ယူကရိန်းစစ်ပွဲသည် ခေတ်သစ်သမိုင်းတွင် သွေးထွက်သံယိုအများဆုံး စစ်ပွဲတစ်ခု ဖြစ်လာနိုင်သလား

ယူကရိန်းစစ်ပွဲသည် ခေတ်သစ်သမိုင်းတွင် သွေးထွက်သံယိုအများဆုံး စစ်ပွဲတစ်ခု ဖြစ်လာနိုင်သလား
Published 28 June 2022
ဖြိုးဟိန်းကျော်

ရုရှားက ယူကရိန်းကို စစ်ပွဲဆင်နွှဲခဲ့သည်မှာ ငါးလတာ ကာလထဲသို့ ရောက်ရှိလာသော်လည်း စစ်ပွဲ အဆုံးသတ်မည့် အရိပ်အယောင်များ မတွေ့ရသေးပေ။ ယူကရိန်းအရှေ့ပိုင်းတွင် တိုက်ပွဲများ ကြောက်ခမန်းလိလိ ဆက်လက်ဖြစ်ပွားနေပြီး ဆီဗီရိုဒိုးနက်မြို့ကို အလုံးစုံ ထိန်းချုပ်နိုင်ခဲ့ပြီးနောက်တွင် ရုရှားက လူဟန့်ဒေသ၏ နောက်ဆုံးအမာခံနယ်မြေကို သိမ်းယူရန် ထိုးစစ်အရှိန် မြှင့်တင်လျက်ရှိသည်။

ရုရှားတပ်များသည် ဆီဗီရိုဒိုးနက်ကိုသာမက ၎င်း၏အမြွှာမြို့ဖြစ်သည့် လစ်စီချန့်ကိုပါ သိမ်းယူနိုင်ရန် အလွန်နီးစပ်နေပြီဖြစ်သည်။ တစ်ဖက်တွင်လည်း အမေရိကန်ဦးဆောင်သော အနောက်နိုင်ငံများ၏ ထောက်ပံ့မှုကြောင့် စစ်လက်နက်အင်အား ပိုမိုတောင့်တင်းလာသည့် ယူကရိန်းတို့က စစ်ပွဲကာလအစောပိုင်းတွင် ရုရှားတို့ သိမ်းယူထားသည့် နိုင်ငံတောင်ပိုင်း ခါဆန်မြို့ကို ပြန်လည်သိမ်းယူမည်ဟု ကြွေးကြော်ထားသည်။

အမေရိကန်အစိုးရအနေဖြင့် ပြည်တွင်းကိစ္စရပ်များအပေါ် အာရုံပြန်စိုက်နေချိန်တွင် ယူကရိန်းစစ်ပွဲသည် လွန်ခဲ့သည့်နှစ်ပေါင်း ၂၀၀ အတွင်း အပြင်းထန်ဆုံး စစ်ပွဲများထဲမှ တစ်ခုအဖြစ်သို့ ရောက်ရှိလာသည်ကို သတိမမူမိသကဲ့သို့ ဖြစ်သွားနိုင်သည်။ ယူကရိန်းစစ်ပွဲသည် အင်အားကြီးနှစ်နိုင်ငံအကြား ဖြစ်ပွားနေသည့် စစ်ပွဲမျိုးမဟုတ်ဘဲ ကြားခံစစ်ပွဲ တစ်ခုမျှသာ ဖြစ်သော်လည်း စစ်ပွဲ၏ပြင်းထန်မှုအတိုင်းအဆကို ထင်ထင်ရှားရှား သိမြင်နိုင်ရန် မလွယ်ကူပေ။ သို့ရာတွင် ယူကရိန်းစစ်မြေပြင်၌ တပ်ဖွဲ့ဝင်များ၏ အသေအပျောက်နှုန်းသည် ခေတ်သစ်စစ်ပွဲတစ်ခုတွင် ကြုံတွေ့ရတတ်သည့် ပမာဏထက် သိသိသာသာပိုများနေပြီး နှစ်ဖက်စလုံးကလည်း လုံးဝအလျှော့ပေးမည့် ဟန်မရှိသည့်အတွက် ယေဘုယျအားဖြင့် အသေအပျောက်အများဆုံး စစ်ပွဲကြီးတစ်ခုအဖြစ်သို့ တဖြည်းဖြည်းရောက်ရှိလာပေတော့မည်။

