ဖိလစ်ပိုင်သမ္မတအဖြစ် ဖာဒီနန် မားကို့စ် ဂျူနီယာ ကျမ်းသစ္စာကျိန်ဆို

ဖိလစ်ပိုင်သမ္မတအဖြစ် ဖာဒီနန် မားကို့စ် ဂျူနီယာ ကျမ်းသစ္စာကျိန်ဆို
ဇွန် ၃၀ ရက်က ဖာဒီနန် မားကို့စ် ဂျူနီယာ  ဖိလစ်ပိုင်သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုနေစဉ် (Photo : AFP)
ဇွန် ၃၀ ရက်က ဖာဒီနန် မားကို့စ် ဂျူနီယာ  ဖိလစ်ပိုင်သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုနေစဉ် (Photo : AFP)
Published 30 June 2022
Ref : AFP

ဖာဒီနန် မားကို့စ် ဂျူနီယာသည် ဇွန် ၃၀ ရက် မွန်းလွဲပိုင်းက ဖိလစ်ပိုင် သမ္မတအဖြစ် ကျမ်းသစ္စာ ကျိန်ဆိုခဲ့သည်ဟု သိရသည်။

လူထုအုံကြွမှုအတွင်း ဖခင်ဖြစ်သူ ရာထူးမှ ဖြုတ်ချခံရပြီး မိသားစုလိုက် ပြည်ပသို့ တိမ်းရှောင်ခဲ့ရပြီးနောက် နှစ်ပေါင်း ၃၆ နှစ်အကြာ တွင် ဖာဒီနန် မားကို့စ်ဂျူနီယာသည် အပယ်ခံဘဝမှ အမြင့်ဆုံး နိုင်ငံရေးအာဏာကို လက်ဝယ်ပိုင်ဆိုင်သူအဖြစ် တက်လှမ်းနိုင်ရေး မျှော်မှန်းချက်ကို အပြည့်အဝ ဖော်ဆောင်နိုင် ခဲ့သည်။

ကွယ်လွန်သူ အာဏာရှင်သမ္မတဟောင်း ဖာဒီနန် မားကို့စ်၏သားဖြစ်သူ မားကို့စ်ဂျူနီယာသည် သမ္မတ ရိုဒရီဂိုဒူတာတေး၏ အရိုက်အရာကို ဆက်ခံခဲ့ခြင်းဖြစ်သည်။ ရာထူးသက်တမ်း ကုန်ဆုံးသွားပြီဖြစ်သည့် သမ္မတ ဒူတာတေးသည် ၎င်းင်း၏မူးယစ်နှိမ်နှင်းမှု စစ်ဆင်ရေးအတွင်း လူအများအပြား သေဆုံးခဲ့မှုနှင့် မူးယစ်ကုန်ကူးသူအဖြစ် သံသယရှိသူများကို ပစ်သတ်ရန် ညွှန်ကြားခဲ့သည့်အတွက် နိုင်ငံတကာတွင် ဂုဏ်သိက္ခာ ထိခိုက်ကျဆင်းခဲ့သူဖြစ်သည်။

ဘုံဘုံးဟုလည်း လူသိများသည့် အသက် ၆၄ နှစ်အရွယ် မားကို့စ် ဂျူနီယာသည် ပြီးခဲ့သည့်လတွင် ကျင်းပခဲ့သည့် ဖိလစ်ပိုင်သမ္မတ ရွေးကောက်ပွဲတွင် သောင်ပြိုကမ်းပြို အနိုင်ရရှိခဲ့ပြီး ၁၉၈၆ ခုနှစ် လူထုအုံကြွမှုအတွင်း ဖခင်ဖြစ်သူ ရာထူးမှ ဖြုတ်ချခံရပြီးနောက်ပိုင်း အကြီးမားဆုံး အောင်ပွဲကို ရယူနိုင်ခဲ့သည်။

