ဒုတိယစစ်အေးနှင့် မြန်မာတို့၏ အမျိုးသားအကျိုးစီးပွား

ဒုတိယစစ်အေးနှင့် မြန်မာတို့၏ အမျိုးသားအကျိုးစီးပွား
Published 4 July 2022
ရဲကျော်စွာ

ပထမစစ်အေးခေတ် (First Cold War Era) သည် ၁၉၄၇ ခုနှစ် မှ ၁၉၉၁ ခုနှစ်အထိ စုစုပေါင်း ၅၄ နှစ် ကြာမြင့်ခဲ့သည်။

ပထမစစ်အေး ပြီးဆုံးချိန် မြန်မာ့အခြေအနေ

ပထမစစ်အေးခေတ်အတွင်း မြန်မာနိုင်ငံသည် ကိုလိုနီဘဝမှ အမျိုးသားလွတ်လပ်ရေးရရှိခဲ့ပြီး အချုပ်အခြာအာဏာပိုင် အမျိုးသားနိုင်ငံတော်တစ်ခုအဖြစ် ရပ်တည်နိုင်ခဲ့သည်။

ထိုကာလအတွင်း မြန်မာနိုင်ငံတွင် ၀ါဒရေးရာနှင့်လူမျိုးရေးကို အခြေခံသော လက်နက်ကိုင်အဖွဲ့ အစည်းပေါင်းစုံနှင့် လက်နက်ကိုင်ပဋိပက္ခများလည်း နှစ်ကာလရှည် ပေါ်ပေါက်လာခဲ့သည်။

နိုင်ငံ၏ နိုင်ငံရေးစနစ်သည် ပါတီစုံပါလီမန်စနစ်၊ ဆိုရှယ်လစ်စနစ်နှင့် စစ်အုပ်ချုပ်ရေးစနစ်များ အသီးသီးပြောင်းလဲခဲ့ပြီး နိုင်ငံတော်အာဏာများ စုစည်းမှုနှင့် ခွဲဝေမှုတွင် ‘တစ်ပြည်ထောင်နိုင်ငံ’  (Unitary State) အဖြစ်သာ ဆက်လက် တည်ရှိခဲ့သည်။

ပထမစစ်အေးအတွင်း မြန်မာနိုင်ငံသည် လူဦးရေအားလုံးနီးပါး စာတတ်မြောက်သောနိုင်ငံဖြစ်လာခဲ့ပြီး မြို့ပြနေလူလတ်တန်းစားများ၏ အများစုက ပုံမှန်ပညာရေးအရ အခြေခံပညာအထက်တန်းအထိ ပညာသင်ကြားခဲ့သူများ ဖြစ်လာခဲ့ကြသည်။

နိုင်ငံ၏ ပင်မနိုင်ငံခြားဆက်သွယ်ရေးဘာသာစကားအဖြစ် အင်္ဂလိပ်ဘာသာစကားတစ်ခုတည်းကသာ ဆက်လက်တည်ရှိနေခဲ့သည်။ နိုင်ငံ၏ တရားဥပဒေစနစ်သည် ယေဘုယျအားဖြင့် “ဗြိတိသျှ ဥပဒေစနစ်” (British Legal System) ကို ဆက်လက်အခြေပြုနေခဲ့သည်။

ပထမစစ်အေးအတွင်း အခြေခံလူသုံးကုန်ပစ္စည်းများနှင့် အခြေခံအိမ်သုံးကုန်ပစ္စည်းများကို ထုတ်လုပ်သော အရပ်ဘက်စက်မှုလုပ်ငန်းများ၊ လက်နက်ငယ်များ၊ ခဲယမ်းများ၊ တန်ချိန်ငါးရာအောက် ကမ်းရိုးတန်းကင်းလှည့်တိုက်ရေယာဉ်များကိုထုတ်လုပ်သော စက်မှုလုပ်ငန်းအချို့ နိုင်ငံအတွင်းထူထောင်လာခဲ့သော်လည်း အဆင့်မြင့်နည်းပညာများထွန်းကားသော ‘စက်မှုနိုင်ငံ’ (Industrialist Nation) တစ်ခု ဖြစ်မလာခဲ့။

