ပြည်သူ့ဆန္ဒနှင့် မြန်မာ့နိုင်ငံရေးခရီး (Public Will)

ပြည်သူ့ဆန္ဒနှင့် မြန်မာ့နိုင်ငံရေးခရီး (Public Will)
Published 4 September 2022
ပါမောက္ခ ဒေါက်တာသောင်းဌေး (စာရင်းအင်းပညာ)

၁၉၇၃-၁၉၇၄ ခုနှစ်အချိန်ကာလ စာရေးသူ အလယ်တန်းကျောင်းသားဘဝတွင် တွေ့မြင်သိရှိခဲ့ရသည့် ပြည်သူ့ဆန္ဒမဲပေးပွဲ အခြေအနေကလေးကို တင်ပြပါမည်။ ထိုစဉ်အချိန်ကာလက တွေ့ရှိခဲ့ရသည်မှာ ဆန္ဒမဲပေးခြင်းသည် ထောက်ခံခြင်းနှင့် ကန့်ကွက်ခြင်း နှစ်မျိုးသာလျှင်ဖြစ်ပြီး ဆန္ဒမဲပေးပွဲ မတိုင်မီ ဟောပြောပွဲများ၊ ဆွေးနွေးပွဲများ ပြုလုပ်ရာတွင်သော်လည်းကောင်း၊ စာစောင်များ၊ ပိုစတာများ စသည်တို့တွင်သော်လည်းကောင်း ပြည်သူပြည်သားများအား “ထောက်ခံဆန္ဒမဲ” ပေးကြစေရန် အမျိုးမျိုး လှုံ့ဆာ်တိုက်တွန်းခြင်းများကို တွေ့မြင်ခဲ့ရပါသည်။

ဆန္ဒမဲပေးသည့်အချိန်တွင် အမှန်ခြစ် သင်္ကေတအမှတ်အသားကို အသုံးပြုထားသည့် ထောက်ခံသည့် အဖြူရောင် မဲပုံးထဲသို့သာ ဆန္ဒမဲလက်မှတ်ကို ထည့်ပေးရန် နည်းအမျိုးမျိုးကို အသုံးပြုပြီး တိုက်တွန်းခဲ့ကြပါသည်။ ကြက်ခြေခတ် အမှတ်အသားပါရှိသည့် ကန့်ကွက်သည့် အမဲရောင် မဲပုံးအတွင်းသို့ ဆန္ဒမဲလက်မှတ်ကို ထည့်သွင်းခြင်း မပြုကြရန် သတိပေးလျက်ရှိကြသည့်အပြင် အချို့သော မဲရုံများတွင် အမဲရောင် မဲပုံးအတွင်းသို့ ဆန္ဒမဲလက်မှတ်ထည့်ရာတွင် အခက်အခဲများ ဖြစ်ပေါ်စေရန် ပြုလုပ်ဆောင်ရွက်ထားရှိကြကြောင်းကိုလည်း ကြားသိခဲ့ရပါသည်။ ထိုစဉ်အချိန်အခါက ပြည်သူ့ဆန္ဒဆိုသည်မှာ ထောက်ခံရန်အတွက်သာ ဖြစ်သည်ဟု သိမြင်နားလည်ခဲ့ရပါသည်။

နှစ်ပေါင်း ၅၀ ခန့်နီးပါးခန့် ကြာမြင့်ခဲ့ပြီးနောက် ယနေ့အချိန် တွေ့မြင်နေရသည့် ပြည်သူ့ဆန္ဒအဖြစ် သတ်မှတ်ပြဋ္ဌာန်းလိုသည့် သဘောထားတစ်ရပ်မှာ “ငါနှင့် မတူ ငါ့ရန်သူ”၊ “ငါတို့ထောက်ခံတဲ့အတိုင်း ထောက်ခံရမယ်” ဆိုပြီး ဇွတ်အတင်း ထောက်ခံခိုင်းခြင်းနှင့် အကယ်၍ မထောက်ခံခဲ့ပါက (Social Punishment) ဟု ခေါ်ဆိုသည့် အရှက်ရရှိစေရန် ဆောင်ရွက်ခြင်း၊ လူတောတိုးခွင့် မရရှိနိုင်စေရန် ဆောင်ရွက်ခြင်း၊ အကျိုးစီးပွားများ ဆုံးရှုံးပျက်စီးစေရန် ဆောင်ရွက်ခြင်းများကို ပြုလုပ်ဆောင်ရွက်လာကြကြောင်း ကြားသိလာရပါသည်။

