ဆင်းရဲသည့်နိုင်ငံအဆင့်မှ ချမ်းသာဖွံ့ဖြိုးပြီးနိုင်ငံအဆင့်သို့ အတိုဆုံးအချိန်ကာလအတွင်း ရောက်ရှိစေခဲ့သည့် စီးပွားရေးဒီဇိုင်းမိုဒယ်ပုံစံ

ဆင်းရဲသည့်နိုင်ငံအဆင့်မှ ချမ်းသာဖွံ့ဖြိုးပြီးနိုင်ငံအဆင့်သို့ အတိုဆုံးအချိန်ကာလအတွင်း ရောက်ရှိစေခဲ့သည့် စီးပွားရေးဒီဇိုင်းမိုဒယ်ပုံစံ
Published 28 August 2022
ပါမောက္ခ၊ ဒေါက်တာသောင်းဌေး (စာရင်းအင်းပညာ)

ကမ္ဘာပေါ်ရှိ တိုင်းပြည်နိုင်ငံများအနက် ဆင်းရဲသည့်နိုင်ငံ တစ်နည်းအားဖြင့် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံ (Least Developed Country (LDC)) အဆင့်မှ ချမ်းသာသည့်နိုင်ငံ တစ်နည်းအားဖြင့် ဖွံ့ဖြိုးပြီးနိုင်ငံအဆင့် (Developed Country) သို့ အတိုဆုံးအချိန်ကာလအတွင်း ရောက်ရှိစေခဲ့သည့်နိုင်ငံမှာ ကိုရီးယားသမ္မတ နိုင်ငံဖြစ်ပါသည်။ ကိုရီးယားခေါင်းဆောင်များနှင့် ကိုရီးယား ပြည်သူပြည်သားများသည် ကမ္ဘာပေါ်ရှိ တိုင်းပြည်နိုင်ငံများအကြားတွင် အံ့ဩဖွယ် မယုံကြည်နိုင်လောက်အောင် ၎င်းတို့၏အသိပညာ၊ ဉာဏ်ပညာနှင့် လုပ်ငန်းစွမ်းဆောင်ရည်ကို ပြသနိုင်ခဲ့ကြပါသည်။

စာရေးသူသည် ကိုရီးယားသမ္မတနိုင်ငံသို့ နှစ်ကြိမ်သွားရောက်လေ့လာခွင့်ရရှိခဲ့ပါသည်။ ပထမအကြိမ်မှာ ၂၀၁၀ ခုနှစ် မတ်လ ၁၁ ရက်နေ့မှ မတ်လ ၂ရရက်နေ့အထိ ကိုရီးယားသမ္မတနိုင်ငံ ဗဟိုဝန်ထမ်းလေ့ကျင့်ရေးတက္ကသိုလ်တွင် ပြုလုပ်သော “မြန်မာနိုင်ငံ အဆင့်မြင့်အရာရှိကြီးများအတွက် ပြည်သူ့ရေးရာ စီမံခန့်ခွဲမှု အစီအစဉ်” တွင် ပါဝင်တက်ရောက်ခွင့်ရရှိခဲ့ပြီး ဒုတိယအကြိမ်မှာ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၁၇ ရက်နေ့မှ ဒီဇင်ဘာ ၂၀ ရက်နေ့အထိ ကိုရီးယားသမ္မတနိုင်ငံ ကွန်ယောင်ဟီးတက္ကသိုလ် (Kyung Hee University in Seoul) တွင် ပြုလုပ်သည့် “BAG Seminar of KOMYRA” တွင် တက်ရောက်ခွင့် ရရှိခဲ့ပါသည်။

ယခုတင်ပြချက်များသည် ဖော်ပြပါ ခရီးစဉ်နှစ်ခုတွင် စာရေးသူကိုယ်တိုင် လေ့လာ ကြားသိခဲ့ရသည့် သတင်းအချက်အလက်များဖြစ်ပါသည်။ အခြားသော သတင်းအချက်အလက်များနှင့် ကွဲပြားနိုင်ပါသည်။

ဤတွင် စာဖတ်သူများအတွက် သတိပြုစေလိုသည့်အချက်မှာ ဆင်းရဲသည့်နိုင်ငံအဆင့်မှ ချမ်းသာသည့်နိုင်ငံအဆင့်သို့ ကူးပြောင်းရောက်ရှိစေရန် ကြိုးပမ်းအားထုတ်ကြရာတွင် စိန်ခေါ်မှုအခက်အခဲများ မည်မျှကြီးမားပြင်းထန်မည်ကို စာဖတ်သူများအနေဖြင့် တွေးတောစဉ်းစားကြည့်ကြစေလိုပါသည်။ ဖော်ပြပါ စိန်ခေါ်မှုများ အခက်အခဲများကို ကျော်လွှားလွတ်မြောက်နိုင်ခြင်း မရှိခဲ့ပါလျှင် ချမ်းသာသည့် တိုင်းပြည်နိုင်ငံအဆင့်သို့ ရောက်ရှိရန်မဖြစ်နိုင်ဆိုသည့် အချက်ဖြစ်ပါသည်။