ပထမစစ်အေးခေတ်ကုန်ဆုံးချိန်အထိ နိုင်ငံ့လူဦးရေ၏ ရာခိုင်နှုန်း ၈၀ သည် ကျေးလက်ဒေသများ တွင်နေထ ိုင်သူများ ဖြစ်ကြပြီး နိုင်ငံ၏ စီးပွားရေးသည် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေပြုသော ကျေးလက်စီးပွားရေးတစ်ခု ဖြစ်နေခဲ့သည်။

ပထမ စစ်အေးခေတ် ပြီးဆုံးချိန်အထိ နိုင်ငံ‌၏ဖွံ့ဖြိုးရေးရည်မှန်း ချက်များ မအောင်မြင်ခဲ့ဘဲ ပညာရေး၊ ပြန်ကြားရေး၊ လူ့အရင်းအမြစ် ဖွံ့ဖြိုးရေးနှင့် ကျန်းမာရေး နယ်ပယ်များတွင် အရည်အတွက်အရ ထုထည်များ ကြီးထွားလာခဲ့သော်လည်း အရည်အသွေးအရ  ကျဆင်း နိမ့်ကျနေခဲ့သည်။

ပထမ စစ်အေးခေတ် ကုန်ဆုံးချိန်အထိ နိုင်ငံခြားဆက်ဆံရေးနယ်ပယ်တွင် လွတ်လပ်သောနိုင်ငံခြားရေးဝါဒကို ကျင့်သုံးသည့် ဘက်မလိုက်နိုင်ငံတစ်ခုအဖြစ် ဆက်လက်တည်ရှိနေခဲ့ပြီး မည်သည့် နိုင်ငံတကာအုပ်စုများအတွင်းသို့မှ မဝင်ရောက်ခဲ့။ သက်ဆိုင်ရာအုပ်စုအလိုက် ပြည်ပအကူအညီများကိုလည်း မရရှိခဲ့ပါ။

စစ်အေးလွန်ခေတ် မြန်မာ့အခြေအနေ

စစ်အေးလွန်ခေတ် (Post Cold War Era) သည် ၁၉၉၁ ခုနှစ်မှ ဒုတိယစစ်အေး ပြန်လည်စတင်လာခဲ့သော ၂၀၀၈ ခုနှစ်အထိ စုစုပေါင်း ၁၇ နှစ် ကြာမြင့်ခဲ့သည်။

စစ်အေးလွန်ခေတ်တွင် ယူဂိုဆလားဗီးယား ပြည်ထောင်စုပြိုကွဲပြီး ဆူဒန်၊ ဆိုမားလီးယား၊ အင်ဒိုနီးရှားနိုင်ငံများတွင် နယ်မြေအစိတ်အပိုင်းများ၏ ခွဲထွက်ရေးစစ်ပွဲများ ဖြစ်ခဲ့သော်လည်း မြန်မာနိုင်ငံသည် ပြည်ထောင်စုတစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး နိုင်ငံ၏ ပိုင်နက် နယ်မြေခွဲထွက်မှုများမရှိခဲ့။

စစ်အေးလွန်ခေတ်အတွင်း နိုင်ငံ၏စီးပွားရေးသည် ပုဂ္ဂလိက စျေးကွက်စီးပွားရေးအဖြစ် လျင်မြန်စွာဖွံ့ဖြိုးလာခဲ့ပြီး နိုင်ငံ့လူဦးရေအများစု၏ ဘဝနေထိုင်မှု ပုံစံများနှင့် စားသုံးမှုပုံစံများ လျင်မြန်စွာပြောင်းလဲတိုးတက်လာခဲ့သည်။

