ရုရှားနိုင်ငံတွင် ကျင်းပသည့် တင့်ကားမောင်းနှင်ပစ်ခတ်ခြင်း Division-2 ပြိုင်ပွဲ၌ မြန်မာ့တပ်မတော်တင့်တပ်ဖွဲ့ ပထမဆုရရှိ

ရုရှားနိုင်ငံတွင် ကျင်းပသည့် တင့်ကားမောင်းနှင်ပစ်ခတ်ခြင်း Division-2 ပြိုင်ပွဲ၌ မြန်မာ့တပ်မတော်တင့်တပ်ဖွဲ့ ပထမဆုရရှိ
Published 22 August 2022

ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် သြဂုတ် ၁၅ ရက်မှစတင်၍ ကျင်းပလျက်ရှိသည့် International Army Games-2022 ပြိုင်ပွဲတွင်ပါဝင်သော တင့်ကားမောင်းနှင်ပစ်ခတ်ခြင်း ပြိုင်ပွဲ Tank Biathlon (Tank Crews Competition)Division-2 ၌ မြန်မာ့တပ်မတော်တင့်တပ်ဖွဲ့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပထမဆုကို ရရှိခဲ့ကြောင်းသိရသည်။

မြန်မာ့တပ်မတော်တင့်တပ်ဖွဲ့အနေဖြင့် Tank Biathlon (Tank Crews Competition)Division-2 ၌ ဆီးဒီးယား၊ လာအို၊ အီရန်၊ တာဂျစ်ကစ္စတန်၊ တောင်အာဆက်တီးယား၊ အာခါ့ဇီယာ၊ ဆူဒန်၊ ဇင်ဘာဘွေ၊ အာမေးနီးယားနှင့် မာလီနိုင်ငံတို့မှ တင့်တပ်ဖွဲ့ဝင်များနှင့်အတူ မိုင်ကုန်မောင်းနှင်၍ စံချိန်ယူခြင်း၊ ၁၂၅ မမ အမြောက်အား ရပ်လျက်ကျည် သုံးတောင့်ပစ်ခတ်ခြင်း၊ ၁၂ ဒသမ ၇ မမ လေယာဉ်ပစ်စက်သေနတ်ကျည် ၁၅ တောင့် ရပ်လျက်ပစ်ခတ်ခြင်း၊ ၇ ဒသမ ၆၂ မမ  ယှဉ်တွဲစက်သေနတ်ကျည် ၁၅ တောင့်ရပ်လျက် ပစ်ခတ်ခြင်းတို့အား ယှဉ်ပြိုင်ခဲ့ပြီး မြန်မာ့တပ်မတော်တင့်တပ်ဖွဲ့ Crew-1 အနေဖြင့် ပြိုင်ပွဲဝင်စံချိန် ၂၇ မိနစ် ၄၃ စက္ကန့်ဖြင့်လည်းကောင်း၊Crew-2  အနေဖြင့် ပြိုင်ပွဲဝင်စံချိန် ၃၈ မိနစ် ၁၄ စက္ကန့်ဖြင့်လည်းကောင်း၊ Crew-3 အနေဖြင့် ပြိုင်ပွဲဝင်စံချိန် ၃၀ မိနစ် ၂၈ စက္ကန့်ဖြင့်လည်းကောင်း စုစုပေါင်းပြိုင်ပွဲဝင်စံချိန် ၁ နာရီ ၃၆ မိနစ် ၂၅ စက္ကန့်ရရှိခဲ့ပြီး စုစုပေါင်းပစ်မှတ် ၁၅ ခုတွင် ၁၄ ခုကို ထိမှန်ခဲ့ကာ ပြိုင်ပွဲဝင် ၁၁ သင်း ယှဉ်ပြိုင်ခဲ့ရာတွင် ပထမဆုကိုရရှိခဲ့ကြောင်း သိရသည်။

မြန်မာ့တပ်မတော်တင့်တပ်ဖွဲ့ဝင်များအနေဖြင့် အဆိုပါ International Army Games ပြိုင်ပွဲ၏ တင့်ကားမောင်းနှင်ပစ်ခတ်ခြင်းပြိုင်ပွဲ Tank Biathlon ကို ယခုနှစ်အပါအဝင် ငါးကြိမ်မြောက် ပါဝင်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၈ ခုနှစ်တွင် ပြိုင်ပွဲဝင် ၂၂ သင်းအနက် အဆင့် ၁၆၊ ၂၀၁၉ ခုနှစ်တွင် Division-2 ၌ ပြိုင်ပွဲဝင် ၁၁ သင်းအနက် အဆင့် ၅၊ ၂၀၂၀ ပြည့်နှစ်တွင် Division-2 ၌ ပြိုင်ပွဲဝင်ရှစ်သင်းအနက်အဆင့် ၄၊ ၂၀၂၁ ခုနှစ်တွင် Division-2 ၌ ပြိုင်ပွဲဝင်ရှစ်သင်းအနက် တတိယအဆင့်စသဖြင့် အသီးသီးရပ်တည်နိုင်ခဲ့ကြောင်း သိရသည်။

ထို့ပြင် တတိယအကြိမ်မြောက် နိုင်ငံတကာဗိုလ်လောင်းများအားကစားပြိုင်ပွဲ (3rd CISM World Cadet Games) တွင် မြန်မာ့တပ်မတော်ကိုယ်စားပြုဗိုလ်လောင်းများက ပြိုင်ပွဲအမျိုးအစားခုနစ်မျိုးရှိသည့်အနက် သုံးမျိုးပါဝင်ယှဉ်ပြိုင်ခဲ့ပြီးပြိုင်ပွဲဝင် နိုင်ငံပေါင်း၂၀ ရှိသည့်အနက် နိုင်ငံအလိုက်အဆင့် ရှစ်နေရာရရှိခဲ့ကြောင်း သိရသည်။

အလားတူမြန်မာ့တပ်မတော်အနေဖြင့် International Army Games-2022 ပြိုင်ပွဲများဖြစ်သော ဆေးတပ်ဖွဲ့စွမ်းရည်ပြိုင်ပွဲ (Militaty Medical Relay Race (Medical Staff Competition))၊ လက်ဖြောင့်သေနတ်ပစ်ခတ်ခြင်းပြိုင်ပွဲ (Sinper Frontier) များတွင် ပါဝင်ယှဉ်ပြိုင်လျက်ရှိကြောင်းနှင့် ဆက်စပ်ပြိုင်ပွဲတစ်ရပ်ဖြစ်သော Army of Culture တွင်လည်း မြန်မာ့တပ်မတော်ကိုယ်စားပြု ရိုးရာယဉ်ကျေးမှုအဖွဲ့များက ပါဝင်ယှဉ်ပြိုင်လျက်ရှိကြောင်း သိရသည်။

Most Read

Most Recent