စာရေးသူအနေဖြင့် ကိုရီးယားမိတ်ဆွေများထံက မကြာခဏကြားသိရသည့် စကားလုံးစကားရပ်မှာ “တစ်ပုံစံတည်း”၊ “ထပ်တူ”၊ “ဒီအတိုင်း”၊ “အတူတူ” စသည့် အဓိပ္ပာယ်ဖြစ်သည့် “The same” ဆိုသည့် အင်္ဂလိပ်စကားလုံးဖြစ်ပါသည်။ စာရေးသူသည် အခမ်းအနားကျင်းပချိန် မဟုတ်ဘဲ ပြင်ပတွင် ကိုရီးယားမိတ်ဆွေများနှင့် လွတ်လပ်စွာစကားပြောခွင့်၊ ဆွေးနွေးခွင့်ရသည့်အခါတိုင်း စာရေးသူ၏အမြင်အရ စာရေးသူတို့၏ တိုင်းပြည်နိုင်ငံတွင် တွေ့ကြုံရင်ဆိုင်ရလျက်ရှိသည့် စိန်ခေါ်မှုများ၊ အခက်ခဲများကို ဆွေးနွေးမေးမြန်းကြည့်မိခဲ့ရာ “The same” ဆိုသော စကားလုံးကို အကြိမ်ပေါင်းများစွာ ကြားသိခဲ့ရပါသည်။

ထို့ကြောင့် စာရေးသူအနေဖြင့် ကိုရီးယားသမ္မတနိုင်ငံ၏ စီးပွားရေးဒီဇိုင်းမိုဒယ်ပုံစံကို တင်ပြရာတွင် စာရေးသူတို့တိုင်းပြည်နိုင်ငံ၏ အခြေအနေ တစ်စိတ်တစ်ပိုင်းကိုပါ ထည့်သွင်းပြီး နှိုင်းယှဉ်တင်ပြနိုင်ရန် ကြိုးပမ်းအားထုတ်ထားရှိပါသည်။ ထူးခြားသည့် အခြေအနေတစ်ရပ်မှာ ကိုရီးယားသမ္မတနိုင်ငံ၏ စီးပွားရေးဒီဇိုင်းမိုဒယ် ပုံစံသည် ကမ္ဘာကျော် မြန်မာဘောဂဗေဒပညာရှင်ကြီး ဒေါက်တာလှမြင့် အဆိုပြုဖော်ထုတ်ခဲ့သည့် မဟာဗျူဟာ၊ နည်းဗျူဟာများကို ယုံကြည်စိတ်ချစွာ ရယူ အသုံးပြုထားရှိခြင်းပင် ဖြစ်ပါသည်။

၁၉၆၀ ပြည့်နှစ် အချိန်ကာလများဆီသို့ လှမ်းမျှော်ကြည့်လိုက်ပါလျှင် မြန်မာနိုင်ငံနှင့် ကိုရီးယားသမ္မတနိုင်ငံကို နှိုင်းယှဉ်ကြည့်ပါက စစ်ပြီးစ ကိုရီးယားသမ္မတနိုင်ငံ၏ စီးပွားရေးအခြေအနေမှာ မိမိတို့မြန်မာနိုင်ငံထက်ပင် စိန်ခေါ်မှုများကြီးမားလျက်ရှိသည်ဟု ပြောနိုင်ပါသည်။ နှစ်နိုင်ငံစလုံးတွင်လည်း စစ်ခေါင်းဆောင်ကြီးများက တိုင်းပြည်နိုင်ငံကို ဦးဆောင်လျက်ရှိသည်မှာလည်း တူညီသည့်အချက်ဖြစ်နေပါသည်။ သို့သော် ယနေ့အချိန်အခါတွင်မူ ကိုရီးယားသမ္မတနိုင်ငံသည် စီးပွားရေးဖွံ့ဖြိုးပြီးအဆင့် (Developed Country) သို့ ရောက်ရှိနေပြီး မြန်မာနိုင်ငံမှာ ဆင်းရဲသည့်နိုင်ငံ ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံအဆင့် (Least Developed Country (LDC)) တွင်သာ ကျန်ရှိနေခဲ့ပါသည်။

၁၉၆၀ ပြည့်နှစ် အချိန်ကာလများက ကိုရီးယားသမ္မတနိုင်ငံ၏ စီးပွားရေး ဒီဇိုင်း မိုဒယ် ပုံစံများ ချမှတ် ဆောင်ရွက်ခဲ့ခြင်းများကို တင်ပြပါမည်။ ၁၉၆၀ ပြည့်နှစ်များမှ စတင်ကာ ကိုရီးယားသမ္မတနိုင်ငံသည် ကမ္ဘာကျော် မြန်မာဘောဂဗေဒပညာရှင်ကြီး ဒေါက်တာလှမြင့် အဆိုပြုဖော်ထုတ်ခဲ့သည့် (Outward Looking Strategy)၊ (အချို့သော ပညာရှင်ကြီးများက (Outward Looking Policy) ခေါ်ဆိုပါသည်) ကို ချမှတ်ဆောင်ရွက်ခဲ့ပါသည်။ ကိုရီးယားပါမောက္ခကြီးတစ်ဦး ပြောကြားခဲ့သည့်စကားလေးကို ပြန်လည်တင်ပြရပါလျှင် “ကျွန်တော်တို့က (Outward Looking Strategy) ကို ချမှတ်ဆောင်ရွက်ပြီး (Export Promotion) ပြုလုပ်မယ်ဆိုတော့ ကျွန်တော်တို့ ကိုရီးယားသမ္မတနိုင်ငံမှာက ပြည်ပကို တင်ပို့စရာကုန်ပစ္စည်းဆိုလို့ ကျောက်တုံးတွေပဲ ရှိတာဗျ။ ကျောက်တုံးတွေ တင်ပို့ရင်လည်း ဘယ်နိုင်ငံကမှ ဝယ်ယူကြမှာ မဟုတ်ပါဘူးဗျာ” ဖြစ်ပါသည်။ 