နိုင်ငံ့လူဦးရေ၏ ကြီးမားသော အစိတ်အပိုင်းတစ်ခုသည် မြို့ပြဒေသများ၊ နယ်စပ်ဒေသများနှင့် ပြည်ပသို့ ရွှေ့ပြောင်းအလုပ် လုပ်ကိုင်ကြပြီး လူဦးရေအများစု၏ တစ်ဦးချင်း ဘဝအမြင်များနှင့် လောကအမြင်များလည်း ပြောင်းလဲ လာခဲ့ကြသည်။

နိုင်ငံအတွင်း ပုဂ္ဂလိကပိုင်ပညာရေးလုပ်ငန်းများ၊ မီဒီယာလုပ်ငန်းများနှင့် ကျန်းမာရေးလုပ်ငန်းများ ကြီးထွားမှုနှင့် ဖွံ့ဖြိုးမှုများရှိလာခဲ့ပြီး “လူလတ်တန်းစား၏ အထက်လွှာ” (Upper Layer of Middle Class) အတွက် ယခင်ကထက် ရွေးချယ်ခွင့်များ ပိုမိုများပြားလာခဲ့သည်။

စီးပွားရေးနှင့် ကုန်သွယ်မှုပမာဏများ ကြီးထွားလာခဲ့ပြီး နိုင်ငံ့စီးပွားရေးသည် စိုက်ပျိုးမွေးမြူရေး အခြေခံစီးပွားရေးမှသည် သဘာဝသယံဇာတများ၊ ထပ်တိုးတန်ဖိုးမြှင့် ကုန်ထုတ်လုပ်ငန်းများနှင့် ဝန်ဆောင်မှုလုပ်ငန်းများကို အခြေပြုသော စီးပွားရေးပုံစံသစ်တစ်ခု ဖြစ်လာခဲ့သည်။

စစ်အေးလွန်ခေတ်အတွင်း နိုင်ငံ၏ တစ်ဦးချင်း ပျမ်းမျှထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုးများ မြင့်တက်လာခဲ့သော်လည်း အထွေထွေ အားနည်းချက်များကြောင့် ဆင်းရဲချမ်းသာ ကွာဟချက်များနှင့် လူမှုရေး မညီမျှမှုများ ပိုမို ကြီးမားလာခဲ့ပြီး အချိုးမညီသော စီးပွား ရေးကြီးထွားမှုနှင့် ဖွံ့ဖြိုးမှု၏ အကျိုးဆက် ရိုက်ခတ်မှုများကို ဝင်ငွေနိမ့် သာမန်ပြည်သူ အများစုအတွက် ထိခိုက်ခံစားခဲ့ရသည်။

စစ်အေးလွန်ခေတ်အတွင်း “နိုင်ငံလုံးဆိုင်ရာ လူမှုဖူလုံရေးစနစ်” (National Social Welfare System) တစ်ရပ်ကို မထူထောင်နိုင်ခဲ့ခြင်း၊ အလုပ်သမားအခွင့်အရေးများ (Labour Rights) နှင့် အရပ်ဘက်အခွင့်အရေးများ (Civil Rights) ကို တည်ဆဲတရားဥပဒေများနှင့်အညီ ကာကွယ်စောင့်ရှောက်ပေးရန် ပျက်ကွက်ခဲ့ခြင်းများကြောင့် အလုပ်သမားများနှင့် လယ်သမားများအပါအဝင် အခြေခံလူတန်းစားလူဦးရေ၏ အများစုအတွင်း နိုင်ငံချစ်စိတ်၊ ပြည်ချစ် စိတ်ဓာတ်နှင့် မျိုးချစ်စိတ်ဓာတ်များ ပျက်စီးယိုယွင်း၊ ထိခိုက်ကျဆင်းလာခဲ့သည်။