၁၈၁၆ ခုနှစ်ကစတင်၍ စစ်ပွဲများ၏ သမိုင်းကြောင်းကို အချက်အလက်များဖြင့် သဘောတရားဆန်ဆန် လေ့လာသည့် Correlates of War Project တွင် ယူကရိန်းစစ်ပွဲအခြေအနေကို ပိုမိုကျယ်ပြန့်စွာ သရုပ်ခွဲလေ့လာထားသည်။ ယင်းပရောဂျက်တွင် စစ်ပွဲဆိုသည်ကို ၁၂ လတာအတွင်း စစ်မြေပြင်၌ အသေအပျောက် တစ်ထောင်ထက်မနည်း ဖြစ်ပေါ်စေသည့် မတူညီသောနိုင်ငံများ၏ စစ်တပ်များအကြား ကာလရှည်လျားစွာ တိုက်ပွဲဖြစ်ပွားမှုဟု အဓိပ္ပာယ်ဖွင့်ဆိုထားသည်။ ယေဘုယျအားဖြင့် ထိုကဲ့သို့ စစ်ပွဲမျိုးသည် ရက်ပေါင်း ၁၀၀ ခန့်ကြာမြင့်တတ်ပြီး နေ့စဉ် စစ်သားအယောက် ၅၀ ခန့် သေဆုံးတတ်သည်ဟု ၎င်းပရောဂျက်၏အဆိုအရ သိရသည်။

အပြင်းထန်ဆုံးစစ်ပွဲများထဲမှ ၂၅ ရာခိုင်နှုန်းသည် တစ်ရက်အတွင်း စစ်မြေပြင်၌ အသေအပျောက် ၂၀၀ ကျော် ရှိတတ်သည်ဟု အဆိုပါပရောဂျက်၏ အချက်အလက်များအရ သိရသည်။ ရုရှား-ယူကရိန်းစစ်ပွဲသည် အသေအပျောက်အရေအတွက်၌ ထိုအဆင့်ကိုပင် ကျော်လွန်နေပြီဖြစ်သည်။

မေလနှောင်းပိုင်းတွင် ဗြိတိန်ထောက်လှမ်းရေး တာဝန်ရှိသူများ၏ခန့်မှန်းချက်အရ ရုရှားသည် ထိုစစ်ပွဲတွင် တပ်ဖွဲ့ဝင် ၁၅၀၀၀ ခန့် ဆုံးရှုံးခဲ့သည်ဟု သိရပြီး ၎င်းအရေအတွက်သည် တစ်ရက်လျှင် အင်အား ၁၅၀ ထက် အနည်းငယ်ပိုများသည့် တပ်ဖွဲ့ဝင်အရေအတွက်ကို ဆုံးရှုံးနေရခြင်းနှင့် ညီမျှသည်။

ယူကရိန်းစစ်တပ်တစ်ခုတည်း၏ အကျအဆုံး အရေအတွက်သည်ပင် အပြင်းထန်ဆုံးစစ်ပွဲ အမျိုးအစား အုပ်စုထဲတွင် ပါဝင်လာပြီဖြစ်သည်။ (မှတ်ချက်-စစ်ပွဲ၏ ပြင်းထန်မှု အတိုင်းအတာကို တွက်ချက်ရာတွင် အရပ်သား အသေအပျောက်စာရင်းကို ထည့်သွင်းတွက်ချက်ခြင်း မပြုသော်လည်း ယူကရိန်းမြို့ကြီးများကို ရုရှားက လက်နက်ကြီးများဖြင့် တရစပ် ပစ်ခတ်မှုများကြောင့် ယူကရိန်းဘက်တွင်လည်း အဆိုပါအရေအတွက်ကို ကျော်လွန်နေမည်မှာ သိသာထင်ရှားနေသည်။)