သို့သော် ကိုရီးယားသမ္မတနိုင်ငံတွင် နေထိုင်လျက်ရှိကြသည့် ပြည်သူပြည်သားများသည် တိုင်းပြည်နိုင်ငံတော်နှင့် ပြည်သူပြည်သားများအကျိုးအတွက် ဖြစ်နိုင်သမျှ ရရှိနိုင်သမျှကို ရှာဖွေဖော်ထုတ်ပြီး ပြည်ပပို့ကုန်အဖြစ် ဖန်တီးဆောင်ရွက်နိုင်ခဲ့ကြပါသည်။ ပို့ကုန်ပစ္စည်းအဖြစ် ဖန်တီးခဲ့သည့် အမျိုးအစားပေါင်း မြောက်မြားစွာ ရှိသည့်အနက် စာရေးသူအနေဖြင့် အံ့ဩစေခဲ့ရသည့် ပို့ကုန်ပစ္စည်းတစ်မျိုး၏အမည်ကို တင်ပြပါမည်။ ကိုရီးယားပြည်သူ ပြည်သား များသည် ၎င်းတို့၏ ခန္ဓာကိုယ်တွင် ပေါက်လျက်ရှိသည့် ဆံပင်များကို အသုံးပြုကာ (Wig) ဟုခေါ်ဆိုသည့် “ဆံပင်တု” များ ပြုလုပ်ပြီး ပြည်ပပို့ကုန် (နိုင်ငံခြားပို့ကုန်) အဖြစ် တင်ပို့ခဲ့ကြပါသည်။ ၁၉၇၀ ပြည့်နှစ် ပြည်ပ ပို့ကုန်စာရင်းများအရ ဆံပင်တု (Wigs) ပစ္စည်းများ တင်ပို့ခြင်းက ရရှိသည့် ပို့ကုန်တန်ဖိုးမှာ ပို့ကုန်ပစ္စည်း အမျိုးအစား အားလုံးတို့၏ တတိယနေရာတွင် တည်ရှိပြီး ပို့ကုန်အားလုံးတို့၏ ၁၀ ဒသမ ၈ ရာခိုင်နှုန်း ရှိနေပါသည်။ (Reference: 2, pp – 29).

    

ဤတွင် ကိုရီးယားပြည်သူပြည်သားများ၏ အခန်းကဏ္ဍကို တင်ပြပြီးဖြစ်သည့်အတွက် ကိုရီးယားအစိုးရက ဦးစီးဆောင်ရွက်သည့် စီးပွားရေး ဒီဇိုင်း မိုဒယ်ပုံစံကို တင်ပြပါမည်။ ၁၉၆၁ ခုနှစ်မှ ၁၉၉၅ ခုနှစ်အထိ ငါးနှစ် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း ခုနစ်ခုကို ရေးဆွဲပြဋ္ဌာန်းအကောင်အထည်ဖော်ဆောင်ရွက်စေခဲ့ပါသည်။ စီမံကိန်းဟု ခေါ်ဆိုထားရှိပါသော်လည်း ကာလတို ငါးနှစ်အတွင်း ဈေးကွက်ကို အခြေခံကာ စီမံကိန်းရည်မှန်းချက်များအား လိုအပ်လျှင် လိုအပ်သလို ပြောင်းလဲချမှတ် အကောင်အထည်ဖော်ဆောင်ရွက်သည့် စီမံကိန်းများဖြစ်ကြပါသည်။

ဦးတည်ချက် ရည်ရွယ်ချက်ထားရှိဆောင်ရွက်ခဲ့ခြင်းကို အကျဉ်းအားဖြင့် တင်ပြရပါလျှင် ၁၉၆၀ ပြည့်နှစ်များနှင့် ၁၉၇၀ ပြည့်နှစ်များတွင် (Labour Intensive Industries) ဟု ခေါ်ဆိုသည့် အလုပ်သမား အမြောက်အမြားလိုအပ်သော လုပ်ငန်းများကို ဦးစားပေး ဆောင်ရွက်စေခဲ့ပြီး ၁၉၈၀ ပြည့်နှစ်များနှင့် ၁၉၉၀ ပြည့်နှစ်များတွင် (Heavy and Technology-Oriented Industries) ဟုခေါ်ဆိုသော အကြီးစားနှင့် နည်းပညာ အခြေပြုလုပ်ငန်း များကို ဦးစားပေး ဆောင်ရွက်စေခဲ့ပါသည်။

ဤတွင် ကိုရီးယားပြည်သူ ပြည်သားများ၏ အခန်းကဏ္ဍနှင့် ကိုရီးယားအစိုးရ၏ အခန်းကဏ္ဍကို တင်ပြပြီးဖြစ်သည့်အတွက် ကိုရီးယား၏ စီးပွားရေး ဒီဇိုင်းမိုဒယ်ပုံစံတွင် အရေးအကြီးဆုံးဖြစ်သည့် ကိုရီးယားကုမ္ပဏီများ၊ စီးပွားရေးလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်သည့် အဖွဲ့အစည်းများ၏ အကြောင်းအရာအကျဉ်းကို တင်ပြပါမည်။ ကိုရီးယားသမ္မတနိုင်ငံ၏ စီးပွားရေးကို အချိန်တိုကာလအတွင်း အလျင်အမြန်ဆုံးဖွံ့ဖြိုးတိုးတက်လာစေရန် မောင်းနှင်ပေးခဲ့သည့် အင်အားများလည်း ဖြစ်ပါသည်။ ထို့ကြောင့် စာရေးသူအနေဖြင့် အကျဉ်းကိုတင်ပြခြင်းဖြစ်ပါသော်လည်း အချို့သောနေရာများတွင် အသေးစိတ် ရှင်းလင်းရန် လိုအပ်ပါက စာဖတ်သူများအနေဖြင့် စာလေးခြင်းကို သည်းခံပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

