ဆိုဗီယက်အင်ပါယာကို ဖြိုဖျက်ခဲ့သူ သို့မဟုတ် ဂေါ်ဘာချော့ဗ်

ဆိုဗီယက်အင်ပါယာကို ဖြိုဖျက်ခဲ့သူ သို့မဟုတ် ဂေါ်ဘာချော့ဗ်
(Phtot-AFP)
(Phtot-AFP)
Published 2 September 2022
ရာဇ

ဆိုဗီယက်ယူနီယံပြိုလဲမှုနှင့် အရှေ့ဥရောပကို ဆိုဗီယက်၏ အုပ်ချုပ်မှုအောက်မှ လွတ်မြောက်စေရန် အစပျိုးပေးခြင်းအားဖြင့် ခေတ်သစ်သမိုင်းဖြစ်စဉ်ကို ပြောင်းလဲခဲ့သည့် မီခေးလ် ဂေါ်ဘာချော့ဗ်သည် အနောက်နိုင်ငံများ၏ ချီးကျူးဂုဏ်ပြုမှုများကို ရရှိခဲ့သော်လည်း ရုရှားနိုင်ငံသားအများစု၏ ပြစ်တင်ဝေဖန်မှုကို ခံခဲ့ရသည့် ခေါင်းဆောင်တစ်ဦးဖြစ်သည်။

အသက် ၉၁ နှစ်အရွယ် သြဂုတ် ၃၀ ရက်က ကွယ်လွန်သွားခဲ့သည့် ဂေါ်ဘာချော့ဗ်သည် ပွင့်လင်းမှု (ဂလတ်နော့စ်)နှင့် ပြန်လည်တည်ဆောက်ရေး(ပယ်ရေစတွိုင်းကား)လမ်းစဉ်ကို ချပြခဲ့ခြင်းအားဖြင့် ဆိုဗီယက်ယူနီယံပြိုကွဲမှုနှင့် ၎င်း၏ခေါင်းဆောင်မှုကိုအဆုံးသတ်စေခဲ့သည့် တွန်းအားများကို မတော်တဆ ဖွင့်ထုတ်မိခဲ့သည်။

စစ်အေးတိုက်ပွဲကာလသည် မည်သည့်အခါမျှ အဆုံးသတ်လိမ့်မည်မဟုတ်ဟု နိုင်ငံအများစုက စိုးရိမ်ခဲ့ချိန်တွင် လွတ်လပ်မှုနှင့် ပြောင်းလဲမှုတို့ကို ဦးဆောင်လုပ်ဆောင်ခဲ့သည့်အတွက် အနောက်နိုင်ငံများ၏ ချီးကျူး ဂုဏ်ပြုခြင်းကိုခံခဲ့ရသော်လည်း တစ်ချိန်က အင်အားကြီးမားသည့် ဆိုဗီယက်အင်ပါယာကြီးကို ပျက်သုဉ်းစေခဲ့မှုတွင် အဓိကတာဝန်ရှိသူတစ်ဦးအဖြစ် ရုရှားနိုင်ငံသားအများစု၏ မုန်းတီးခြင်းကိုလည်းခံခဲ့ရသည့် ခေါင်းဆောင်တစ်ဦးဖြစ်သည်။

ဂေါ်ဘာချော့ဗ်သည် ၎င်းအာဏာရခဲ့သည့်အချိန်ကလည်း ထိပ်တို်က်ရင်ဆိုင်တွေ့ခြင်းထက် ငြိမ်းချမ်းရေးလမ်းစဉ်ကိုသာ ရွေးချယ်ခဲ့သူဖြစ်ပြီး ယင်းအချိန်က ဂျာမန်ဝန်ကြီးချုပ် ဟဲလ်မွတ်ခိုးလ်၊ အမေရိကန်သမ္မတ ရော်နယ်ရေဂင်တို့ကဲ့သို့ အနောက်နိုင်ငံများမှ ခေါင်းဆောင်များနှင့် ဆက်ဆံရေးများ နီး စပ်ရန် အလောတကြီး ဆောင်ရွက်ခဲ့သည်။