ယနေ့အချိန်အခါသည် ပြည်သူ့ဆန္ဒအဖြစ်သတ်မှတ်ပြီး ဇွတ်အတင်းထောက်ခံစေခြင်းမှာ အပြင်းထန်ဆုံး၊ အမြင့်မားဆုံးအဆင့်သို့ ရောက်ရှိနေသည်ဟု ပြောဆိုနိုင်ပါသည်။ သို့သော်လည်း ယနေ့အချိန် ဇွတ်အတင်းထောက်ခံခိုင်းခြင်းသည် ရုတ်ခြည်းပေါ်ထွက်လာသည့် ကိစ္စရပ်မဟုတ်ပါ။ ရှေးယခင်ကတည်းကပင် ပြည်သူ ပြည်သားများအား ပြည်သူ့ဆန္ဒအဖြစ်သို့ ရောက်ရှိ သတ်မှတ်နိုင်စေရန် ဇွတ်အတင်းထောက်ခံခိုင်းခြင်း၏ အကျိုးဆက်များဖြစ်ပါသည်။

ယခင်အချိန်ကာလများ “ထောက်ခံခြင်း” နှင့် “ကန့်ကွက်ခြင်း” နှစ်မျိုးတည်းရှိစဉ်ကာလ အချိန်ကတည်းက ပြည်သူပြည်သားများအား လွတ်လပ်စွာ ရွေးချယ်ခွင့်ကို ကန့်သတ်ပြီး “ထောက်ခံခြင်း” ကိုသာ ဇွတ်အတင်းရယူခဲ့သည့် အကြောင်းတရားသည် ယနေ့အချိန် ပါတီစုံဒီမိုကရေစီခေတ်သို့ ရောက်ရှိလာသောအခါ ပါတီအဖွဲ့အစည်း မြောက်မြားစွာထဲမှ ပါတီအဖွဲ့အစည်းတစ်ခုကိုသာ ရွေးချယ်ရန် ဖြစ်တည်လာသောအခါတွင် ယခင်ကျင်းပချိန်ကာလများက ဇွတ်အတင်း ထောက်ခံခိုင်းခဲ့သည့် အကြောင်းတရားသည် ယနေ့တည်ရှိသော ပါတီအဖွဲ့အစည်းများအတွင်း အကျိုးတရားအဖြစ် ရောက်ရှိဖြစ်ပေါ်လာစေခဲ့ပါတော့သည်။

ထို့ကြောင့်လည်း အချို့သော လူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းအဖွဲ့ဝင်များသည် ရှေးယခင်က ကျင့်သုံးခဲ့ကြသည့် နည်းလမ်းများအတိုင်း ဇွတ်အတင်း ထောက်ခံခိုင်းခဲ့သည့် အလေ့အကျင့် ယဉ်ကျေးမှုကို ပြန်လည်နှိုးဆွပြီး အစွမ်းကုန်အသုံးပြုခဲ့ကြရာ “ငါနှင့်မတူ ငါ့ရန်သူ”၊ “ငါတို့ ထောက်ခံတဲ့အတိုင်း ထောက်ခံရမယ်” ဆိုပြီး ဇွတ်အတင်း ထောက်ခံခိုင်းသည့် အဆင့်သို့ ရောက်ရှိသွားစေခဲ့ပါတော့သည်။

လောကတွင် အကြောင်းနှင့် အကျိုးသည် အမြဲတမ်းတည်ရှိဖြစ်ပေါ်လျက်ရှိပါသဖြင့် ယနေ့အချိန်အခါ တည်ရှိဖြစ်ပေါ်စေလျက်ရှိသည့် အကျိုးတရားများသည် ယခင်အချိန်ကာလများက ပြုလုပ်ကျင့်သုံးဆောင်ရွက်ခဲ့ကြသည့် အကြောင်းတရားများကြောင့် ဖြစ်သည်ကို စာဖတ်သူများ၏ အသိအမြင်တွင် သတိပြုနိုင်ကြစေရန် တင်ပြပါသည်။