စာရေးသူ စီးပွားရေးတက္ကသိုလ် ကျောင်းသားဘဝ ဆရာကြီး၊ ဆရာမကြီးများ၏ ရှင်းလင်းပြောကြားချက်များကို စာရေးသူ နားလည်သိမြင်သည့်အတိုင်းတင်ပြရပါလျှင် ၁၉၆၀ ပြည့်နှစ် မတိုင်မီ ဖွံ့ဖြိုးပြီး နိုင်ငံအဆင့်သို့ ရောက်ရှိ ရရှိခဲ့ကြသည့် နိုင်ငံကြီးများသည် ၎င်းတို့နိုင်ငံရှိ စီးပွားရေးကုမ္ပဏီကြီးများ၊ စီးပွားရေး အဖွဲ့အစည်းကြီးများအနေဖြင့် အချင်းချင်းယှဉ်ပြိုင်စေခြင်းများပြုလုပ်ပြီး တစ်ဆင့်ပြီးတစ်ဆင့် အောင်မြင်မှုများ ရရှိစေခြင်းဖြင့်သာ ဖွံ့ဖြိုးပြီး နိုင်ငံအဆင့်သို့ တက်လှမ်းကြရသဖြင့် အချိန်ကာလအားဖြင့် လွန်စွာကြာမြင့်ခဲ့ကြပါသည်။

ထို့ကြောင့် ကိုရီးယားသမ္မတနိုင်ငံ၏ စီးပွားရေးဒီဇိုင်းမိုဒယ်ပုံစံကို ဖွံ့ဖြိုးပြီးနိုင်ငံအဆင့်သို့ အချိန်တိုအတွင်း ရရှိရောက်ရှိနိုင်စေရန်အလို့ငှာ အချင်းချင်း ယှဉ်ပြိုင်စေခြင်းများ မပြုလုပ်တော့ဘဲ ကိုရီးယားသမ္မတနိုင်ငံတွင် တည်ရှိနေသည့် မိသားစု၊ ဆွေမျိုးအုပ်စုကြီးများကိုအခြေခံကာ စီးပွားရေးလုပ်ငန်းကြီးများအား ခွဲဝေဆောင်ရွက်စေခဲ့ပါသည်။ ဥပမာအားဖြင့် လီအုပ်စုအား ဆန်ဆောင်းကဲ့သို့ လုပ်ငန်းကိုဦးစီးစေခဲ့ခြင်း၊ ကင်အုပ်စုအား ဒေဝူးကဲ့သို့ လုပ်ငန်းကို ဦးစီးစေခဲ့ခြင်းတို့ ဖြစ်ကြပါသည်။ 

အထက်ဖော်ပြပါ ဆောင်ရွက်စေခြင်းများကို ကိုရီးယား စကားလုံးစကားရပ်အရ “ချေဘိုးစနစ်” ဟုခေါ်ဆိုကြပါသည်။ “ချေဘိုး” အခေါ်နှင့် ပတ်သက်ပြီး တင်ပြရပါလျှင် “A chaebol generally refers to a collective of formally independent firms under the single common administrative and financial control of one family. It literally means a group or party of wealth: chae (財) means wealth or fortune, and bol (閥) means a group or party.” (Reference: 1, pp-2).

ဖော်ပြထားချက်အရ  “ “ချေဘိုး” ဆိုသည်မှာ မိသားစု တစ်စု၏ ငွေရေးကြေးရေး၊ ဘဏ္ဍာရေးထိန်းချုပ်မှုနှင့် တစ်သွေး တစ်သံ တစ်မိန့် အုပ်ချုပ်မှုအောက်တွင် ကုမ္ပဏီများ စီးပွားရေးလုပ်ငန်းများအား တရားဝင် လွတ်လပ်စွာ စုပေါင်းပါဝင် ဖွဲ့စည်းထားရှိသည့် အဖွဲ့အစည်း တစ်ရပ်ကို ယေဘုယျအားဖြင့် ရည်ညွှန်းပါသည်။ “ချေဘိုး” ၏ တိုက်ရိုက်အဓိပ္ပာယ်မှာ ဓနဥစ္စာ ချမ်းသာကြွယ်ဝသည့် အုပ်စု တစ်စု သို့မဟုတ် ပါတီ တစ်ပါတီ ဟုဖော်ပြနိုင်ပြီး စာလုံးတစ်လုံးချင်းစီ၏ လုံးကောက်အဓိပ္ပာယ်အရ ဆိုပါက “ချေ” ဆိုသည်မှာ ဓနဥစ္စာ ကြွယ်ဝချမ်းသာမှု သို့မဟုတ် အခွင့်အလမ်း ကံ ကြမ္မာ အခြေအနေ ဟု အဓိပ္ပာယ်ရှိပြီး “ဘိုး” ဆိုသည်မှာ အုပ်စု တစ်စု သို့မဟုတ် ပါတီ တစ်ပါတီ ဟု အဓိပ္ပာယ်ရပါသည်။” 

