မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံရုံးအကြီးအကဲ ပြန်လည်ထွက်ခွာသွားခြင်းနှင့်ပတ်သက်၍ ၎င်း၏ တွစ်တာစာမျက်နှာတွင် ရေးသားမှုသည် ဖြစ်ရပ်မှန်နှင့် ကွဲလွဲနေဟု မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန ရှင်းလင်း

မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံရုံးအကြီးအကဲ ပြန်လည်ထွက်ခွာသွားခြင်းနှင့်ပတ်သက်၍ ၎င်း၏ တွစ်တာစာမျက်နှာတွင် ရေးသားမှုသည် ဖြစ်ရပ်မှန်နှင့် ကွဲလွဲနေဟု မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန ရှင်းလင်း
Published 14 July 2022

မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံရုံးအကြီးအကဲ Peter Vowles  ပြန်လည်ထွက်ခွာသွားခြင်းနှင့်ပတ်သက်၍ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက  ဇူလိုင် ၁၄ ရက်တွင် ရှင်းလင်းချက်ထုတ်ပြန်သည်။

အဆိုပါရှင်းလင်းချက်တွင် မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံရုံးမှ မစ္စတာ Peter Vowles သည် မြန်မာနိုင်ငံမှ ထွက်ခွာရသည့် အကြောင်းရင်းကို ၂၀၂၂ ခုနှစ် ဇူလိုင် ၁၃ ရက်တွင် ၎င်း၏ တွစ်တာ စာမျက်နှာ၌ ရေးသားဖော်ပြထားမှုသည် မှန်ကန်မှုမရှိသည့်အပြင် ဖြစ်ရပ်မှန်နှင့် ကွဲလွဲလျက်ရှိနေကြောင်း တွေ့ရှိရသည်ဟု ဖော်ပြထားသည်။

ဗြိတိန်အစိုးရက မစ္စတာ Peter Vowles အား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော ဗြိတိန်နိုင်ငံသံအမတ်ကြီး အဖြစ် ခန့်အပ်ရန်  ၂၀၂၁ ခုနှစ် ဧပြီ ၂၉ ရက်တွင် အဆိုပြုသဖြင့် မြန်မာအစိုးရက ၂၀၂၁ ခုနှစ် ဇွန် ၂၂  ရက်တွင် သဘောတူညီကြောင်း ပြန်ကြားခဲ့ကြောင်း၊ မစ္စတာ Peter Vowles သည် ၂၀၂၁ ခုနှစ် ဇူလိုင် ၂၉ ရက်တွင် မြန်မာနိုင်ငံသို့ စတင် ရောက်ရှိခဲ့ပြီး နောက် သံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘောတူညီပြီးဖြစ်သူ (Ambassador-Designate) တစ်ဦးအနေဖြင့်  သံတမန်လုပ်ထုံးလုပ်နည်းများ နှင့်အညီ ၎င်း၏ခန့်အပ်လွှာမိတ္တူကို နိုင်ငံခြားရေးဝန်ကြီးဌာနသို့ လည်းကောင်း၊ ခန့်အပ်လွှာကို နိုင်ငံတော်အကြီးအကဲထံသို့လည်းကောင်း ပေးအပ်ရန်ဖြစ်သော်လည်း အကြောင်းအမျိုးမျိုးပြ၍ပေးအပ်ရန် ရှောင်လွှဲခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ရှင်းလင်းဖော်ပြထားသည်။

ထို့နောက် နိုင်ငံခြားရေးဝန်ကြီးဌာနက ဗြိတိန်နိုင်ငံဘက်သို့ မစ္စတာ Peter Vowles ၏ ပြည်ဝင်ဗီဇာကို ကန့်သတ်ခဲ့ကြောင်း ၊ ယင်းအခြေအနေတွင် ဗြိတိန်နိုင်ငံဘက်က မစ္စတာ Peter Vowles အား မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန် သံအမတ်ကြီးအဖြစ် အဆိုပြုထားမှုကို ရုပ်သိမ်းကြောင်းနှင့် ရန်ကုန်မြို့ ဗြိတိန်သံရုံး၊ သံရုံးယာယီတာဝန်ခံအဖြစ် ခန့်အပ်မည်ဖြစ်ကြောင်း ပြောင်းလဲ အဆိုပြုခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင်ပါရှိသည်။