စစ်အေးလွန်ခေတ်အတွင်း မြန်မာနိုင်ငံသည် လွတ်လပ်သော နိုင်ငံခြားရေးဝါဒကိုကျင့်သုံးသည့် ဘက်မလိုက်နိုင်ငံတစ်ခုအဖြစ် ဆက်လက်ရပ်တည်ခဲ့သော်လည်း တောင်ကမ္ဘာခြမ်း ဖွံ့ဖြိုးဆဲနိုင်ငံများနှင့် မြောက်ကမ္ဘာခြမ်း ချမ်းသာသော နိုင်ငံများအကြား အုပ်စုဖွဲ့မှု အတွင်း မြန်မာအစိုးရများသည် တောင်ကမ္ဘာခြမ်း နိုင်ငံများ အုပ်စုအတွင်း ပါဝင်ခဲ့ပြီး အင်ဒိုနီးရှား၊ အိန္ဒိယ၊ အီဂျစ်နှင့် ဘရာဇီးနိုင်ငံများက ဦးဆောင်နေသော ဂျီ - ၇၇ အုပ်စုအတွင်းသို့ ပါဝင်လာခဲ့သည်။

စစ်အေးလွန်ခေတ်အတွင်း နိုင်ငံခြားဆက်ဆံရေးတွင် မြန်မာနိုင်ငံသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် နီးကပ်ရင်းနှီးသော ဆက်ဆံရေးများ နှင့် ပူးပေါင်းဆောင်ရွက်မှုများကို စတင်ထူထောင်ခဲ့သည်။ သို့သော်လည်း ထိုကာလအတွင်း မြန်မာနိုင်ငံသည် ရုရှားပြည်ထောင်စုနှင့် နီးကပ်သော ဆက်ဆံရေးများကို စတင်ထူထောင်ခဲ့ခြင်း မရှိသေးပါ။

စစ်အေးလွန်ခေတ်အတွင်း နဝတနှင့် နအဖ မြန်မာစစ်ဘက်ဆိုင်ရာအစိုးရများသည် အမေရိကန်ပြည်ထောင်စု အပါအဝင် အနောက်အုပ်စုနှင့် ဆက်ဆံရေးများကို ပိုမိုဆိုးရွားမသွားစေရန် အခြေအနေကို ထိန်းသိမ်းထားခဲ့သည်။

၂၀၀၁ ခုနှစ် နယူးယောက်-၀ါရှင်တန် ၉/၁၁ အကြမ်းဖက် တိုက်ခိုက်မှုများအပြီးတွင် မြန်မာအစိုးရများသည် အမေရိကန်ပြည်ထောင်စု၏ အကြမ်းဖက်မှုတိုက်ဖျက်ရေး သဘောတူညီချက်များအတွင်း ပါဝင်ခဲ့ပြီး သမ္မတဘုရှ်ဂျူနီယာ၏ ရီပတ်ဘလစ်ကန်အစိုးရက ဆင်နွှဲနေခဲ့သော အကြမ်းဖက်ဝါဒတိုက်ဖျက်မှု စစ်ဆင်ရေးများအတွက် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်များအတွင်း ပါဝင်လာခဲ့သည်။

စစ်အေးလွန်ခေတ်အတွင်း နိုင်ငံ၏ စစ်ရေးစက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာခဲ့ပြီး  ကြည်း၊ ရေ၊ လေ စစ်ရေးစက်မှုလုပ်ငန်းများသည်  ယခင်ကထက် သိသာစွာ ပိုမို မြင့်တက်လာခဲ့သည်။ သို့သော်လည်း နိုင်ငံ၏ ရဲတပ်ဖွဲ့နှင့် လုံခြုံရေးတပ်ဖွဲ့များ၏ ရုပ်ဝတ္ထုများနှင့် နည်းပညာများမှာ ဆက်လက်နိမ့်ကျနေဆဲ ဖြစ်ခဲ့သည်။

