နန်စီပလိုစီ၏ ထိုင်ဝမ်ခရီးစဉ်နှင့် အမေရိကန်သက်တမ်းဝက်ရွေးကောက်ပွဲအလားအလာ

နန်စီပလိုစီ၏ ထိုင်ဝမ်ခရီးစဉ်နှင့် အမေရိကန်သက်တမ်းဝက်ရွေးကောက်ပွဲအလားအလာ
Photo: AP
Photo: AP
Published 6 August 2022
ခက်ဝေ

အမေရိကန်အောက်လွှတ်တော် ဥက္ကဋ္ဌ နန်စီပလိုစီ၏ ထိုင်ဝမ်ခရီးစဉ်ကြောင့်  ထင် မှတ်ထားသည့်အတိုင်း တရုတ်-ထိုင်ဝမ် တင်းမာမှုအပြင် အမေရိကန်၊ ၎င်း၏မဟာမိတ် နိုင်ငံများနှင့် တရုတ်တို့အကြား စီးပွားရေးနှင့် စစ်ရေးတင်းမာမှုဖြစ်လာမည့် အလားအလာများလည်း ပေါ်ပေါက်နေသည်။

သြဂုတ်  ၅ ရက်မှာပင် တရုတ်နိုင်ငံကရာသီဥတုဖောက်ပြန်ပြောင်းလဲမှုတိုက်ဖျက်ရေး၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး၊ စစ်ရေးဆွေးနွေးမှု စသည့်ကဏ္ဍများတွင် အမေရိကန် နှင့်ပူးပေါင်းတော့မည်မဟုတ်ဟု ကြေညာလိုက်သည်။

သို့သော် ထိုင်ဝမ်ကို မသွားရန်နှင့် သွားပါက အမေရိကန်-တရုတ်ဆက်ဆံရေးကို ဆိုးရွားစွာထိခိုက်စေလိမ့်မည်ဟု အတန်တန်သတိပေးတားမြစ်ခဲ့သည့်ကြားက တရုတ်အစိုးရကို ဖီဆန်ခဲ့သည့် နန်စီပလိုစီ၏ရဲတင်းမှုကိုဒီမိုကရက်အမတ်များသာမက ရီပက်ဘလီကင်အမတ်များကပါ အားပေးထောက်ခံခဲ့ကြသည်။

အမေရိကန်သက်တမ်းဝက်ရွေးကောက်ပွဲမှာလည်း နီးကပ်လာပြီဖြစ်ပြီး ရီပက်ဘလီကင်နှင့် ဒီမိုကရက်ကိုယ်စားလှယ်လောင်းများက မဲရရန် အမေရိကန်လုံခြုံရေးနှင့်သာယာဝပြောရေးအပေါ် တရုတ်၏ခြိမ်းခြောက် နေမှုအရေးကို အဓိကအာရုံစိုက်နေကြသည်။

အချို့ရီပက်ဘလီကင််အမတ်များကမူ ပလိုစီ ထိုင်ဝမ်ကိုသွားသည့်အချိန်အခါနှင့်  အန္တရာယ်ရှိသည့် ၎င်းင်းခရီးစဉ်၏ ရည်ရွယ်ချက်ကိုမေးခွန်းထုတ်နေကြသည်။ အကြောင်းကား နိုဝင်ဘာ အမေရိကန်သက်တမ်းဝက် ရွေးကောက်ပွဲကျင်းပရန်ရက် ၁၀၀ အလို၏ အစနှင့် တိုက်ဆိုင်နေ၍ဖြစ်သည်။

လူဝီစီယားနားပြည်နယ်မှ ရီပက်ဘလီကင် အထက်လွှတ်တော်အမတ် ဂျွန်ကနေဒီက နန်စီပလိုစီ၏ ထိုင်ဝမ်ခရီးစဉ်အတွင်း ရီပက်ဘလီကင််အမတ်တစ်ဦးမျှ မခေါ်သွားခဲ့ခြင်းကိုမကျေနပ်ပေ။

“တကယ်လို့ သူသာ အမေရိကန်ရဲ့အင်အားကို ပြချင်တယ်ဆိုရင် ကီဗင်မက်ကာသီကိုပါ တစ်ပါတည်း ခေါ်သွားခဲ့ရမှာပေါ့” ဟု ဆိုသည်။

နိုဝင်ဘာရွေးကောက်ပွဲတွင် အောက်လွှတ်တော်၏အမတ်နေရာအများစုကို ရီပက်ဘလီကင်များ ပြန်ရခဲ့ပါက ကယ်လီဖိုးနီးယားလွှတ်တော်အမတ် မက်ကာသီက နန်စီပလိုစီ၏ အောက်လွှတ်တော်ဥက္ကဋ္ဌနေရာကို ဆက်ခံနိုင်ဖွယ်ရှိသည်။