မြန်မာနိုင်ငံအနေဖြင့်  မစ္စတာ Peter Vowles အား  မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီးအဖြစ် ခန့်အပ် ရန် သဘောတူညီပြီး ဖြစ်သည့်အတွက် သံရုံးယာယီတာဝန်ခံ ခန့်အပ်မည်ဆိုပါက ၎င်းအစား အခြား ပုဂ္ဂိုလ်တစ်ဦးအား ပြန်လည် အဆိုပြုရန် ဖြစ်ကြောင်း ဗြိတိန်နိုင်ငံဘက်သို့ အကြောင်းကြားခဲ့ကြောင်း ရှင်းလင်းချက်အရသိရသည်။

 ယင်းနောက် မစ္စတာ Peter Vowles က  ၎င်း၏ကိုယ်ပိုင်ပစ္စည်းများကို သိမ်းဆည်းရန်အတွက် ၂၀၂၂ ခုနှစ် ဇွန် ၂၁ ရက်မှ ဇူလိုင် ၁၅ ရက််အထိ မြန်မာနိုင်ငံသို့ ဝင်ရောက်လိုကြောင်း ဗြိတိန်ဘက်မှ မေတ္တာရပ်ခံခဲ့မှုကို နိုင်ငံခြားရေးဝန်ကြီးဌာနက ခွင့်ပြုပေးခဲ့သည့် အတွက် မြန်မာနိုင်ငံသို့ လာရောက်ခဲ့ခြင်းဖြစ်ပြီး ယခု မစ္စတာ Peter Vowles မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာခဲ့ခြင်းမှာ ၎င်း၏ပြည်ဝင် ဗီဇာသက်တမ်း မကုန်ဆုံးမီ ထွက်ခွာသွားခြင်းသာဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

ယခုကိစ္စတွင် မစ္စတာ Peter Vowles အနေဖြင့် ခန့်အပ်လွှာပေးအပ်ခြင်းမပြုဘဲ မြန်မာနိုင်ငံ၌ သံအမတ်ကြီးအဖြစ် လာရောက်နေထိုင်လိုခြင်းဖြစ်ပြီး ဗြိတိန် ဘက်က သံတမန်ကျင့်ထုံး၊ ကျင့်ဝတ်တို့နှင့်အညီ ဆောင်ရွက်မှု မပြုခဲ့ခြင်းသာဖြစ်ကြောင်း၊  မြန်မာနိုင်ငံသည် အချုပ်အခြာ အာဏာပိုင်နိုင်ငံ အနေဖြင့် သံတမန်လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ခဲ့ခြင်းကြောင့် မစ္စတာ Peter Vowles သည် မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာသွားခဲ့ရခြင်း ဖြစ်ကြောင်း ဖော်ပြအပ်သည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

 

မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံရုံးယာယီတာဝန်ခံ Pete Vowels သည် မြန်မာနိုင်ငံ၌ ၎င်း၏လုပ်ငန်းတာဝန်များကို ရုတ်တရက် ယနေ့(ဇူလိုင် ၁၃ ရက်)တွင် ရပ်ဆိုင်းလိုက်ရကြောင်း ၎င်း၏တွစ်တာစာမျက်နှာ၌ ရေးသားခဲ့သည်။

 

၎င်းကို နစကက မြန်မာနိုင်ငံမှ ထွက်ခွာရန် ဖိအားပေးညွှန်ကြားခဲ့မှုအတွက် စိတ်မကောင်းဖြစ်ရကြောင်း၊ သို့သော်တရားဝင်အသိအမှတ်ပြုရန် ဖိအားပေးခံခဲ့ရမှုအပေါ် ၎င်းအနေဖြင့် ငြင်းဆန်နိုင်ခဲ့သည့်အတွက် ဝမ်းသာမိကြောင်း Pete Vowels က ၎င်း၏တွစ်တာစာမျက်နှာ၌ ရေးသားခဲ့သည်။

 

ထို့ပြင် ၎င်းအနေဖြင့် မြန်မာနိုင်ငံမှ ထွက်ခွာခဲ့ရသော်လည်း မြန်မာပြည်၌ ကျန်ခဲ့သည့်အဖွဲ့သားများက တရားမျှတမှု၊ လွတ်လပ်မှုနှင့် ငြိမ်းချမ်းမှုကလွဲလျှင် မည်သည့်အရာကိုမျှ လိုလားခြင်းမရှိသည့် မြန်မာပြည်သူများအတွက် တတ်နိုင်သည့်ဘက်က ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်း၏ တွစ်တာစာမျက်နှာ၌ ရေးသားခဲ့သည်။