“ကျွန်မကတော့ မစ္စတာဂေါ်ဘာချော့ဗ်ကို သဘောကျတယ်။ အကြောင်းကိစ္စတွေမှာ ကျွန်မတို့ အတူတကွ လုပ်ဆောင်နိုင်ပါတယ်” ဗြိတိန်ဝန်ကြီးချုပ် မာဂရက်သက်ချာက  မှတ်ချက်ပေးခဲ့ဖူးသည်။

သို့သော်လည်း ၁၉၈၅ ခုနှစ်မှ ၁၉၉၁ ခုနှစ်အတွင်း အုပ်ချုပ်ခဲ့သည့် ၎င်း၏ လက်ထက်အတွင်း တားမြစ်ကန့်သတ်ချက်များကို ဖြေလျှော့လေလေ အချိန်တိုအတွင်း တန်ခိုးထွားလာခဲ့သည့် ကွန်မြူနစ်အရာရှိ ဘောရစ် ယဲ့လ်ဆင်နှင့် နှိုင်းယှဉ်ခံရပါက ချောင်ထိုးခံရလေလေဖြစ်ခဲ့သည်။

ယင်းအချိန်တွင် ဆိုဗီယက်ပြိုကွဲခဲ့ပြီး ဂေါ်ဘာချော့ဗ်သည် လူပိုတစ်ဦးကဲ့သို ဖြစ်သွားခဲ့သည်။ ပြီးခဲ့သည့်ဆယ်စုနှစ်များအတွင်းကလည်း စိတ်ဓာတ်မာကြောခြင်းမရှိသည့် ဂေါ်ဘာချော့ဗ်သည် KGB အေးဂျင့် ဟောင်းတစ်ဦးဖြစ်သည့် လက်ရှိရုရှားသမ္မတ ဗလာဒီမာပူတင်နှင့်လည်း ဆက်ဆံရေး ကောင်းမွန်ခြင်းမရှိခဲ့ပေ။

ဂေါ်ဘာချော့ဗ်သည် ယူကရိန်းအရေးနှင့်ပတ်သက်ပြီး အနောက်နိုင်ငံများနှင့် ထိပ်တိုက်တွေ့မှုတွင် ပူတင်ကို ထောက်ခံခဲ့သော်လည်း ရုရှားတွင် ဒီမိုကရေစီစနစ်ကို နောက်ပြန်ဆွဲခဲ့မှုနှင့်ပတ်သက်ပြီး ပူတင်ကို ဝေဖန် ခဲ့သည်။

 

အာဏာနှင့် အပြောင်းအလဲများ

၁၉၃၁ ခုနှစ် မတ် ၂ ရက်က ရုရှားတောင်ပိုင်း စတက်ဗ်ရိုပေါလ်ဒေသက ဆင်းရဲသည့် လယ်သမားမိသားစုတွင် မွေးဖွားခဲ့သည့် ဂေါ်ဘာချော့ဗ်သည် ဒုတိယကမ္ဘာစစ်၏ ဆင်းရဲဒုက္ခများနှင့် သူ့အဖိုးဖြစ်သူကို ချွေးတပ်စခန်း တွင် ထောင်ကိုးနှစ်ချခဲ့သည့် အာဏာရှင် ဂျိုးဆက်စတာလင်၏ ဖိနှိပ်သည့်အုပ်ချုပ်မှု အောက်တွင် ကြီးပြင်းလာခဲ့သူဖြစ်သည်။

ငယ်စဉ်ကလေးဘဝကတည်းက ဂေါ်ဘာချော့ဗ်သည် ထက်မြက်သူဖြစ်ပြီး အလုပ်ကြိုးစားသူဖြစ်သည်။ သူ အသက် ၁၆ နှစ်အရွယ်တွင် သူ့မိသားစု၏ စိုက်ခင်းတွင် စံချိန်တင်ကောက်ပဲသီးနှံ ရိတ်သိမ်းနိုင်ခဲ့မှုအတွက် လုပ်သား စလွယ်နီဆု (Red Banner of Labour) ချီးမြှင့်ခံခဲ့ရပြီး ၁၉၅၉ ပြည့်နှစ်တွင် ဥပေဒပညာကို သင်ယူရန် မော်စကိုစတိတ် တက္ကသိုလ်ကို တက်ရောက်ခွင့်ရခဲ့သည်။