ဤတွင် မေးခွန်းများမှာ (က) ပြည်သူ့ဆန္ဒ (Public Will) ၏ အဓိပ္ပာယ်ကို မည်ကဲ့သို့ ဖွင့်ဆိုထားရှိပါသလဲ။ (ခ) ပြည်သူ့ဆန္ဒသည် မည်ကဲ့သို့သော သဘောတရား ဖြစ်ပါသလဲ။ (ဂ) မြန်မာ့နိုင်ငံရေးခရီးတွင် ပြည်သူ့ဆန္ဒကို မည်ကဲ့သို့ အသုံးပြုခဲ့ကြပါသလဲဆိုသည့် မေးခွန်းများ ပေါ်ထွက်လာစေခဲ့ပါသည်။ ယခုဆောင်းပါးသည်အထက် ဖော်ပြပါမေးခွန်းများ၏ အဖြေများကို အတိအကျ ပေးစွမ်းနိုင်သည့် အဆင့်မဟုတ်ပါသော်လည်း စာဖတ်သူများအတွက် အနည်းငယ်သော အသိအမြင်ကို ပေးစွမ်းနိုင်မည်ဟု ယုံကြည်ပါသည်။

စာရေးသူ ယခုဆောင်းပါးကို ရေးသားတင်ပြရသည့် အကြောင်းရင်းမှာ ပြည်သူပြည်သားများအား နိုင်ငံရေး အသိပညာအသိအမြင် ကျယ်ပြန့်စေပြီး အဆင့်မြင့်မား တိုးတက်လာစေရန် ကြိုးပမ်းအားထုတ် ဆောင်ရွက်ခြင်းမပြုဘဲ နိုင်ငံတော်၏ အချုပ်အခြာအာဏာရယူခြင်းကို တရားဝင်ဖြစ်စေရေးအတွက် ပြည်သူပြည်သားများအား ဇွတ်အတင်း ထောက်ခံခိုင်းတတ်သည့် အလေ့အကျင့်ယဉ်ကျေးမှုများ လျော့နည်းပပျောက်စေပြီး အသိဉာဏ်ပညာကို အခြေခံသည့် ပြည်သူပြည်သားများ ၏ ဆန္ဒအမှန် “ပြည်သူ့ဆန္ဒ” အစစ်အမှန်ကို ရယူကာ နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ဂုဏ်သိက္ခာဖြင့်ရယူ တာဝန်ယူပြီး ကျင့်သုံးဆောင်ရွက်လာနိုင်ြ ကစေရေးကို ရည်ရွယ်ပါသည်။

ပထမဦးစွာ ပြည်သူ့ဆန္ဒ (Public Will) ၏ အဓိပ္ပာယ် သတ်မှတ်ထားချက်များကို ရှင်းလင်းတင်ပြပါမည်။ ပြည်သူ့ဆန္ဒနှင့် ပတ်သက်ပြီး အဓိပ္ပာယ် အမျိုးမျိုး ဖွင့်ဆိုတတ်ကြပါသော်လည်း ယခုဆောင်းပါးတွင် (Reference: 1) တွင် ဖော်ပြ ထားသည့် အဓိပ္ပာယ်ကိုသာ ရှင်း လင်း တင်ပြပါမည်။

Public will is a social system’s shared recognition of a particular problem and resolve to address the situation in a particular way through sustained collective action.(Reference: 1, pp – 111)

ဖော်ပြထားချက်အရ “ပြည်သူ့ဆန္ဒဆိုသည်မှာ လူမှုစနစ် တစ်ရပ်ဖြစ်ပြီး ရေရှည်စုပေါင်း ဆောင်ရွက်ခြင်းအားဖြင့် သီးခြား အထူးနည်းလမ်းတစ်ခုတွင်ရှိ အခြေအနေကို ရင်ဆိုင်ဖြေရှင်းရန် ဆုံး ဖြတ်ချက်ချမှတ်ထားရှိခြင်းနှင့် သီးခြားပြဿနာတစ်ရပ်အဖြစ် အသိအမှတ်ပြုကာ ဝေမျှခြင်းတို့ ဖြစ်ပါသည်။

ပြည်သူ့ဆန္ဒ၏ အဓိပ္ပာယ်နှင့်ပတ်သက်ပြီး အစိတ်အပိုင်းများ ခွဲခြားပြီး လေ့လာကြည့်ပါလျှင် အောက်ပါ အစိတ်အပိုင်းငါးပိုင်းကို တွေ့ရှိရမည် ဖြစ်ပါသည်။ (Reference: 1, pp – 111)

(က) လူမှုစနစ် (1. Social system;)

(ခ) သီးခြားပြဿနာတစ်ရပ်အဖြစ် အသိအမှတ်ပြုကာ ဝေမျှခြင်း (2. Shared recognition of a particular problem;)

(ဂ) အခြေအနေကို ရင်ဆိုင်ဖြေရှင်း ရန် ဆုံးဖြတ်ချက် ချမှတ်ထားရှိခြင်း (3. Resolve to address the situation;)

(ဃ) သီးခြား အထူးနည်းလမ်း တစ်ခု တွင်ရှိ (4. In a particular way;)

(င) ရေရှည် စုပေါင်းဆောင်ရွက် ခြင်းအားဖြင့် (5. Through sustained collective action.)

