တရုတ်နှင့် တင်းမာမှုများမြင့်တက်နေသည့်ကြားမှ ယခုသီတင်းပတ်အတွင်း ပြင်သစ်လွှတ်တော်အမတ် ငါးဦးပါဝင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် အမေရိကန်အောက်လွှတ်တော်မှ အဖွဲ့သည် ထိုင်ဝမ်သို့သွားရောက်မည်ဟု အရာရှိများနှင့် သတင်းရင်းမြစ်များက ပြောကြားခဲ့သည်။
တရုတ်ကို ဒေါသထွက်စေခဲ့သည့် အမေရိကန် အရာရှိများနှင့် လွှတ်တော်အမတ်များ၏ ထိုင်ဝမ်ခရီးစဉ်များအပြီးတွင် ပြင်သစ်ကိုယ်စားလှယ်အဖွဲ့သည် ထိုင်ဝမ်သို့သွားရောက်မည့် ပထမဆုံး အဆင့်မြင့် ဥရောပအရာရှိများ ဖြစ်လာမည်ဖြစ်သည်။
ထိုင်ဝမ်ကို ၎င်း၏ နယ်နိမိတ်အဖြစ် ကြေညာထားသည့် တရုတ်သည် ပြီးခဲ့သည့် လအစောပိုင်းက အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပယ်လိုစီ၏ ထိုင်ဝမ်ခရီးစဉ်အပြီးတွင် ထိုင်ဝမ်ကျွန်းပတ်ပတ်လည်၌ စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ခဲ့သည်။
ပယ်လိုစီ၏ခရီးစဉ်အပြီးတွင် အရီဇိုးနားပြည်နယ်အုပ်ချုပ်ရေးမှူးနှင့် လွှတ်တော်အမတ်များအပါအဝင် အခြားအမေရိကန်ကိုယ်စားလှယ်အဖွဲ့များက ထိုင်ဝမ်သို့ သွားရောက်ခဲ့သည်။
ပြင်သစ်ကိုယ်စားလှယ်အဖွဲ့သည် စက်တင်ဘာ ၇ ရက်တွင် ထိုင်ဝမ်သို့ ရောက်ရှိပြီး စက်တင်ဘာ ၁၂ ရက်အထိ ထိုင်ဝမ်တွင်နေထိုင်သွားမည်ဟု ထိုင်ဝမ် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။ ယင်းကိုယ်စားလှယ်အဖွဲ့သည် ထိုင်ဝမ်၏ ဒုတိယသမ္မတ ဝီလီယံလိုင်နှင့်တွေ့ဆုံသွားမည်ဟုလည်း ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုသည်။
ပြင်သစ်ကိုယ်စားလှယ်အဖွဲ့ကို အထက်လွှတ်တော်အမတ် ကိုင်ရီ ပယ်လီဗတ်က ဦး ဆောင်လိမ့်မည်ဟု ဝန်ကြီးဌာနက ပြောကြားခဲ့သည်။
အမေရိကန် အောက်လွှတ်တော်ကိုယ်စားလှယ် စတီဖင်နီ မာဖီသည်လည်း ပါတီနှစ်ရပ်ပါဝင်သည့် အောက်လွှတ်တော် ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ကာ ထိုင်ဝမ်သို့ စက်တင်ဘာ ၇ ရက်တွင် ရောက်ရှိပြီး စက်တင်ဘာ ၉ ရက်အထိ နေထိုင်သွားမည်ဟု ယင်းအစီအစဉ်များနှင့် နီးစပ်သည့် သတင်းရင်းမြစ်များက ရိုက်တာသတင်းဌာနကို ပြောကြားခဲ့သည်။
ထိုင်ဝမ်သည် ၎င်းနှင့် စိတ်သဘောထားချင်းတူညီသည့် ဒီမိုကရေစီနိုင်ငံများနှင့် ဆက်ဆံရေးများကို မြှင့်တင်ရန်ကြိုးပမ်းခဲ့ပြီး တရုတ်နှင့် ဆက်ဆံရေးတင်းမာခဲ့သည်။
ယခုနှစ်ကုန်ပိုင်းတွင်လည်း ဂျာမနီ၊ ဗြိတိန်နှင့် ကနေဒါလွှတ်တော်အမတ်များသည် ထိုင်ဝမ်ကို လာရောက်ဖွယ်ရှိသည်။
တရုတ်ကမူ ထိုင်ဝမ်အရေးကို ၎င်း၏ ပြည်တွင်းရေးသားဖြစ်သည်ဟု ပြောကြားခဲ့ပြီး ပြည်ပအရာရှိများ သို့မဟုတ် လွှတ်တော်အမတ်များ၏ ခရီးစဉ်များကို ဝေဖန်ပြစ်တင်လေ့ရှိသည်။ ထိုင်ဝမ်၏ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ခံထားရသည့် အစိုးရကမူ တရုတ်ပြည်မကြီးသည် ထိုင်ဝမ်ကို မည်သည့်အခါကမျှ အုပ်ချုပ်ခဲ့ခြင်းမရှိသဖြင့် ယင်းကဲ့သို့တစ်ဖက်သတ်ပြောဆိုပိုင်ခွင့် မရှိကြောင်းနှင့် ထိုင်ဝမ်၏အနာဂတ်ကို ထိုင်ဝမ်ပြည်သူ ၂၃ သန်းကသာ ဆုံးဖြတ်နိုင်ကြောင်း ပြောကြားခဲ့သည်။
တရုတ်ကမူ မကြာသေးမီနှစ်များအတွင်း ထိုင်ဝမ်ကျွန်းအနီးသို့ စစ်လေယာဉ်များစေလွှတ်ပျံသန်းခဲ့ကာ ထိုင်ဝမ်အပေါ် စစ်ရေးဖိအားများ တိုးမြှင့်ခဲ့သည်။