ရုရှား-ယူကရိန်းစစ်ပွဲသည် ၁၈၁၆ ခုနှစ်နောက်ပိုင်း စစ်ပွဲတစ်ပွဲ၏ ပျမ်းမျှကြာမြင့်ချိန်ဖြစ်သော ရက်ပေါင်းတစ်ရာကို ကျော်လွန်ခဲ့ပြီးဖြစ်သည်။ လတ်တလောတွင်လည်း စစ်ပွဲအရှိန်လျော့ကျသွားရန် အလှမ်းဝေးနေဆဲဖြစ်ကာ အခြေအနေအရပ်ရပ်သည်လည်း အချိန်ကြာညောင်းသော စစ်ပွဲဆီသို့ ဦးတည်နိုင်သည့် လက္ခဏာကို ပြသနေသည်။ ရုရှားအနေဖြင့်လည်း ထိခိုက်ဆုံးရှုံးမှု ကြီးကြီးမားမား ရင်းနှီးလျက် စစ်ရေးအောင်မြင်မှုများကို အရယူရန် ဆန္ဒရှိနေပုံပေါ်သည်။

သမားရိုးကျအားဖြင့် စစ်ပွဲကာလကို တိုတောင်းစေနိုင်သည့် အခြေခံအကြောင်းရင်းဖြစ်သော တပ်ဖွဲ့ဝင်အင်အားနှင့် စစ်လက်နက်အင်အား ကြီးကြီးမားမား ကွာဟမှုရှိနေသည့်တိုင် ယူကရိန်းသည် အဓိကအားဖြင့် နေတိုးမဟာမိတ်အဖွဲ့ကဲ့သို့ ပြင်ပအင်အားကြီး နိုင်ငံများထံမှ စစ်လက်နက်ခဲယမ်း အထောက်အပံ့များ အဆက်မပြတ် ရရှိလာခဲ့သည်။

ကနဦး ရည်မှန်းချက်များ မည်သို့ပင်ရှိခဲ့စေကာမူ လက်ရှိတွင် ရုရှားအနေဖြင့် ယူကရိန်းတောင်ပိုင်းနှင့် အရှေ့ပိုင်းတို့တွင် နယ်မြေထိန်းချုပ်မှု ပိုမိုခိုင်မာစေရန် ဦးတည်လုပ်ဆောင်လျက်ရှိသည်။ သို့ရာတွင် အဆိုပါဒေသများမှ ရုရှားတပ်များကို လုံးလုံးလျားလျား မောင်းထုတ်ပစ်ရန် ဆန္ဒရှိနေသည်ဟု ယူကရိန်းက ကြွေးကြော်ထားသည်။ နယ်မြေထိန်းချုပ် စိုးမိုးထားသည့် စစ်တပ်တစ်တပ်ကို ဖယ်ရှားရန်မှာ ခဲယဉ်းပြီး တန်ပြန်ထိုးစစ်ဆင်သည့်ဘက်တွင် ထိခိုက်ဆုံးရှုံးမှုကြီးမားနိုင်သည်။ ယင်းသည် စစ်ပွဲကာလ ပိုကြာညောင်းပြီး သွေးထွက်သံယိုများသည့် စစ်ပွဲတစ်ခု ဖြစ်လာနိုင်သော ရှေ့ပြေးနိမိတ်ပင်ဖြစ်သည်။

