မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံရုံးအကြီးအကဲ တာဝန် ရုတ်တရက်ရပ်ဆိုင်း

မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံရုံးအကြီးအကဲ တာဝန် ရုတ်တရက်ရပ်ဆိုင်း
Published 13 July 2022

မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံရုံးယာယီတာဝန်ခံ Pete Vowels သည် မြန်မာနိုင်ငံ၌ ၎င်း၏လုပ်ငန်းတာဝန်များကို ရုတ်တရက် ယနေ့(ဇူလိုင် ၁၃ ရက်)တွင် ရပ်ဆိုင်းလိုက်ရကြောင်း ၎င်း၏တွစ်တာစာမျက်နှာ၌ ရေးသားထားသည်။ 

၎င်းကို နစကက မြန်မာနိုင်ငံမှ ထွက်ခွာရန် ဖိအားပေးညွှန်ကြားခဲ့မှုအတွက် စိတ်မကောင်းဖြစ်ရကြောင်း၊ သို့သော်တရားဝင်အသိအမှတ်ပြုရန် ဖိအားပေးခံခဲ့ရမှုအပေါ် ၎င်းအနေဖြင့် ငြင်းဆန်နိုင်ခဲ့သည့်အတွက် ဝမ်းသာမိကြောင်း Pete Vowels က ၎င်း၏တွစ်တာစာမျက်နှာ၌ ရေးသားထားသည်။ 

ထို့ပြင် ၎င်းအနေဖြင့် မြန်မာနိုင်ငံမှ ထွက်ခွာခဲ့ရသော်လည်း မြန်မာပြည်၌ ကျန်ခဲ့သည့်အဖွဲ့သားများက တရားမျှတမှု၊ လွတ်လပ်မှုနှင့် ငြိမ်းချမ်းမှုကလွဲလျှင် မည်သည့်အရာကိုမျှ လိုလားခြင်းမရှိသည့် မြန်မာပြည်သူများအတွက် တတ်နိုင်သည့်ဘက်က ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်း၏ တွစ်တာစာမျက်နှာ၌ ရေးသားထားသည်။ 

အဆိုပါကိစ္စနှင့်ပတ်သက်၍ နိုင်ငံခြားရေးဝန်ကြီးဌာနက ဇူလိုင် ၁၃ ရက် ည ၁၁ နာရီခွဲအထိ တစ်စုံတစ်ရာ ထုတ်ပြန်ထားခြင်း မရှိသေးပေ။

မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံရုံးအကြီးအကဲ Pete Vowels သည် ၂ဝ၂၁ ခုနှစ် သြဂုတ်လက စတင်ပြီး မြန်မာနိုင်ငံမှာ တာဝန်ထမ်းဆောင်ခဲ့ခြင်းဖြစ်သည်။