စစ်အေးလွန်ခေတ်အတွင်း မြန်မာ့တပ်မတော်အတွင်း တပ်တွင်း ပြုပြင်ပြောင်းလဲမှုများက ၂၀၀၂ ခုနှစ်နှင့် ၂၀၀၄ ခုနှစ်များအတွင်း အဆင့်လိုက် ဖြစ်ပေါ်ခဲ့ပြီး တပ်မတော်သည် ခိုင်မာသော အင်စတီကျူးရှင်းအဖြစ် ဆက်လက် အင်အားကြီးမားလာခဲ့သည်။ ကာကွယ်ရေးစက်မှုလုပ်ငန်းများ၏ ဖွံ့ဖြိုးမှု နှုန်းထားများ ရုတ်တရက် မြင့်တက်လျင်မြန်လာခဲ့သည်။

ဒုတိယစစ်အေးခေတ်

၂၀၀၈ ခုနှစ်အတွင်း ပြန်လည် အင်အားကြီးထွားလာသော ရုရှား ပြည်ထောင်စုက ယခင်ဆိုဗီယက် သမ္မတနိုင်ငံဟောင်းတစ်ခုဖြစ်သော ဂျော်ဂျီယာနိုင်ငံမြောက်ပိုင်း ရှိ တောင်ပိုင်း အိုဇက်တီယားဒေသ ခွဲထွက်ရေးအင်အားစုများဘက်မှ စစ်ကူပေးကာ ဝင်ရောက်တိုက်ခိုက်ခဲ့သော ရုရှား-ဂျော်ဂျီယာစစ်ပွဲ (၂၀၀၈) အပြီးတွင် ရုရှားပြည်ထောင်စုနှင့် မဟာမိတ်နိုင်ငံများက တစ်ဖက်၊ အမေရိကန် ပြည်ထောင်စု ဦးဆောင်သော အနောက်တိုင်းနိုင်ငံများက တစ်ဖက် ဖြစ်ပွားသော နိုင်ငံရေးနှင့် သံတမန်ရေး တင်းမာမှုများ ပြန်လည် စတင် ဖြစ်ပွားလာခဲ့သည်။

၂၀၁၆ ခုနှစ်တွင် တောင်တရုတ်ပင်လယ်အတွင်း ရေကြောင်း လုံခြုံရေး အငြင်းပွားမှုများ၊ တောင်ကိုရီးယားနိုင်ငံတွင် “စစ်နယ်ဝှမ်း အဆင့် အကြီးစား အမြင့်ပျံဒုံးပျံများ” (Theatre High Altitude Area Defense Missiles - THAAD ) ကို တပ်စွဲချထားလာခြင်းများကို အကြောင်းပြု၍ ပစိဖိတ်သမုဒ္ဒရာ အနောက်ပိုင်းတွင် ‘စီးပွားရေး မဟာအင်အားကြီးနိုင်ငံ’ (Economics Superpower Nation) ဖြစ်လာသော တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် အမေရိကန်ပြည်ထောင်စုအကြား တင်းမာမှုများ ရုတ်တရက်အရှိန်မြင့်တက်လာခဲ့သည်။

လစ်ဗျားစစ်ပွဲ၊ ဆီးရီးယား စစ်ပွဲ၊ ကွန်ဂို စစ်ပွဲ၊ ဗင်နီဇွဲလား ပဋိပက္ခ၊ ဘိုလီးဗီးယားပဋိပက္ခ အစရှိသော အခြားဒေသများမှ ပဋိပက္ခများပါ ပေါင်းစပ်ပါဝင်လာပြီး အမေရိကန် ပြည်ထောင်စု ဦးဆောင်သော အနောက်တိုင်းနိုင်ငံများက တစ်ဖက်၊ ရုရှားပြည်ထောင်စုနှင့် တရုတ်ပြည်က ဦးဆောင်သော “ဒုတိယမျိုးဆက် အရှေ့အုပ်စုသစ်” (Second Generation New Eastern Bloe) နိုင်ငံများက တစ်ဖက်ဖြစ်ပွားသော “ဒုတိယစစ်အေး” (Cold War 2.0) က ကမ္ဘာဒေသများ  အနှံ့တွင် ဖြစ်ပွားကျယ်ပြန့်လာခဲ့သည်။