Correlates of War Project ၏ ဖော်ပြချက်အရ အပြင်းထန်ဆုံးစစ်ပွဲများအနက်မှ ၂၅ ရာခိုင်နှုန်းသည် ၁၃ လ (သို့မဟုတ်) ထို့ထက်ပို၍ ကြာမြင့်တတ်သည်ဟု ဆိုထားပြီး စစ်ရေးကျွမ်းကျင်သူများကလည်း ယူကရိန်းစစ်ပွဲသည် အဆိုပါကာလအထိ ကြာမြင့်နိုင်သော အခြေအနေမျိုးတွင် ရှိနေသည်ဟု ခန့်မှန်းသုံးသပ်လာကြသည်။ ၂၀၁၅ ခုနှစ်ကတည်းကပင် ယူကရိန်းအရှေ့ပိုင်း၌ နှစ်ဖက်အကြား အသေးစားတိုက်ပွဲများ ဖြစ်ပွားလာသည့်အတွက် စစ်ပွဲများအနက်မှ ၁၀ ရာခိုင်နှုန်းတွင်သာ တွေ့ရတတ်သည့် စစ်ပွဲကာလ သုံးနှစ်ထဲသို့ပင် ရောက်ရှိသွားရန် ခက်ခဲမည်မဟုတ်ပေ။

စစ်ပွဲ၏ အသေအပျောက်အလုံးစုံကို အချိန်ကာလနှင့် နေ့အလိုက်ရှိခဲ့သော အသေအပျောက်နှုန်းကို အခြေတည်၍ တွက်ချက်လေ့ရှိရာ စစ်မြေပြင်၌ ပျမ်းမျှသေဆုံးသူအရေအတွက်မှာ ၈၀၀၀ ဖြစ်သည်ဟု အပြည်ပြည်ဆိုင်ရာ စစ်ပွဲအချက်အလက်များအရ သိရပြီး အပြင်းထန်ဆုံး စစ်ပွဲအမျိုးအစားတွင် အနည်းဆုံး တပ်ဖွဲ့ဝင် ၂၈၀၀၀ ခန့် သေဆုံးလေ့ရှိသည်။ ခန့်မှန်းတွက်ချက်မှုများအရ ယူကရိန်းစစ်ပွဲသည် အစောဆုံးအနေဖြင့် မေလနှောင်းပိုင်းကတည်းကပင် စုစုပေါင်း သေဆုံးသူအရေအတွက်အရ အပြင်းထန်ဆုံး စစ်ပွဲအမျိုးအစားထဲ၌ ပါဝင်လာခဲ့ပြီဖြစ်သည်။ ယူကရိန်းစစ်ပွဲသာ လက်ရှိအနေအထားအတိုင်း နှစ်နှင့်ချီ ဆက်လက်ကြာမြင့်မည်ဆိုလျှင် အသေအပျောက်ပမာဏသည် ၁၂၅၀၀၀ ခန့်အထိ ရှိလာနိုင်သည်။

အဆိုပါကိန်းဂဏန်းများကို ဆက်စပ်ကြည့်မည်ဆိုလျှင် ယူကရိန်းစစ်ပွဲသည် အချိန်နှစ်နှစ်နီးပါး ကြာမြင့်ခဲ့ပြီး စစ်မြေပြင်တွင် သေဆုံးသူ ၁၉၀၀၀ ရှိခဲ့သည့် မက္ကဆီကန်-အမေရိကန်စစ်ပွဲထက်ပင် အသေအပျောက် ပိုများနေသည်။ ထို့အပြင် ပထမကမ္ဘာစစ်မတိုင်မီ ၁၉၁၃ ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် ဘော်လ်ကန်စစ်ပွဲ အသေအပျောက်စာရင်းဖြစ်သော ၆၀၀၀၀ နားသို့ ကပ်လာမည်ဖြစ်သကဲ့သို့ စစ်ပွဲသည် ၂၀၂၃ နှစ်စပိုင်းအထိ ကြာမြင့်မည်ဆိုပါက ၁၉၉၀ ပြည့်နှစ်များနှောင်းပိုင်းတွင် စတင်ဖြစ်ပွားခဲ့ပြီး နှစ်နှစ်ကျော်ကြာမြင့်ခဲ့ကာ လူ ၁၂၀၀၀၀ ကျော် သေဆုံးခဲ့သည့် အီသီယိုပီးယား-အီရစ်ထရီးယားစစ်ပွဲထက်ပင် ကျော်လွန်သွားဖွယ်ရှိသည်။