မက်ကာသီကိုယ်တိုင်ကလည်း ပြီးခဲ့သည့်သီတင်းပတ်က သတင်းထောက်များနှင့်တွေ့ဆုံရာတွင် သူလည်း အောက်လွှတ်တော်ဥက္ကဋ္ဌအဖြစ်နှင့် ထိုင်ဝမ်ကို သွားချင်သည်ဟု ထုတ်ပြောထားသည်။

ဧပြီလက ခြောက်ဦးပါ အမေရိကန်လွှတ်တော်ကိုယ်စားလှယ်အဖွဲ့ ထိုင်ဝမ်သို့သွားခဲ့စဉ်ကမူ ရီပက်ဘလီကင််အမတ်များပါသွားခဲ့သည်။

ကမ္ဘာ့ရေးရာချီကာဂိုကောင်စီ၏ ၂၀၂၁ စစ်တမ်းကောက်ယူမှုအရ အမေရိကန်ပြည်သူ  ၆၉ ရာခိုင်နှုန်းက ထိုင်ဝမ်ကိုသီးခြား လွတ်လပ်သည့်နိုင်ငံအဖြစ်  အမေရိကန်က အသိအမှတ်ပြုခြင်းကို ထောက်ခံကြပြီး ပြည်သူ ၆၅ ရာခိုင်နှုန်းက ထိုင်ဝမ်ကို နိုင်ငံတကာအဖွဲ့အစည်းများနှင့် ထိတွေ့လာခြင်းကို မြင်တွေ့လိုကြသည်။

ထို့ပြင်အမေရိကန်တွင် တရုတ်ကို ဆန့်ကျင်သည့် သဘောထားအမြင်များလည်း အတော်ပင် တိုးပွားလာပြီးပြီးခဲ့သည့် ဇွန်က Pew Research Centre ၏စစ်တမ်းအရ အမေရိကန်ပြည်သူ ၈၂ ရာခိုင်နှုန်းသည် တရုတ်နိုင်ငံကို သဘောမကျသည့်အမြင်များ ရှိနေကြသည်။

၀ါရှင်တန်အခြေစိုက် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအကြံပေးအဖွဲ့ Asia Engagement at Defence Priorities မှ ဒါရိုက်တာ လိုင်ယယ်ဂိုစတင်းက ပလိုစီ၏ထိုင်ဝမ်ခရီးစဉ်ကို  နိုင်ငံရေးပြဇာတ်တစ်ခုဟုသာဆိုပြီး အမေရိကန်သက်တမ်းဝက်ရွေးကောက်ပွဲတွင် ဒီမို ကရက်အမတ်များအတွက် လေးလေးနက်နက် အထောက်အကူဖြစ်စေလိမ့်မည်မဟုတ်၊ အကြောင်းကား အမေရိကန်ပြည်သူများသည်  ကမ္ဘာ့ရေးရာတင်းမာမှုများ၏ စီးပွားရေး အကျိုးဆက်ကို ခံစားသိရှိနေကြပြီဖြစ်သည့်အတွက် မဲပေးသည့်အခါ ၎င်းတို့အတွက် ငွေ ရေးကြေးရေးအရအကောင်းဆုံးဖြစ်မည့် အနေအထားဘက်ကိုသာ ယိမ်းတတ်ကြသောကြောင့်ဟု ဆိုသည်။

တရုတ်နှင့်အမေရိကန်ရေးရာWilson Centre’s Kissinger Institute မှ ဒါရိုက်တာ ရောဘတ်ဒယ်လီကလည်း အမေရိကန် မဲဆန္ဒရှင်များသည်  ငွေကြေးဖောင်းပွမှုကဲ့သို့သော ပြည်တွင်းပြဿနာများကိုသာ အာရုံစိုက်မပျက်သည့်အတွက် ပလိုစီ၏ ခရီးစဉ်သည် သက်တမ်းဝက်ရွေးကောက်ပွဲတွင်  အရေးကြီး အကြောင်းရင်းဖြစ်နေမည်မဟုတ်ဟု ဆိုသည်။

“အောက်လွှတ်တော်ဥက္ကဋ္ဌပလိုစီကို  ဝေဖန်ပြောနေကြတာက သူဟာရာထူးမြဲဖို့ ထိုင်ဝမ်ကို သွားတယ်ဆိုတာမျိုးမဟုတ်ဘဲ လူ့အခွင့်အရေးလှုပ်ရှားသူဆိုတဲ့ သူ့ရဲ့အမွေအနှစ်ကိုသက်သေပြဖို့ ကြိုးစားနေတာဆိုပြီး ပြောနေကြတာ” ဟု ရောဘတ်ဒယ်လီက ပြောသည်။

“အမေရိကဟာ အကူးအပြောင်းအချိန်ကို ရောက်နေပါတယ်။ နိုင်ငံရေးကိုခန့်မှန်းရတာခက်သထက်ခက်လာပါတယ်။ ဒါပေမဲ့ ကြည့်ရသလောက် ဒီမိုကရက်တွေ အောက်လွှတ်တော်ကို လက်လွှတ်ရလိမ့်မယ်” ဟု လည်း ၎င်းက ပြောသည်။