ငါးနှစ်အကြာတွင် ရည်မှန်းချက်ကြီးမားသည့် ဘွဲ့ရပညာတတ်တစ်ဦးဖြစ်လာခဲ့သူ ဂေါ်ဘာချော့ဗ်သည် သူ့ဇနီးသည် ရိုင်ဆာနှင့်အတူ စတက်ဗ်ရိုပေါလ်မြို့ကို ပြန်လည်ခြေချခဲ့ပြီး ကွန်မြူနစ်ပါတီအတွင်း လျင်မြန်စွာ နေရာရလာခဲ့ကာ သူ့အသက် ၄၉ နှစ်ဖြစ်သည့် ၁၉၇၉ ခုနှစ်တွင် အသက်အငယ်ဆုံး ပေါ်လစ်ဗျူရိုအဖွဲ့ဝင် ဖြစ်လာခဲ့သည်။

၁၉၈၅ ခုနှစ်တွင်မူ ဂေါ်ဘာချော့ဗ်သည် ကွန်မြူနစ်ပါတီ၏ အတွင်းရေးမှူးချုပ်အဖြစ် ရွေးကောက်တင်မြှောက်ခံခဲ့ရပြီးနောက် ကမ္ဘာ့အကြီးဆုံးပြည်ထောင်စုနှင့် ဒုတိယအကြီးဆုံးစူပါပါ၀ါဖြစ်သည့် ဆိုဗီယက်ယူနီယံ၏ ခေါင်းဆောင်ဖြစ်လာခဲ့သည်။

အသက် ၅၄ နှစ်အရွယ်တွင် အတွေးအခေါ်များ ဆန်းသစ်ခဲ့သည့် ဂေါ်ဘာချော့ဗ်သည် ယခင်က ကရင်မလင် ရှေးရိုးစွဲအယူ ၀ါဒများနှင့် ဆန့်ကျင်ဘက်ဖြစ်သည့် ပြောင်းလဲမှုများကို လုပ်ဆောင်ခဲ့သည်။

သူ့နိုင်ငံခြားရေးမူဝါဒရွေးချယ်မှုများသည် ကမ္ဘာ့အခင်းအကျင်းကို ရိုက်ခတ်ခဲ့သည်။ သူသည် အမေရိကန်-ဆိုဗီယက် နျူကလီးယား ထိပ်တိုက်တွေ့မှုကို လက်နက်ဖျက် သိမ်းရေးသဘောတူညီချက်အများအပြား ပြုလုပ်ခြင်းဖြင့် အခြေအနေတင်းမာမှုကို ထိန်းသိမ်းခဲ့ပြီး အာဖဂန်နစ္စတန်မှ ဆိုဗီယက်တပ်များကို ပြန်လည်ရုပ်သိမ်းခြင်းတို့ ပြုလုပ်ခဲ့သည်။ ထို့ပြင် မော်စကို၏ အရှေ့ဥရောပ သြဇာခံနိုင်ငံငယ်များအပေါ် ခေါင်းဆောင်မှုအပိုင်းကိုလည်း ဖြေလျှော့ခဲ့သည်။

ပြည်တွင်းတွင်လည်း သူ၏ ဂလတ်နော့စ်နှင့် ပယ်ရီစတွိုင်းကားလမ်းစဉ်တို့သည် ကြီးမားသည့် အပြောင်းအလဲများစွာကို ဖြစ်ပေါ်စေခဲ့သည်။

ထောင်နှင့်ချီသည့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ခဲ့ပြီး ယင်းတို့အနက် အတိုက်အခံ သိပ္ပံပညာရှင် အန်ဒရီ ဆာခါရော့ဗ်လည်း ပါဝင်ခဲ့သည်။

 

ခေတ်တစ်ခေတ်၏ အဆုံးသတ်

၁၉၈၅ ခုနှစ်က နိုင်ငံအတွင်း အရက်သေစာသောက်စားမှုနှင့်ပတ်သက်ပြီး နှိမ်နင်းရန် ဂေါ်ဘာချော့ဗ်၏ ကြိုးပမ်းမှုသည် ကျရှုံးခဲ့ပြီး တိုင်းပြည်ဝင်ငွေကို ထိခိုက်ခဲ့ကာ အရက်ကို နှစ်ခြိုက်စွာသောက်သုံးသည့် ရုရှားပြည် သူတို့၏ မုန်းတီးမှုကို ခံခဲ့ရသည်။

