စဉ်းစားမိသော ရွှေစံချိန်စနစ်နှင့် စီးပွားရေး တည်ငြိမ်၊ မငြိမ်

စဉ်းစားမိသော ရွှေစံချိန်စနစ်နှင့် စီးပွားရေး တည်ငြိမ်၊ မငြိမ်
Published 5 September 2022

(၁) 

ကမ္ဘာ့စီးပွားရေး သမိုင်းကြောင်းကို လေ့လာကြည့်သည့်အခါ ကုန်စည်ငွေကြေး ဟုခေါ်သည့်  Commodity Money  များကို အသုံးပြုခဲ့ကြသည်ကိုတွေ့ရှိရသည်။ ၁၉ ရာ စုနှင့်၂၀ ရာစုအစပိုင်း ကာလများက အမေရိ ကန်နှင့် ယူကေ (ဗြိတိန်) နိုင်ငံတို့တွင် ရွှေ စံချိန်စနစ် အသုံးပြုခဲ့ကြောင်းလည်း သိမှတ်ရသည်။ ရွှေစံချိန်စနစ်တွင် နိုင်ငံများသည် ၎င်းတို့၏ငွေကြေးများကို ရွှေသတ္တုကို ကျောထောက်နောက်ခံပြု၍ ထုတ်ဝေကြရသည်။ ထုတ်ဝေထားသော ငွေကြေးများကို ရွှေ သတ္တုဖြင့် ပြန်လည်လဲယူခွင့်လည်းရှိသည်။ 

၁၉၄၄ ခုနှစ်တွင် ကမ္ဘာနိုင်ငံများသည် ဘရစ်တန်ဝုဒ် သဘောတူညီမှု ( Bretton Wood Agreement) စတင်ခဲ့ပြီးနောက် ရွှေ သတ္တုနှင့် ဒေါ်လာတို့ကို ပုံသေတန်ဖိုးသတ် မှတ်ချိတ်ဆက်၍ ကမ္ဘာ့ငွေကြေးစနစ်ကို အသုံးပြုခဲ့သည်။  ၁၉၃၄ ခုနှစ်တွင် အမေရိ ကန်၊ ပြင်သစ်နှင့် ဗြိိတိန်တို့သည် သန့်စင်ပြီး ရွှေတစ်အောင်စကို အမေရိကန်ဒေါ်လာ ၃၅ ဒေါ်လာနှုန်းဖြင့် ပုံသေသတ်မှတ်သုံးစွဲခဲ့ကြ ဖူးသည်။ ၁၉၇၀ နောက်ပိုင်းတွင် ဘရက်တန် ဝုဒ်စနစ် ရပ်ဆိုင်းသွားခြင်းနှင့်အတူ ရွှေသတ္တု  ထွက်ရှိမှု၊  နိုင်ငံများ၏စီးပွားရေး၊ ကုန်သွယ် ရေး  ဟန်ချက်မညီမှုတို့ကြောင့် ထိုစနစ်ကျင့် သုံးမှုရပ်ဆိုင်းသွားပြီး တစ်နိုင်ငံချင်း လွတ်လပ် စွာနှုန်းထား အရှင်မျှောငွေကြေးစနစ်ဖြင့် အသုံးပြုလာကြသည်။ နိုင်ငံတကာကုန်သွယ် ရေး၊ စီးပွားရေးတွင် အင်အားကြီးသော အမေ ရိကန်နိုင်ငံ၏ ငွေကြေးဒေါ်လာကို ဘုံငွေ ကြေးသဖွယ်  သုံးစွဲခဲ့ကြသည်။   