အမေရိကန်ဒုတိယသမ္မတပြီးလျှင် သမ္မတနေရာဆက်ခံသူအဖြစ် ဒုတိယနေရာတွင်ရှိသူအသက် ၈၂ နှစ်အရွယ် ပလိုစီသည် အောက်လွှတ်တော်အတွက် ထပ်ပြိုင်ထားသည်။

မဲပေးခြင်းဆိုင်ရာ Five Thirty Eight.com ခန့်မှန်းချက်အရ ဒီမိုကရက်များကအောက် လွှတ်တော်ကိုထိန်းချုပ်ခွင့်ရရန် ၁၇ ရာခိုင် နှုန်းဖြင့် အားလျော့နေပြီး ရီပက်ဘလီကင်များက ၈၃ ရာခိုင်နှုန်းဖြင့် အောက်လွှတ်တော် ထိန်းချုပ်ခွင့်အတွက် အလားအလာကောင်းနေသည်။

 

နန်စီပလိုစီထက် ပိုအန္တရာယ်များသူ

အထက်လွှတ်တော်နိုင်ငံခြားရေးရာ ကော်မတီဥက္ကဋ္ဌဘော့မီနန်ဒက်ဇ်သည် ထိုင် ဝမ်နှင့်ဆိုင်သည့်ဥပဒေမူကြမ်းတစ်ရပ်ကို ပူးတွဲအဆိုတင်သွင်းထားပြီး ၎င်းမူကြမ်းသာ ဥပဒေအဖြစ် အတည်ပြုခံရပါကအမေရိကန် အစိုးရက ‘တရုတ်တစ်ပြည်ထောင်တည်း’ ၀ါဒကို  လက်တွေ့တွင် လျစ်လျူရှုလာနိုင်တော့မည်ဖြစ်သည်။

အောက်လွှတ်တော်ဥက္ကဋ္ဌနန်စီပလိုစီထက် ပိုစိတ်ဝင်စားစရာ၊ ပိုအန္တရာယ်ရှိပြီး သတိထားမခံရဖြစ်နေသူက နယူးဂျာဆီပြည်နယ်မှ ဒီမိုကရက်အထက်လွှတ်တော်အမတ် ဘော့မီနန်ဒက်ဇ်ပင် ဖြစ်သည်။ သူသည် ၂၀၂၂ ထိုင်ဝမ်ပေါ်လစီအက်ဥပဒေကို ပူးတွဲ အဆိုတင်သွင်းထားသည်။

မီနန်ဒက်ဇ်သည် အထက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီဥက္ကဋ္ဌ ဖြစ်သည့်အတွက် ၎င်းတင်သွင်းသည့်ဥပဒေအတည်ဖြစ်ပြီး အစိုးရကတရုတ်တစ်ပြည်ထောင်မူဝါဒကို ပယ်ရှားလာမည့်ဖြစ်နိုင်ခြေမျိုးကို လက်ရှိနိုင်ငံရေးအခြေအနေတွင် ဖယ်ထား၍မဖြစ်ပေ။

တရုတ်-ထိုင်ဝမ်အရေးတွင် အမေရိကန်က အမှန်တစ်ကယ်စစ်ရေးနည်းဖြင့် ဝင်ပါ မည်လားဆိုသည်ကို အဓိပ္ပာယ်နှစ်ခွထွက်သော ရပ်တည်ချက်မျိုး ကိုင်စွဲထားသည်။ တရုတ်၏ကျူးကျော်ရန်ကိုလည်း တားပြီးဖြစ်၊ ထိုင်ဝမ်ဘက်ကလည်း လွတ်လပ်သည့် နိုင်ငံအဖြစ် တရားဝင်ကြေညာခြင်း မပြုစေမည့် ပေါ်လစီဖြစ်သည်။

သို့သော်လည်းထိုင်ဝမ်သည် အမေရိကန်နှင့် သံတမန်ဆက်ဆံရေးအပြည့်အဝ ခံစားခွင့်ရထားသည်။ ထိုင်ဝမ်တွင် အမေရိကန် သံရုံးမရှိသော်လည်း အမေရိကန်စင်တာ ဖွင့်ပေးထားသည်။ ထိုင်ဝမ်သံတမန်များသည်လည်း အခြားနိုင်ငံသံတမန်များ၏အဆင့်အတန်းအတိုင်း အမေရိကန်တွင် နေရသည်။သို့သော် ဗာတီကန်နှင့် နိုင်ငံ ၁၃ နိုင်ငံတည်းကသာ ထိုင်ဝမ်ကို အသိအမှတ်ပြုထားသေး သည်။  

                                                                                                                        Ref: South China Morning Post

Most Read

Most Recent