လွတ်လပ်ခွင့်ကို အားပေးထောက်ခံသည့် သူ့လမ်းစဉ်သည် လူမျိုးပေါင်းစုံနေထိုင်သည့် ဆိုဗီယက်အင်ပါယာကို လျင်မြန်စွာ ပြိုကွဲပျက်စီးစေခဲ့သည့် အကြောင်းရင်းတစ်ခုဖြစ်ခဲ့သည်။

ကော့ကေးဆပ်မှ ဗဟိုအာရှဒေသအထိ ဘော်လ်တစ်နိုင်ငံများ၏ လွတ်လပ်ရေးလှုပ်ရှားမှုများနှင့် လူမျိုးအကွဲအပြဲသည် တစ်ချိန်က မပြိုကွဲနိုင်ဟု မှတ်ယူခဲ့ကြသည့် ဆိုဗီယက်၏တည်ဆောက်ပုံကို ယိမ်းယိုင်စေခဲ့သည်။

၁၉၈၉ ခုနှစ်တွင် အရှေ့ဥရောပနိုင်ငံများသည် ၎င်းတို့၏ ကွန်မြူနစ်အစိုးရများကို ဖြုတ်ချခဲ့ပြီး ဘာလင်တံတိုင်းကြီးလည်း လဲပြိုခဲ့သည်။ ၁၉၉၀ ပြည့်နှစ်တွင် ဂေါ်ဘာချော့ဗ်သည် ဆိုဗီယက်ယူနီယံ၏ ပထမဆုံးနှင့် နောက်ဆုံးသမ္မတအဖြစ် ရွေးကောက်ခံခဲ့ရသော်လည်း လပိုင်းအတွင်း သဘောထားတင်း မာသည့် ကွန်မြူနစ်များ၏ တော်လှန်မှုနှင့် ရင်ဆိုင်ခဲ့ရသည်။

၁၉၉၁ ခုနှစ် သြဂုတ်လက အာဏာသိမ်းမှုသည် မအောင်မြင်ခဲ့သော်လည်း ယင်းဖြစ်စဉ်သည် ဘောရစ် ယဲ့လ်ဆင်ကို အမျိုးသားသူရဲကောင်းတစ်ဦးဖြစ်လာစေခဲ့ကာ  ဂေါ်ဘာချော့ဗ်သည် ခရိုင်းမီးယားအပန်းဖြေ စခန်းမြို့တစ်မြို့တွင် နေအိမ်အကျယ်ချုပ်ဖြင့် ဖမ်းဆီးခံခဲ့ရသည်။

ယင်းအဖြစ်အပျက်များဖြစ်ပွားခဲ့ပြီး မကြာမီအချိန်အတွင်းမှာပင် ဆိုဗီယက်ယူနီယံသည် ဂေါ်ဘာချော့ဗ်၏ သြဇာနှင့်အတူ ပျောက်ကွယ်သွားခဲ့သည်။

သမ္မတရာထူးမှ နုတ်ထွက်ခဲ့သည့် ၂၅ နှစ်ပြည့်နှစ်ပတ်လည်နေ့မတိုင်မီ ရက်ပိုင်းအလိုဖြစ်သည့် ၂၀၁၆ ခုနှစ် ဒီဇင်ဘာလက ရုရှားနိုင်ငံပိုင် Rossiiskaya Gazeta သတင်းစာတွင်ရေးသားခဲ့သည့် ဂေါ်ဘာချော့ဗ်၏ အတွေးအမြင်စာစုတွင် ဆိုဗီယက်ယူနီယံ ပြိုကွဲခဲ့မှုသည် သူ့ပယောဂမကင်းကြောင်း ဝန်ခံခဲ့သည်။

“ဒါပေမယ့် ကျွန်တော်ကတော့ လိပ်ပြာလုံပါတယ်။ နိုင်ငံရေးနည်းလမ်းတွေနဲ့ ပြည်ထောင်စုကြီးကို နောက်ဆုံးအချိန်အထိ ကျွန်တော် ကာကွယ်ပေးခဲ့ပါတယ်”ဟု ဂေါ်ဘာချော့ဗ်က ရေးသားခဲ့သည်။

Ref : AFP

Most Read

Most Recent