ပြည်ထောင်စု ဝန်ကြီးအချို့အား ဌာနပြောင်းရွှေ့မှုများပြုလုပ်ပြီး ပြည်ထောင်စုအစိုးရအဖွဲ့အား ပြင်ဆင်ဖွဲ့စည်း

ပြည်ထောင်စု ဝန်ကြီးအချို့အား ဌာနပြောင်းရွှေ့မှုများပြုလုပ်ပြီး ပြည်ထောင်စုအစိုးရအဖွဲ့အား ပြင်ဆင်ဖွဲ့စည်း
Published 19 August 2022

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ ပြည်ထောင်စုအစိုးရ အဖွဲ့အား ပြင်ဆင်ဖွဲ့စည်းကြောင်း သြဂုတ် ၁၉ ရက်က အမိန့်ကြေညာစာအမှတ်(၄၉/၂၀၂၂)ဖြင့် ထုတ်ပြန်သည်။

 အဆိုပါ ထုတ်ပြန်မှုများအရ ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာကံဇော်အား ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်အား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်းအား အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးအား စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး စသည်ဖြင့် ပြောင်းရွှေ့ခန့်အပ်တာဝန်ပေးအပ်လိုက်ကြောင်း သိရသည်။

ထို့ပြင် ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဦးသန်းဆွေအား အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ အဖြစ်လည်းကောင်း၊အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးတင်ဦးအား ပြည်ထောင်စုစာရင်းစစ်ချုပ် အဖြစ်လည်းကောင်း၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်အား ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ အဖြစ်လည်းကောင်း ပြောင်းရွှေ့တာဝန်ပေးအပ်ခဲ့ပြီး ဦးတင်ဦးလွင်အား နေပြည်တော်ကောင်စီဥက္ကဋ္ဌ ခန့်အပ်လိုက်ကြောင်းလည်း ထုတ်ပြန်ထားသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ ပြည်ထောင်စုအစိုးရ အဖွဲ့အား ပြင်ဆင်ဖွဲ့စည်းကြောင်း ထုတ်ပြန်ထားသည့် ပြည်ထောင်စုအစိုးရအဖွဲ့စာရင်းတွင် နစက အစိုးရလက်ထက်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ယူဆောင်ရွက်နေသည့် ဦးခင်ရီ ၊ ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန (၂) ပြည်ထောင်စု ဝန်ကြီး အဖြစ်ဆောင်ရွက်နေသည် ဦးချစ်နိုင်တို့ ပါဝင်လာခြင်း မရှိသည်ကို တွေ့ရသည်။

Most Read

Most Recent