက်ကိုရီးယားအနေဖြင့် မြစ်ကိုဖြတ်သန်းဖောက်လုပ်ထားသည့် တစ်လမ်းသွား ရထားလမ်းသာရှိပြီး ကိုးမိုင်သာရှည်လျားသည့် ၎င်းတို့နှစ်နိုင်ငံ နယ်စပ်ဒေသမှ လက်နက်ခဲယမ်းများကို သယ်ယူရာတွင်လည်း အခက်အခဲများရှိနိုင်သည်သည်ဟု ယန်က ပြောကြားခဲ့သည်။

ထို့ကြောင့် တရုတ်သည် ယင်းလက်နက်ခဲယမ်းများကိုသယ်ယူရန် ၎င်း၏ ရထားလမ်းများကို အသုံးပြုခွင့်ပေးဖွယ်ရှိသည်ဟု ဘန်းနက်က ဆိုသည်။ ကျွမ်းကျင်သူအချို့ကမူ ရုရှားသည် မြောက်ကိုရီးယားထံမှ လက်နက်များကို ရေကြောင်းမှတစ်ဆင့် သယ်ယူဖွယ်ရှိသည်ဟု သုံးသပ်ခဲ့ကြသည်။ မည်သို့ပင်ဆိုစေ မြောက်ကိုရီးယားသည် ရုရှားကို လက်နက်များရောင်းချဖွယ်ရှိမရှိနှင့် ရောင်းချလိုက်သည့် လက်နက်များသည် ရုရှားစစ်တပ်အတွက် အမှန်တကယ် အသုံးဝင်မဝင်ကိုမူ စောင့်ကြည့်ရမည်ဖြစ်သည်။        

Ref : AP­

Most Read

Most Recent