ရွေးကောက်ပွဲတွင် မားကို့စ် ဂျူနီယာ၏  ဒုသမ္မတလောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး မဲအပြတ်အသတ်ဖြင့် အနိုင်ရခဲ့သည့် သမ္မတဟောင်း ရိုဒရီဂို ဒူတာတေး၏ သမီးဖြစ်သူ ဆာရာ ဒူတာတေး-ကာပီယိုသည် ဇွန် ၁၉ ရက်က ဖိလစ်ပိုင်နိုင်ငံ၏ ၁၅ ဦးမြောက် ဒုသမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့ပြီး သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်ခဲ့သည့် ရွေးကောက်ပွဲ ကာလအလွန်တွင် တစ်နိုင်ငံလုံး ညီညီညွတ်ညွတ်ရှိကြရန် တိုက်တွန်းခဲ့သည်။

သမ္မတသစ် မားကို့စ် ဂျူနီယာသည် ဇွန် ၃၀ ရက် နေ့လယ်ပိုင်းက မြို့တော် မနီလာရှိ အမျိုးသားပြတိုက်တွင် ပြုလုပ်ခဲ့သည့် အခမ်းအနားတွင် ကျမ်းသစ္စာကျိန်ဆိုခဲ့ပြီး အဆိုပါ အခမ်းအနားသို့ တရုတ်ဒုတိယသမ္မတ ဝမ်ကျိရှန်နှင့် အမေရိကန် ဒုသမ္မတ ကာမလာ ဟဲရစ်စ်၏ ခင်ပွန်းဖြစ်သူ ဒေါက်ဂလက်စ် အမ်းဟော့ဖ် အပါအဝင် ပြည်တွင်းပြည်ပမှ ဂုဏ်သရေရှိ ဧည့်သည်တော် ရာနှင့်ချီ တက်ရောက်ခဲ့သည်။

ထို့နောက် မိန့်ခွန်းပြောကြားရာတွင် သမ္မတ မားကို့စ် ဂျူနီယာက ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး ကာလက ၎င်း၏ဆောင်ပုဒ်အတိုင်း ညီညွတ်မှုရှိရေးကို အလေးပေး ပြောကြားခဲ့ပြီး ပြည်သူအားလုံးအတွက် အကျိုးဖြစ်ထွန်းစေမည့် မူဝါဒများကို ချမှတ်သွားမည်ဟုလည်း ၎င်းက ကတိပြုခဲ့သည်။ ထို့အပြင် ဖိလစ်ပိုင်၏ ဒီမိုကရေစီ သမိုင်းကြောင်း တစ်လျှောက်၌ အကြီးမားဆုံး ရွေးကောက်ပွဲဆိုင်ရာ အခွင့်အာဏာကို အပ်နှင်းပေးခဲ့သည့် ဖိလစ်ပိုင်ပြည်သူများကို ကျေးဇူးတင်ကြောင်းလည်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

“ခင်ဗျားတို့တွေ စိတ်မပျက်စေရပါဘူး။ အဲဒီအတွက် မစိုးရိမ်ပါနဲ့။ ဒါဟာ ကျွန်တော်တို့ အားလုံးအတွက် သမိုင်းဝင် အခိုက်အတန့် တစ်ခု ဖြစ်ပါတယ်။ ဖိလစ်ပိုင် ပြည်သူတွေဟာ သူတို့ရဲ့ ဆန္ဒမဲတွေနဲ့ နိုင်ငံရေးကွဲလွဲမှုတွေကို ဖယ်ရှားနိုင်ခဲ့ပါတယ်” ဟုလည်း မားကို့စ်က ပြောကြားခဲ့သည်။ ထိုအခမ်းအနားသို့ ၎င်း၏မိခင်ဖြစ်သူ အီမယ်ဒါ မားကို့စ်လည်း တက်ရောက်ခဲ့သည်။ မားကို့စ် ဂျူနီယာက ဖခင်ဖြစ်သူ ဖာဒီနန် မားကို့စ်၏ အုပ်ချုပ်မှုကိုလည်း ချီးကျူးပြောဆိုခဲ့သည်။