အထက်တွင်ဖော်ပြခဲ့သည့် ပြည်သူ ပြည်သားများ၏ တိုင်းပြည် နိုင်ငံတော်အတွက် တက်ကြွစွာ ပါဝင်ဆောင်ရွက်မှုများ၊ နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ရယူထားရှိသည့် အစိုးရ၏ စီမံကိန်းများ၊ ရည်ရွယ်ချက်များနှင့် ချေဘိုးစနစ်ကို အသုံးပြုပြီး အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြသည့် ကုမ္ပဏီများ စီးပွားရေးလုပ်ငန်း အဖွဲ့အစည်းများ၏ စွမ်းအားကြောင့် (The 1988 Seoul Olympics) အိုလံပစ် ပွဲတော်ကြီးကို အောင်မြင်စွာ ပြုလုပ်ပြီး ဖွံ့ဖြိုးပြီးနိုင်ငံတစ်နိုင်ငံအဖြစ်သို့ ရောက်ရှိပြီ ဖြစ်ကြောင်း ပြသနိုင်ခဲ့ပါသည်။

အလျဉ်းသင့်သဖြင့် တွေ့ရှိရသည့် စာရင်းအင်းကိန်းဂဏန်း သတင်းအချက်အလက်များအရ တင်ပြရပါလျှင် တစ်ဦးကျ ပြည်တွင်း စုစုပေါင်း ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး (GDP per capita (in US$)) မှာ ၁၉၆၀ ပြည့်နှစ်တွင် ၈၂ အမေရိကန်ဒေါ်လာ (82 US$) သာရှိခဲ့ရာမှ ၂၀၀၇ ခုနှစ်တွင် ၂၀ ၀၄၅ အမေရိကန်ဒေါ်လာ (20 045 US$) သို့ ရောက်ရှိခဲ့သည်ကို လေ့လာတွေ့ရှိရပါသည်။ (Reference: 2, pp - 4)

စာရေးသူ ယခုဆောင်းပါးကို ရေးသားတင်ပြရသည့် အကြောင်းရင်းမှာ စာရေးသူတို့၏ တိုင်းပြည် နိုင်ငံနှင့် ပြည်သူ ပြည်သားများ၏ အသွင်သဏ္ဍာန်၊ စိတ်နေသဘောထား၊ တန်ဖိုးထားရှိမှုများ ဆင်တူသည့် ကမ္ဘာပေါ်ရှိ တိုင်းပြည်နိုင်ငံတစ်နိုင်ငံသည် အခြားသောဖွံ့ဖြိုးပြီး တိုင်းပြည်နိုင်ငံများ၏ အခြေအနေနှင့် နှိုင်းယှဉ်ပါက အတိုဆုံးသော အချိန်ကာလအတွင်း ဆင်းရဲသည့် ဖွံ့ဖြိုးမှု အနည်းဆုံးနိုင်ငံအဆင့်မှ ချမ်းသာသည့် ဖွံ့ဖြိုးပြီး နိုင်ငံအဆင့်သို့ တစ်မုဟုတ်ချင်း ရောက်ရှိ ရရှိနိုင်အောင်ဆောင်ရွက်မှုများအား စာရေးသူတို့၏ တိုင်းပြည်နိုင်ငံတော်တွင် အချုပ်အခြာအာဏာကို ရယူထားကြသူများအနေဖြင့် ထပ်တူကူးချရန် မဖြစ်နိုင်ပါသော်လည်း အတုယူနိုင်ကာ အတွေ့အကြုံများကို ရယူနိုင်စေပြီး စာရေးသူတို့၏ တိုင်းပြည် နိုင်ငံတော်ကြီးအား ဖွံ့ဖြိုးပြီးနိုင်ငံအဆင့်သို့ ရောက်ရှိစေရန် ကြိုးပမ်းအားထုတ် ဆောင်ရွက်နိုင်ကြစေရေးကို ရည်ရွယ်ပါသည်။

ပထမဦးစွာ ယနေ့အချိန် ကိုရီးယားသမ္မတနိုင်ငံ၏ စီးပွားရေး ဒီဇိုင်းမိုဒယ်ပုံစံ အလှည့်အပြောင်းများကို တင်ပြပါမည်။ ၁၉၆၁ ခုနှစ်တွင် ပတ်ချုံဟီး (Park Chung Hee (1961-1979)) (အချို့သော စာတမ်းများတွင် Park Jung Hee ဟုလည်း ဖော်ပြထားပါသည်) သည် စစ်တပ်အင်အားကို အသုံးပြုကာ နိုင်ငံတော်၏ အချုပ်အခြာ အာဏာကို သိမ်းယူခဲ့ပါသည်။ ထို့နောက် စစ်အုပ်ချုပ်ရေး၊ အာဏာရှင်စနစ်ကို အသုံးပြုကာ တိုင်းပြည် နိုင်ငံကို အုပ်ချုပ်ခဲ့ပါသည်။

အထက်တွင် ရှင်းလင်းတင်ပြခဲ့သည့် “ချေဘိုးစနစ်” သည် အာဏာရှင်စနစ်အောက်တွင် ဖြစ်ထွန်းပေါ်ပေါက်လာခဲ့သည့် စီးပွားရေးကုမ္ပဏီကြီးများ၊ စီးပွားရေးလုပ်ငန်း အဖွဲ့အစည်းကြီးများဖြစ်ကြပါသည်။ မည်ကဲ့သို့ဖြစ်ထွန်းပေါ်ပေါက်လာသည်ဖြစ်စေ ၎င်းအဖွဲ့အစည်းကြီးများသည် ကိုရီးယားသမ္မတနိုင်ငံ၏ စီးပွားရေးကို အချိန်တိုကာလအတွင်း ဖွံ့ဖြိုးတိုးတက်စေရန် စွမ်းဆောင်ပေးခဲ့ကြပါသည်။ “Korean chaebols were deliberately created to become 

champions of a fast growing economy.” (Reference: 1, pp- 4.) ဖော်ပြထားချက်အရ “ကိုရီယား ချေဘိုးများသည် ကိုရီယားစီးပွားရေး အလျင်အမြန်တိုးတက်မှုအတွက် ချန်ပီယံအဖြစ် ရပ်တည်ကာကွယ်ဆောင်ရွက်လာစေရန် ရည်ရွယ်ချက်ရှိရှိ မှန်မှန်ကန်ကန် ဖန်တီးဆောင်ရွက်နိုင်ခဲ့ကြပါသည်”။