ဒုတိယစစ်အေးနှင့် မြန်မာနိုင်ငံ

ယခု ဒုတိယစစ်အေးအတွင်း မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးချိန်မှ စတင်၍ ပထမဆုံးအကြိမ်အဖြစ် ရုရှားပြည်ထောင်စုနှင့် တရုတ်နိုင်ငံက ဦးဆောင်သော ဒုတိယမျိုးဆက် အရှေ့အုပ်စုသစ်အတွင်းသို့ ဝင်ရောက်လာခဲ့သည်။

၂၀၁၆-၂၀၁၇ ရခိုင်ပြည်နယ် မြောက်ပိုင်းနယ်စပ် လူဝင်မှုပဋိပက္ခများနှင့် ၂၀၂၁ ဖေဖော်ဝါရီလ နောက်ပိုင်းနိုင်ငံလုံးဆိုင်ရာအထွေထွေပဋိပက္ခဖြစ်စဉ်များကြောင့် မြန်မာနိုင်ငံ၏ ဒုတိယစစ်အေးအတွင်း ပါဝင်လာမှုက ယခင်ကထက် ပိုမိုနက်ရှိုင်းလာခဲ့သည်။

ယခုအချိန်အထိ မြန်မာနိုင်ငံပြည်တွင်း အရပ်ဘက်လူဦးရေ၏ အများစုသည် ကျေးလက်ဒေသများနှင့် မြို့ပြဒေသများ နှစ်မျိုးစလုံးတွင် အမေရိကန်ပြည်ထောင်စုဦးဆောင်သော အနောက်အုပ်စုနိုင်ငံများကို လိုလားသူများက အများစု ဖြစ်နေသည်။ နယ်စပ်ဒေသများတွင်မူ နယ်စပ်အမျိုးအစားအလိုက် လိုလားသော နိုင်ငံများမတူညီကြပါ။

သို့သော်လည်း ဒေါ်အောင်ဆန်းစုကြည်၏  NLD အစိုးရလက်ထက်တွင် နိုင်ငံတကာတရားရုံး၌ ဂမ်ဘီယာနိုင်ငံက တရားစွဲသော ဖြစ်စဉ်နှင့် အခြားပဋိပက္ခများအတွင်း အမေရိကန်ပြည်ထောင်စုနှင့် အနောက်တိုင်းနိုင်ငံများက ဒေါ်အောင်ဆန်းစုကြည်ဘက်မှ မရပ်တည်ပေးခဲ့သောကြောင့် အထက်ပါကိန်းဂဏန်းများသည် အချိန်မရွေးပြောင်းလဲသွားနိုင်ခြေရှိနေဆဲ ကိန်းရှင်များဖြစ်သည်။

ယခုအချိန်အထိလည်း မြန်မာအရပ်ဘက်လူ့အဖွဲ့အစည်း၏ ပြည်တွင်းလူဦးရေ၏ အများစုသည် အမေရိကန်နှင့် အနောက်အုပ်စုကို လိုလားနေကြဆဲ ဖြစ်နေခြင်းမှာ လတ်တလောပဋိပက္ခများအတွင်း အကူအညီများ ရရှိရေးအတွက် မျှော်လင့်ကာ အားထားနေကြခြင်းဖြစ်သည်။ သို့သော်လည်း ထိုလူဦးရေထု၏ ကြီးမားလှသော အရေအတွက်ကိုယ်တိုင်က အနောက်တိုင်း၏ လစ်ဘရယ်ဝါဒနှင့် နီယိုလစ်ဘရယ်ဝါဒစံနှုန်းများကို လက်ခံကျင့်သုံးသူများ မဟုတ်ကြပါ။

ဒုတိယစစ်အေးအတွင်း မြန်မာနိုင်ငံသည် ပဋိပက္ခများအတွင်းမှ ရုန်းထွက်လွတ်မြောက်နိုင်သော နိုင်ငံတော်သစ်တစ်ခုဖြစ်လာရန် အပြုသဘော အလားအလာများမှာ အားကောင်းကြီးမားနေဆဲဖြစ်သည်။

Most Read

Most Recent