ဒုတိယအနေဖြင့် ပြည်သူ့ဆန္ဒ၏အဓိပ္ပာယ်ကို ဖော်ပြရာတွင် အရေးကြီးသည့် ဧရိယာသဘောတရား ဆက်သွယ်ချက် သုံးခုကို တင်ပြပါ မည်။ ၎င်းတို့မှာ (၁) နိုင်ငံရေးလုပ် ငန်းစဉ်များတွင် ပါဝင်ဆောင်ရွက်ခြင်းနှင့် တာဝန်ခံမှု၊ တာဝန်ယူမှုရှိသည့် အစိုးရဖြစ်စေရေး (Political Participation and Government Accountability))၊  (၂) ပြည်သူ့ရေးရာမူဝါဒများ ပြုလုပ်ဖော်ဆောင်ခြင်း လုပ်ငန်းစဉ် (Public Policy-Making Process) နှင့် (၃) ဆက်သွယ်ဆောင်ရွက်ခြင်းနှင့် အပြောင်းအလဲများဖြစ်စေရန် ဖန်တီးဖော်ဆောင်ခြင်း (Communication and Change) တို့ ဖြစ်ကြပါသည်။ (Reference: 1, pp – 106-၁၀၉).

အထက်ဖော်ပြပါ အချက်သုံးချက်စလုံးကို အပြည့်အစုံ ရှင်းလင်းတင်ပြမည်ဆိုပါက သီးခြားဆောင်းပါးတစ်ပုဒ်ဖြင့် ရှင်းလင်းတင်ပြရမည့် အခြေအနေဖြစ်ပါသဖြင့် တစ်ချက် ချင်းစီကို ရှင်းလင်းတင်ပြခြင်း မပြု တော့ဘဲ သုံးချက်စလုံးကို ခြုံငြုံပြီး စာရေးသူအနေဖြင့် အရေးကြီးသည် ဟု ထင်မြင်ယူဆရသည့်  အကြောင်းအရာများကိုသာ ကောက်နုတ် တင်ပြပါမည်။

ပထမ တင်ပြလိုသည့် အကြောင်းအရာမှာ ပြည်သူ ပြည်သားများကို စီမံအုပ်ချုပ်ခြင်း (Rule of the People) ပြုလုပ်ရာ၌ ပြည်သူ့ဆန္ဒကို အလေးအနက်ပြုပြီး တန်ဖိုးထားရှိမည်ဆိုပါက သတင်း အချက်အလက်စီးဆင်းမှုနှင့် အုပ်ချုပ်ရေး လုပ်ငန်းများကို စီမံဆောင်ရွက်ရာတွင် အထက်မှအောက်သို့ (Top-Down) ပြုလုပ်ဆောင်ရွက်ခြင်း သဘောတရားထက်အောက်မှ အထက်သို့ (The Bottom-up) သဘောတရားကို ပိုမို အလေးထားပြီး ကျင့်သုံးဆောင်ရွက်ရန် ဖြစ်ပါသည်။

ဒုတိယ တင်ပြလိုသည့် အကြောင်းအရာမှာ ပြည်သူ့ရေးရာ မူဝါဒများ ပြုလုပ်ဖော်ဆောင်ခြင်း လုပ်ငန်းစဉ် (Public Policy-Making Process) လုပ်ငန်းအဆင့်ဆင့်ကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အတူတကွ ပူးပေါင်းဆောင်ရွက်ခြင်းကို ထောက်ခံအားပေးသည့် မူဘောင် (Advocacy Coalition Framework (ACF)) ကို စနစ်တကျ ချမှတ်ဖော်ဆောင်ပြီး အသုံးပြုရန် ဖြစ်ပါသည်။