သို့သော်လည်း စီးပွားရေးအရ ဖွံ့ဖြိုးပြီး နိုင်ငံအဆင့်သို့ ရောက်ရှိသွားသည့်အခါတွင် စိန်ခေါ်မှုအမြောက်အမြား ပေါ်ထွက်လာစေခဲ့ပါသည်။ စိန်ခေါ်မှု မြောက်မြားစွာထဲမှ စာရေးသူအနေဖြင့် စိန်ခေါ်မှုနှစ်ခုကိုသာ ရွေးချယ်တင်ပြပါမည်။ ပထမစိန်ခေါ်မှုမှာ နယ်မြေဒေသအခြေအနေအရ မညီမျှခြင်း တစ်ဖက်စောင်းနင်းဖြစ်ခြင်း (Regional Imbalance) ဖြစ်ပြီး မြို့ပြဒေသများသို့ ပြောင်းရွှေ့ခြင်းများ (Urban Migration and “New Community Movement”) အကြီးအကျယ် ဖြစ်ပေါ်လာစေခဲ့ပါသည်။ ဒုတိယစိန်ခေါ်မှုမှာ ဖွဲ့စည်းတည်ဆောက်ပုံနှင့်ဆိုင်သော မညီမျှခြင်း တစ်ဖက်စောင်းနင်းဖြစ်ခြင်း (Structural Imbalance) ဖြစ်ပြီး ချေဘိုးစနစ်သည် ပြဿနာများအဖြစ်သို့ (Chaebol Problem) ပြောင်းလဲသွားစေခဲ့ပါသည်။ (Reference: 3, pp - 6).

ထို့ကြောင့် ကိုရီယားသမ္မတနိုင်ငံ၏ အချုပ်အခြာအာဏာကို ရယူထားကြသူများနှင့် ပညာရှင်ကြီးများသည် အထက်ဖော်ပြပါ စိန်ခေါ်မှုအမြောက်အမြားကို အချိန်မီဖြေရှင်းနိုင်ရန် ကြိုးပမ်းအားထုတ်ခဲ့ကြပါသည်။ ဖြေရှင်းသည့်နည်းလမ်းအားလုံးကို ယခုဆောင်းပါးအဆင့်ဖြင့် ပြည့်စုံအောင် တင်ပြရန် မဖြစ်နိုင်ပါ။ စာရေးသူအနေနှင့် အရေးကြီးသည်ဟု ထင်မြင်ယူဆသည့် အချက်များကိုသာ တင်ပြပါမည်။

ပထမဦးစွာ အရေးကြီးသည့် ဆောင်ရွက်ချက်အနေဖြင့် နိုင်ငံရေးစနစ်ကို ပြောင်းလဲကျင့်သုံးစေခဲ့ခြင်း ဖြစ်ပါသည်။ ယခင် အာဏာရှင်စနစ်ကို ကျင့်သုံးရာမှ နိုင်ငံရေးလွတ်လပ်ခြင်းကို ၁၉၈၈ ခုနှစ်တွင် (Political Liberation of 1988) တရားဝင် စတင်ဆောင်ရွက်နိုင်ခဲ့သည့်အပြင် နိုင်ငံရေးနှင့် စီးပွားရေးကို သီးခြားစီစည်းခြားပြီး ကဏ္ဍအလိုက် လွတ်လပ်စွာ ဆောင်ရွက်စေခဲ့ပါသည်။ (Reference: 3, pp – 9-10).  ထို့အပြင် ဖွဲ့စည်းတည် ဆောက်ပုံနှင့် ပတ်သက်ပြီး ပြင်ဆင်ထိန်းညှိခြင်း (Structural Adjustment) များ ပြုလုပ်နိုင်ခဲ့သည့်အပြင် ၁၉၉၈ ခုနှစ်မှ ၂၀၀၂ ခုနှစ်ကာလအတွင်း အောက်ဖော်ပြပါ ပြုပြင်ပြောင်းလဲမှုများကို

လည်း ဆောင်ရွက်နိုင်ခဲ့ပါသည်။ (Reference: 3, pp – 15).

(က) လုပ်သားဈေးကွက် ပြုပြင်ပြောင်းလဲမှု (Labour Market Reform)၊

(ခ) ချေဘိုး ပြုပြင်ပြောင်းလဲမှု (Chaebol Reform)၊

(ဂ) ဘဏ္ဍာရေး ပြုပြင်ပြောင်းလဲမှု (Financial Reform)၊

(ဃ) ပြည်သူ့ဝန်ဆောင်မှုကဏ္ဍ ပြုပြင်ပြောင်းလဲမှု (Public Sector Reform)၊

အထက်ဖော်ပြပါ ပြုပြင်ပြောင်းလဲမှုများကို အချိန်နှင့် တစ်ပြေးညီ ဆောင်ရွက်စေခဲ့ရာ ယနေ့အချိန် ကမ္ဘာ့နိုင်ငံများအကြားတွင် ထင်ပေါ်ကျော်ကြား