ကမ္ဘာ့နိုင်ငံအတော်များများသည် နိုင်ငံတကာစီးပွားရေးရာ၊ ကုန်သွယ်ရေးရာများတွင် အမေရိကန်ဒေါ်လာ ငွေကြေးကိုသုံးစွဲနေကြ သည်မှာ ဘရက်ဝုဒ်စနစ်ရပ်ဆိုင်းသွားချိန်ကတည်းမှစ၍ ယနေ့အထိ ကာလအတော်ပင် ကြာခဲ့လေပြီ။ ထိုအမေရိကန်ဒေါ်လာသည် စီးပွားရေးအင်အားကြီးနိုင်ငံ၏ ငွေကြေးဟူ သော ဂုဏ်ပုဒ်မှလွဲ၍ ရွှေကဲ့သို့ပင်ကို တန်ဖိုး မရှိပေ။ တစ်ချိန်တစ်ခါက ရွှေနှင့် တန်ဖိုးချိတ် ဆက် သတ်မှတ်အသုံးပြုခဲ့ဖူးသော၊ အမေရိ ကန်အစိုးရ၏ အမိန့်အာဏာဖြင့် ထုတ်ဝေ အသုံးပြုနေသော ငွေစက္ကူပင်။ ယခုအချိန် တစ်ကမ္ဘာလုံး အင်ဖလေးရှင်းခေါ် ငွေကြေး ဖောင်းပွမှုကို ကျယ်ကျယ်ပြန့်ပြန့် ခံစားလာ နေချိန်တွင် တစ်ချိန်တစ်ခါက ကျင့်သုံးခဲ့ဖူး သည့် ရွှေစံချိန်စနစ်ကို ပြန်လည်သတိရလာသည်။ ထိုစနစ်၏အားနည်းချက်အားသာ ချက်များကို ပြန်လည်စဉ်းစားမိသည်။ 

(၂)

လက်ရှိကမ္ဘာ့စီးပွားရေးသည် ဖိယက်မန်း (Fiat Money) ပေါ်တွင် မူတည်နေသည်။ ဖိယက်မန်းနီးဆိုသည်မှာ အဘယ်နည်း။ ဖိယက်မန်းနီးဆိုသည်မှာ ရွှေငွေသတ္တု စသဖြင့်  တန်ဖိုးရှိအရာများ ကျောထောက်နောက်ခံ မထားဘဲ အစိုးရ၏အမိန့်အာဏာဖြင့် တရားဝင်ငွေကြေးဖြစ်သည်ဟု ကြေညာ၍ စီးပွားရေး အဆောက်အအုံအတွင်း ထုတ်ဝေသုံးစွဲနေသော ငွေကြေးပင်ဖြစ်သည်။      

အဆိုပါ ဖိယက်မန်းနီးဟုခေါ်သည့် အစိုးရထုတ်ငွေစက္ကူများသည် လက်ရှိရင် ဆိုင်နေရသော စီးပွားရေးမတည်ငြိမ်မှု၏ အဓိကအကြောင်းတရားဖြစ်ကြောင်း၊ ရွှေ စံချိန်ငွေကြေးစနစ်သည် မတည်ငြိမ်မှုကို လျှော့ချပေးနိုင်ကြောင်း စီးပွားရေးပညာရှင် အချို့က ပြန်လည်သုံးသပ်နေချိန်တွင် အချို့ ကလည်း ကွဲပြားသော အမြင်များကို ဖော် ထုတ်နေကြသည်။   

အမေရိကန်ဗဟိုဘဏ်ဥက္ကဋ္ဌဟောင်း ဖြစ်ခဲ့သူ ဘာနန်ကီ (Ben Bernanke) က ၂၀၁၂ ခုနှစ် မတ်လ၊ ဂျော့ဝါရှင်တန် Washington University တက္ကသိုလ်တွင် ပြုလုပ်ခဲ့သည့် သူ၏ပို့ချချက်တစ်ခုထဲ၌ ရွှေစံချိန်စံနစ်သည်ငွေကြေးပမာဏကို ပြဋ္ဌာန်းပေးနိုင်သည်ဟုထည့်သွင်းဖော်ပြထားသည်။ ထို့ကြောင့် စီးပွားရေးတည်ငြိမ်ရေးမှုရရှိရန် ငွေကြေးပေါ်လစီအသုံးပြုနေသည့် ဗဟိုဘဏ် ၏ အခန်းကဏ္ဍကို များများစားစားပေး မထား ပေ။ ရွှေပမာဏကိုမူတည်၍ ငွေကြေး ပမာဏ ကို ဆုံးဖြတ်ပြီးသားဖြစ်သောကြောင့် စီးပွား ရေး အတက်အကျများ၊ မတည်ငြိမ်မှုများ ကြုံ တွေ့စရာ အကြောင်းမရှိ။ ဗဟိုဘဏ်အနေဖြင့် အားထုတ်စရာမလိုဟူသည့်သဘောရောက် သည်။ အခြားရှုထောင့်အရ အင်ဖလေးရှင်း ဖြစ်နေချိန်တွင် အတိုးနှုန်းမြင့်တင်ရန်၊ စီးပွား ရေး ဆုတ်ယုတ်ကျဆင်းနေချိန်တွင် အတိုးနှုန်း လျှော့ချရန် ဗဟိုဘဏ ်အနေဖြင့်  ပြုလွယ်ပြင် လွယ်အခြေအနေမျိုးမရှိဟုလည်း ယူဆနိုင် သည်။    