ယူကရိန်းစစ်ပွဲသာ နှစ်နှစ်မြောက်ထဲသို့ ရောက်ခဲ့မည်ဆိုပါက စစ်မြေပြင်တွင် သေဆုံးသူဦးရေ နှစ်သိန်းကျော် ရှိလာပြီး လွန်ခဲ့သောနှစ် ၂၀၀ အတွင်း နိုင်ငံတကာတွင် ဖြစ်ပွားခဲ့သည့် စစ်ပွဲများအနက် အသေအပျောက်အများဆုံး ၁၀ ရာခိုင်နှုန်းထဲတွင် ပါဝင်လာမည်ဖြစ်သည်။

အမေရိကန် ဦးဆောင်သော နေတိုးမဟာမိတ်အဖွဲ့နှင့် ရုရှားတို့ ထိပ်တိုက်ရင်ဆိုင် တွေ့သည့်စစ်ပွဲ ဖြစ်မလာစေရန် ရှောင်လွှဲနိုင်နေဆဲဖြစ်ကာ နျူကလီးယားလက်နက်များ ထုတ်သုံးရန် ဖြစ်နိုင်ခြေနည်းပါးနေသည့်တိုင် ယူကရိန်းစစ်ပွဲသည် လွန်ခဲ့သည့် နှစ်ပေါင်း ၂၀၀ အတွင်း အသေအပျောက်အများဆုံး စစ်ပွဲများထဲမှ တစ်ခုဖြစ်လာပေလိမ့်မည်။ လက်ရှိတွင် နှစ်ဖက်လုံးက ခြွင်းချက် အခြေအနေအချို့မှလွဲ၍ တိုက်ရိုက်ပဋိပက္ခဖြစ်ပွားခြင်းကို သတိပြုရှောင်ရှားနေသည်။

သို့ရာတွင် ယင်းအခြေအနေကို မည်မျှအထိ ဆက်ထိန်းနိုင်ပါမည်နည်း။ နိုင်ငံရေးနှင့် အချက်အလက်များကို သရုပ်ခွဲလေ့လာသော သိပ္ပံပညာရှင်များဖြစ်သည့် ဘဲယာဘရူမိုလာနှင့် မိုက်ကယ်လိုပါတီတို့က နေတိုးမဟာမိတ်အဖွဲ့၏ ယူကရိန်းအား စစ်ရေးအကူအညီများ တိုးမြှင့်ပေးအပ်နေခြင်းကို ထောက်ခံသည့် မူဝါဒချမှတ်သူများနှင့် ကျွမ်းကျင်ပညာရှင်များအနေဖြင့် စစ်တို့၏ သဘောအရ အသေအပျောက်နှုန်းမှာ တုန်လှုပ်ချောက်ချားဖွယ် ပမာဏသို့ တစ်မုဟုတ်ချင်း မြင့်တက်သွားနိုင်သည်ကို သတိချပ်ရန် လိုအပ်ကြောင်း မကြာသေးမီက ထောက်ပြပြောဆိုခဲ့သည်။

ထိုစကားအတိုင်းပင် မြင်တွေ့နေရသူများအဖို့ အမှန်တကယ်ပင် တုန်လှုပ်ချောက်ချားစရာ ဖြစ်နေသကဲ့သို့ သမိုင်းကြောင်းဆိုင်ရာ စံနှုန်းများအရလည်း ယူကရိန်းစစ်ပွဲ၏ အသေအပျောက်နှုန်းသည် ကြောက်ခမန်းလိလိ ဖြစ်နေတော့သည်။

Ref:Washington Post

Most Read

Most Recent