လျက်ရှိသည့် ကိုရီးယားသမ္မတနိုင်ငံ၏ နာမည်ကြီး အမှတ်တံဆိပ်အချို့ကို ပုံတွင် ဖော်ပြထားပါသည်။

 

ဒုတိယအနေဖြင့် ကိုရီးယားသမ္မတနိုင်ငံ၏ စီးပွားရေး ဒီဇိုင်း မိုဒယ် ပုံစံ ကျင့်သုံး အကောင်အထည်ဖော်ဆောင်ရွက် မှုများအပေါ်အခြေခံကာ လေ့လာအတုယူစရာများ၊ သင်ခန်းစာများကို ဖော်ထုတ်တင်ပြရန်ဖြစ်ပါသည်။ ယခုတင်ပြချက်များသည် စာရေးသူ၏အမြင်သက်သက်ဖြင့်သာတင်ပြခြင်းဖြစ်ပါသည်။ ကိုရီယားသမ္မတနိုင်ငံ၏ နိုင်ငံရေးဒီဇိုင်းမိုဒယ်ပုံစံမှာ ထူးခြားလှပါသည်။ အာဏာရှင်စနစ်ကို ကျင့်သုံးအကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြစ်ခဲ့ပါသော်လည်း အာဏာရှင်သည် ၎င်း၏အာဏာသက်သက်ကိုသာ တည်ဆောက်ခြင်းမဟုတ်ဘဲ တိုင်းပြည်နိုင်ငံတော်နှင့် ပြည်သူ ပြည်သားများ၏ အကျိုးကို ရှေးရှုဆောင်ရွက်သည့်

အာဏာရှင်ဖြစ်နေပါသည်။

စီးပွားရေး ဒီဇိုင်းမိုဒယ်ပုံစံသည် အာဏာရှင်စနစ်ကို အခြေခံပြီး စတင်ကျင့်သုံးအကောင်အထည်ဖော်ဆောင်ရွက် ခဲ့ရသည့်အတွက် အစိုးရက ဦးစီး ဦးဆောင်ပြုလုပ်ပြီး အကောင်အထည်ဖော်ပြုလုပ်သည့် စီးပွားရေး ဖွံ့ဖြိုးမှု ဒီဇိုင်း မိုဒယ် ပုံစံ (Government-led Development) ဖြစ်နေပါသည်။ သို့သော်လည်း ကမ္ဘာကျော် မြန်မာဘောဂဗေဒ ပညာရှင်ကြီး အဆိုပြု ဖော်ထုတ်ခဲ့သည့် (Outward Looking Strategy) ကို ယုံကြည်စိတ်ချစွာ အသုံးပြုခဲ့ခြင်း၊ ကမ္ဘာ့သဘောတရား ပြောင်းလဲမှုဖြစ်စဉ် (World Order) ကို အလုံးစုံ သိမြင်နားလည်စေရန် ကြိုးပမ်းအားထုတ်ပြီး အမျိုးသားအကျိုးစီးပွားအတွက် စီးပွားရေး ဒီဇိုင်း မိုဒယ် ပုံစံကို လိုက်လျောညီထွေဖြစ်စေရန် ကြိုးပမ်းအားထုတ် ဆောင်ရွက်နိုင်ခဲ့ခြင်းများမှာ အလွန်ထူးခြားသည့် အခြေအနေများ ဖြစ်ပါသည်။

တတိယအနေနှင့် တိုင်းပြည် နိုင်ငံများ ဖြတ်သန်းကြုံတွေ့ခဲ့ရသည့် စီးပွားရေး ဒီဇိုင်း မိုဒယ် ပုံစံများ၊ အခြေအနေ များနှင့် ကိုရီးယားသမ္မတနိုင်ငံ၏ စီးပွားရေး ဒီဇိုင်း မိုဒယ် ပုံစံ အရ တွေ့ကြုံခဲ့ရသည်များကို စာရေးသူ အနေနှင့် နှိုင်းယှဉ် တင်ပြပါမည်။ ယခု တင်ပြချက်များသည်လည်း စာရေးသူ၏ အမြင်သက်သက်ဖြင့်သာ တင်ပြခြင်းဖြစ် ပါသည်။ ဤတွင် စာရေးသူ၏ စိတ်တွင် တွေ့မြင် သိရှိ ခံစားရသည့် အခြေအနေကလေးကို တင်ပြပါမည်။ ကမ္ဘာပေါ်ရှိ နိုင်ငံများ လူ့အဖွဲ့အစည်းများအတွင်း တည်ရှိဖြစ်ပေါ်စေခဲ့သည့် အစွန်းတရား နှစ်ပါး၏ ဖြစ်စဉ် ဖြစ်ရပ်များ ဖြစ်ကြပါသည်။

ပထမ အစွန်းတရားတစ်ပါးမှာ တိုင်းပြည် နိုင်ငံတော်နှင့် ပြည်သူ ပြည်သားများ၏ အကျိုးကို စွမ်းစွမ်းတမံ ကြိုးပမ်း အားထုတ် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြသည့် နိုင်ငံရေး ခေါင်းဆောင်ကြီး အချို့သည် လုပ်ကြံ သတ်ဖြတ်ခြင်းကို ခံခဲ့ကြရပါသည်။ ဥပမာအားဖြင့် ဗိုလ်ချုပ်အောင်ဆန်း၊ ပတ်ချုံဟီး၊ မဟတ္တမဂန္ဓီ၊ အီဗရာဟင် လင်ကွန်း စသည်တို့ဖြစ်ကြပါသည်။