ရွှေစံချိန်စနစ်ကပေးသော နောက်ထပ် ကောင်းကျိုးလည်း ရှိသည်ဟု ဆိုသည်။ ငွေ စက္ကူများ မဆင်မခြင်ရိုက်နှိပ်ခြင်းမပြုစေရန် အာဏာပိုင်များကို ဟန့်တားပေးနိုင်ခြင်းဖြစ် သည်။ သို့သော် ဘာနန်ကီ၏ပြောဆိုချက်ထဲ တွင် စိုးရိမ်ရမည့် သတိပြုစရာရှိသည်။ ရွှေ သတ္တုပမာဏ နည်းပါးနေချိန်တွင် ငွေကြေး ပမာဏ တိုးမြင့်မှုမရှိသဖြင့် ပိုမိုထုတ်လုပ်လာ သော ကုန်စည်နှင့်ဝန်ဆောင်မှုများ၏ စျေး နှုန်းများ အကြီးအကျယ်ကျဆင်းမှုဆီသို့ ဦး တည်သွားနိုင်ပြီး စီးပွားရေး ဆိုးဆိုးရွားရွား ထိခိုက်သည့် အခြေအနေဖြစ်လာနိုင်သည်ဟူ သော အချက်ဖြစ်သည်။   

(၃) 

 ဘာနန်ကီ၏ ရွှေစံချိန်စနစ်အပေါ် နောက်ထပ် အနုတ်လက္ခဏာအမြင်မှာ ရွှေ စံချိန်ကို အခြေခံထားသည့် ငွေကြေးများ အကြားတွင် ပုံသေငွေလဲလှယ်နှုန်းစနစ်ဖြစ်ပေါ်ခြင်းဖြစ်သည်။ အကယ်၍  နိုင်ငံတစ်နိုင်ငံ သည်ငွေကြေးပမာဏ အပြောင်းအလဲဖြစ် ပေါ်လာသောကြောင့်လည်းကောင်း သို့မဟုတ် အကြောင်းတစ်စုံတစ်ရာကြောင့် ငွေကြေး ဆိုင်ရာ ရှော့ခ်တစ်ခု မဟုတ်တစ်ခု ရင်ဆိုင်ရ သောကြောင့်လည်းကောင်း ဆိုးရွားသော မူဝါဒသက်ရောက်မှုများရှိခဲ့လျှင် အဆိုပါ နိုင်ငံ၏ ငွေကြေးနှင့် ချိတ်ဆက်ထားသော အခြားတိုင်းပြည်ကိုလည်း ဆက်စပ်သက် ရောက်မှုများရှိလာလိမ့်မည်ဟု ဆိုထားသည်။ သို့သော် ထိုအခြေအနေသည် လွတ်လပ်သော စျေးကွက်များထဲတွင် ဖြစ်ပေါ်တတ်သည့် သဘာဝတစ်ခုဖြစ်သည်။ ဒေါ်လာ သို့မဟုတ် အခြားသောမည်သည့်ငွေကြေးမဆို စျေးကွက် ထဲ၌ သီးခြားလွတ်လပ်စွာမရှိဘဲ  တစ်ခုနှင့်တစ် ခု ဆက်စပ်လျက် လှုပ်ရှားပြောင်းလဲနေတတ် သည်ကို ၎င်းအနေဖြင့် သတိမမူခဲ့ခြင်းသာ ဖြစ်လိမ့်မည်။ 

 

Most Read

Most Recent