လာမည့်နှစ်တွင် ကျင်းပမည့် Eurovision သီချင်းဆိုပြိုင်ပွဲ၏ အိမ်ရှင်အဖြစ် ယူကရိန်းကို ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင် ထောက်ခံ

လာမည့်နှစ်တွင် ကျင်းပမည့် Eurovision သီချင်းဆိုပြိုင်ပွဲ၏ အိမ်ရှင်အဖြစ် ယူကရိန်းကို ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင် ထောက်ခံ
Published 21 June 2022

ဥရောပ၏ အကြီးကျယ်ဆုံးသီချင်းဆို ပြိုင်ပွဲကြီးဖြစ်သည့် Eurovision ကို လာမည့်  ၂၀၂၃ ခုနှစ်တွင် ယူကရိန်းနိုင်ငံအား လက်ခံကျင်းပခွင့်ပေးသင့်သည်ဟု ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က ထောက်ခံပြောကြားထားသည်။

ယူကရိန်းမြို့တော်ကိဗ်မှ ပြန်ရောက်လာပြီးသည့်နောက် မစ္စတာဂျွန်ဆင်က         သတင်းထောက်များနှင့် တွေ့ဆုံရာတွင် ယူကရိန်းနိုင်ငံသည် ယခုနှစ်ပြိုင်ပွဲတွင် မျှတစွာ အနိုင်ရခဲ့သည့်အတွက် နောက်နှစ်ပြိုင်ပွဲကို  ကျင်းပခွင့်ပေးသင့်ကြောင်း၊ အချိန်တစ်နှစ်လိုသေးသည့်အတွက် ပြိုင်ပွဲကျင်းပမည့်အချိန် ရောက်လာလျှင် အဆင်ပြေသွားလိမ့်မည်ဟု မျှော်လင့်ကြောင်း ပြောဆိုခဲ့သည်။

မေတွင်ကျင်းပခဲ့သည့် Eurovision သီချင်းဆိုပြိုင်ပွဲတွင် ယူကရိန်းနိုင်ငံကိုယ်စားပြု Kalush Orchestra အဖွဲ့က ၆၃၁ မှတ်ဖြင့် ပထမရခဲ့သည်။ အီတလီနိုင်ငံ တူရင်မြို့တွင် ကျင်းပသည့် ယခုနှစ်ပြိုင်ပွဲတွင် ဗြိတိန်နိုင်ငံကိုယ်စားပြု ဆမ်ရိုင်ဒါက ဒုတိယရပြီး ၁၉၉၈ ခုနှစ်နောက်ပိုင်း ဗြိတိန်အတွက် အကောင်းဆုံးရလဒ်လည်းဖြစ်သည်။

ထုံးစံအရ Winner နိုင်ငံဖြစ်သည့် ယူကရိန်းက ၂၀၂၃ ပြိုင်ပွဲကို အိမ်ရှင်အဖြစ် ကျင်းပရမည်ဖြစ်သော်လည်း ပွဲစီစဉ်သူများက ယူကရိန်းတွင်ကျင်းပပါက အန္တရာယ်များလွန်းသည်ဟု ယူဆသည့်အတွက် ဒုတိယဆုရသည့် ဗြိတိန်နိုင်ငံကို ကိုယ်စားကျင်းပခွင့်ပေးရန် ဆုံးဖြတ်ထားကြသည်။

ဖြစ်နိုင်ခြေအားလုံးကို လေ့လာလိုက်သည့်အခါ ၂၀၂၃ ပြိုင်ပွဲကို ယူကရိန်းတွင် ကျင်းပရန်မဖြစ်နိုင်ဆိုသည့် ဆုံးဖြတ်ချက်ကို ချလိုက်ရကြောင်း ပွဲစီစဉ်သူ ဥရောပရုပ်သံသမဂ္ဂ (EBU) က ဇွန် ၁၇ ရက်တွင် ကြေညာထားပြီး ယူကရိန်းဘက်ကမူ ထိုဆုံးဖြတ်ချက်ကို လက်မခံချင်ဖြစ်နေပြီး ရုရှား၏ကျူးကျော်စစ်နှင့် ရင်ဆိုင်နေရသော်လည်း ပြိုင်ပွဲလုံခြုံရေးကို အာမခံပေးနိုင်လိမ့်မည်ဟု ယုံကြည်ပါကြောင်း အကြောင်းပြန်ထားသည်။

၂၀၂၃ ပြိုင်ပွဲကို ယူကရိန်းကကျင်းပခွင့်ရလျှင် ယူကရိန်းကို တစ်ကမ္ဘာလုံးက ထောက်ခံကြောင်း ပြသခြင်းဖြစ်သည်ဟုလည်း ယူကရိန်းဘက်က ပြောသည်။

ဗြိတိန်သည် Eurovision ပြိုင်ပွဲကို ရှစ်ကြိမ်တိုင် ကျင်းပခွင့်ရခဲ့ပြီး လေးကြိမ်က အခြားနိုင်ငံများကိုယ်စား ကျင်းပခွင့်လွှဲယူခဲ့ခြင်းဖြစ်သည်။

Most Read

Most Recent