ဒုတိယ အစွန်းတရားတစ်ပါးမှာ အချို့သော အာဏာရှင်ကြီးများသည် ၎င်းတို့၏ အာဏာကို တည်ဆောက်ကြရာတွင် တိုင်းပြည် နိုင်ငံတော်နှင့် ပြည်သူ ပြည်သားများ၏အကျိုးကို ဦးတည်ခြင်းမပြုဘဲ ပြည်သူ ပြည်သား အမြောက် အမြားကို အာဏာအတွက် သတ်ဖြတ်ချေမှုန်း သို့မဟုတ် ညှဉ်းပန်းနှိပ်စက်ပြီး သွေးစွန်းနေသောလက်၊ သွေးဆာ နေသောလက်များဖြင့် တိုင်းပြည် နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ရယူထားခဲ့ကြသူများမှာ ထူးခြားစွာ အသက်ရှည်ပြီး ရှင်သန် ရပ်တည် နေထိုင်နိုင်ကြသည်ကိုလည်း တွေရှိရပါသည်။ အမည်များကို ဖော်ပြခြင်း မပြုတော့ပါ။

အထက်ဖော်ပြပါ အခြေအနေများအရ တိုင်းပြည် နိုင်ငံ တစ်နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုအခြေအနေသည် အဆိုပါ တိုင်းပြည် နိုင်ငံ၏ အချုပ်အခြာအာဏာကို ရယူထားကြသူများတွင် အပါအဝင်ဖြစ်သည့် တိုင်းပြည် နိုင်ငံတော်ကို ဦးဆောင်ဦးရွက်ပြုကြသူတို့၏ လိုအင်ဆန္ဒ/နိုင်ငံရေးခေါင်းဆောင်၏ လိုအင်ဆန္ဒ (Political Will) အပေါ်တွင် တည်မှီလျက်ရှိနေသည်ကို တွေ့ရှိရပါသည်။ တိုင်းပြည် နိုင်ငံတော်နှင့် ပြည်သူ ပြည်သားများ၏ အကျိုးစီးပွားကို ဦးတည်ဆောင်ရွက်မည့် နိုင်ငံရေးခေါင်းဆောင်များ ဖြစ်ပါက အလိုအလျောက် ဖွံ့ဖြိုးပြီးနိုင်ငံ အဖြစ်သို့ ရောက်ရှိစေမည့် စီးပွားရေး ဒီဇိုင်း မိုဒယ် ပုံစံ ကို ရှာဖွေ ဖော်ထုတ် ရယူ အသုံးပြုမည် ဖြစ်ပါသည်။ အာဏာရရှိရေး၊ အာဏာတည်မြဲစေရေး၊ အာဏာထိန်းသိမ်းနိုင်စေရေးအတွက် အာဏာကိုသာ တည်ဆောက်မည့် နိုင်ငံရေး ခေါင်းဆောင်များဖြစ်ပါက ဖွံ့ဖြိုးပြီးနိုင်ငံအဖြစ်သို့ ရောက်ရှိနိုင်ရန်မှာ အလှမ်းဝေးကွာနေမည်ဖြစ်ပါသည်။

နိဂုံးချုပ်အနေဖြင့် တင်ပြရပါလျင် စာရေးသူတို့၏ တိုင်းပြည် နိုင်ငံနှင့် ပြည်သူ ပြည်သားများ၏ အသွင်သဏ္ဍာန်၊ စိတ်နေသဘောထား၊ တန်ဖိုးထားရှိမှုများ ဆင်တူသည့် ကမ္ဘာပေါ်ရှိ တိုင်းပြည် နိုင်ငံ တစ်နိုင်ငံသည် အခြားသော ဖွံ့ဖြိုးပြီး တိုင်းပြည် နိုင်ငံများ၏ အခြေအနေနှင့် နှိုင်းယှဉ်ပါက အတိုဆုံးသော အချိန်ကာလအတွင်း ဆင်းရဲသည့် ဖွံ့ဖြိုးမှု အနည်းဆုံးနိုင်ငံအဆင့်မှ ချမ်းသာသည့် ဖွံ့ဖြိုးပြီး နိုင်ငံအဆင့်သို့ တမုဟုတ်ချင်း ရောက်ရှိ ရရှိနိုင်အောင် ဆောင်ရွက်မှုများအား စာရေးသူတို့၏ တိုင်းပြည် နိုင်ငံတော်တွင် အချုပ်အခြာအာဏာကို ရယူထားကြသူများ အနေနှင့် ထပ်တူကူးချရန် မဖြစ်နိုင်ပါသော်လည်း အတုယူနိုင်ကာ အတွေ့အကြုံများကို ရယူနိုင်စေပြီး စာရေးသူတို့၏ တိုင်းပြည် နိုင်ငံတော်ကြီးအား ဖွံ့ဖြိုးပြီး နိုင်ငံအဆင့်သို့ ရောက်ရှိစေရန် ကြိုးပမ်းအားထုတ် ဆောင်ရွက်နိုင်ကြပါစေကြောင်း ရေးသားတင်ပြအပ်ပါသည်။

 

References:

1. David Murillo and Yun-dal Sung (2013), “Understanding Korean Capitalism: Chaebols and their Corporate Governance”, September 2013, ESADEgeo POSITION PAPER 33.

2. Do Hoon Kim (2010), “Sources of Korea’s Industrial Development”, Power Point Presentation.

3. Jong Seok Kim (2010), “Korea’s Economic Development: Lesson and Challenges”, Power Point Presentation.

 

Most Read

Most Recent