တတိယ တင်ပြလိုသည့် အကြောင်းအရာမှာ ဆက်သွယ်ဆောင်ရွက်ခြင်းနှင့် အပြောင်းအလဲများ ဖြစ်စေရန် ဖန်တီးဖော်ဆောင်ခြင်း (Communication and Change) ကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် မူဝါဒကြောင့် ပေါ်ပေါက်လာသည့် ဖြစ်စဉ်ဖြစ်ရပ် များကို ဖော်ထုတ် ပြသသည့် မူဘောင် The Narrative Policy Framework (NPF)) ကို ချမှတ် အကောင်အထည်ဖော်ဆောင်ရွက်ရန်တို့ ဖြစ်ပါသည်။

တတိယအနေနှင့် မြန်မာ့နိုင်ငံ ရေးခရီးတွင် ပြည်သူ့ဆန္ဒ (Public Will) အား အသုံးပြုခဲ့ခြင်းများကို စာရေးသူ၏ အမြင်သက်သက်ဖြင့် တင်ပြပြီး သင်ခန်းစာ ကောက်နုတ်ချက်အချို့ကို ရှင်းလင်းတင်ပြပါမည်။ မြန်မာ့နိုင်ငံရေးခရီးတွင် ပြည်သူ့ဆန္ဒကို အခြေခံခြင်း၊ အသုံးပြုခြင်းများနှင့်ပတ်သက်ပြီး အထက်တွင် ရှင်းလင်း တင်ပြခဲ့ပြီးဖြစ်ပါသည်။ ရှင်းလင်းတင်ပြချက်များကို အခြေခံကာ ပြည်သူ့ဆန္ဒများကို ဖော်ထုတ်ခဲ့ကြသည့် သဘောတရားကို ပုံတွင် ဖော်ပြထားပါသည်။

ဤတွင် မြန်မာ့နိုင်ငံရေးခရီး ဆိုသည်မှာ မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိပြီးသည့်နောက် အချိန်ကာလအတွင်း ကျင့်သုံးအကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြသည့် နိုင်ငံရေးဖြစ်စဉ်များကိုသာ ရည်ညွှန်းပါသည်။ လွတ်လပ်ရေးရရှိ ပြီးသည့်နောက် ယနေ့အချိန်အထိ ဆိုပါလျှင် နှစ်ပေါင်း ၇၅ နှစ် နီးပါးရှိသည့် အချိန်ကာလအတွင်း ကျင့်သုံးခဲ့ကြသည့် နိုင်ငံရေးစနစ်များကို အကြမ်းအားဖြင့် ခွဲခြား လေ့ လာပါလျှင် ဒီမိုကရေစီကိုကျင့်သုံး ချိန်မှာ အနှစ် ၂၀ ကျော်ခန့်သာရှိခဲ့ပြီး တစ်ပါတီအာဏာရှင်စနစ်ကို ကျင့် သုံးခဲ့သည့်အချိန်ကာလသည် ၁၄ နှစ်ခန့်နှင့်စစ်အုပ်ချုပ်ရေး ကာ လသည် ၃၉ နှစ်ခန့် ရှိခဲ့ပါသည်။ ထို့ကြောင့် စုစုပေါင်း ၇၅ နှစ်တာကာလတွင် နှစ်ပေါင်း ၅၀ ကျော်ကာလမှာ အလွန်တင်းကျပ်သည့် ဗဟိုဦးစီးစနစ်အောက်တွင် ပြည်သူပြည်သားများမှာ ရပ်တည်နေထိုင်ခဲ့ကြရပါသည်။

စာဖတ်သူများအနေဖြင့် အလိုအလျောက် သိမြင်နားလည်မည်ဟု ယူဆပါသည်။ စစ်အုပ်ချုပ်ရေးနှင့် အာဏာရှင်စနစ်ကို ကျင့်သုံးအကောင်အထည်ဖော်ဆောင်ရွက်သည်ဆိုပါက တိုင်းပြည်နိုင်ငံတော်အတွင်း ပြုလုပ်ဆောင်ရွက် အကောင်အထည်ဖော်သည့် လုပ်ငန်းမှန်သမျှ လုပ်ငန်းတိုင်းသည် စစ်ဗိုလ်ချုပ်ကြီးများ၏ ဆန္ဒနှင့် အာဏာရှင်၏ ဆန္ဒသည်သာလျှင် အဓိကဖြစ်ပြီး ပြည်သူ့ဆန္ဒများမှာ မည်သို့မျှ ဖော်ပြနိုင်ခြင်း၊ ဖော်ထုတ်တင်ပြနိုင်ခြင်း၊ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခြင်းမရှိတော့ပါ။

နောက်ဆုံးအနေဖြင့် စာရေးသူတစ်ဦးတည်း၏ အမြင်နှင့် အကြံပြုတင်ပြလိုသည့်အချက်မှာ ယနေ့အချိန် စာရေးသူတို့၏ တိုင်းပြည်နိုင်ငံသည် ကမ္ဘာပေါ်ရှိ တိုင်းပြည်နိုင်ငံများနှင့် နှိုင်းယှဉ်ပါက အဆင်းရဲဆုံးနိုင်ငံ။ ဖွံ့ဖြိုးမှု အနည်းဆုံးနိုင်ငံအဖြစ်သို့ရောက်ရှိနေပြီး ပြည်သူ ပြည်သားအချို့တို့သည်လည်း နေရပ်စွန့်ခွာ၊ အိုးအိမ် စွန့်ခွာနေကြရသည့် ဘဝများတွင် ရပ်တည်ရှင်သန် နေထိုင်ကြရလျက် ရှိနေကြရသည့် ပကတိအခြေအနေမှာ ငြင်းမရနိုင်သည့် အခြေအနေဖြစ်ပါသည်။

ထို့ကြောင့် နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ရယူခဲ့ ကြသူများ၏ လုပ်ကိုင်ဆောင်ရွက်ခဲ့ မှုများ၊ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့မှုများကို အခြေခံကာ နောင်အချိန်ကာလများတွင် အမှားများ ထပ်မံပြီး ကျူးလွန်ခြင်းများ မဖြစ်ပေါ်စေရေးအတွက် သင်ခန်းစာများ ထုတ်နုတ်ရယူနိုင်စေရန် အလို့ငှာ လွန်ခဲ့သည့် အနှစ် ၂၀ ကာလ မတိုင်မီ သို့မဟုတ် ၂၅ နှစ် ကာလမတိုင်မီ အခြေအနေများကို လွတ်လပ်စွာ လေ့လာဖော်ထုတ်ပြီး ရေးသားတင်ပြခွင့်၊ ဝေဖန်ပိုင်းခြားခွင့်များကို တရားဝင် ဥပဒေပြဋ္ဌာန်းပြီး ခွင့်ပြုပေးရန်ဖြစ်ပါသည်။ တွေ့ရှိချက်များကိုအခြေခံကာ နိုင်ငံသားများ၏ အသက်များ၊ စည်းစိမ်ဥစ္စာများကို သေကြေခြင်း၊ ပျက်စီးဆုံးရှုံးစေခြင်းများအား အစွမ်းကုန် တားဆီးကာကွယ်ပေးနိုင်ရန် ဖြစ်ပါသည်။

နိဂုံးချုပ်အနေဖြင့် တင်ပြလိုသည်မှာ ပြည်သူပြည်သားများအား နိုင်ငံရေး အသိပညာ အသိအမြင်ကျယ်ပြန့်စေပြီး အဆင့်မြင့် မားတိုးတက်လာစေရန် ကြိုးပမ်းအားထုတ် ဆောင်ရွက်ခြင်း မပြုဘဲ နိုင်ငံတော်၏ အချုပ်အခြာအာဏာ ရယူခြင်းကို တရားဝင်ဖြစ်စေရေးအတွက် ပြည်သူပြည်သားများအား ဇွတ်အတင်း ထောက်ခံခိုင်းတတ်သည့် အလေ့အကျင့် ယဉ်ကျေးမှုများ လျော့နည်းပပျောက်စေပြီး အသိဉာဏ်ပညာကို အခြေခံသည့် ပြည် သူ ပြည်သားများ၏ ဆန္ဒအမှန် “ပြည်သူ့ဆန္ဒ” အစစ်အမှန်ကို ရယူကာ နိုင်ငံတော်၏ အချုပ်အခြာ အာဏာကို ဂုဏ်သိက္ခာဖြင့် ရယူ၊ တာဝန်ယူပြီး ကျင့်သုံးဆောင်ရွက်လာနိုင်စေရေးကို စတင်ကြိုးစား ဆောင်ရွက်နိုင်ကြပါစေကြောင်း ရေးသားတင်ပြအပ်ပါသည်။

Reference:

1. Eric D. Raile, Amber N. W. Raile, Charles T. Salmon and Lori Ann Post (2014), “Defining Public Will”, Politics & Policy, Volume 42, No. 1 (2014): 103 – 130. 10. 1111/polp.12063. Published by Wiley Periodicals, Inc.

Most Read

Most Recent