နိုင်ငံရေးပါတီများ၏ သဘောထားတင်ပြနိုင်ရေး ရွေးကောက်ပွဲမတိုင်မီ တွေ့ဆုံပွဲများ ပြုလုပ်ပေးရန် နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ရွေးကောက်ပွဲကော်မရှင်ထံ NDF ပါတီ တောင်းဆို

နိုင်ငံရေးပါတီများ၏ သဘောထားတင်ပြနိုင်ရေး ရွေးကောက်ပွဲမတိုင်မီ တွေ့ဆုံပွဲများ ပြုလုပ်ပေးရန် နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ရွေးကောက်ပွဲကော်မရှင်ထံ NDF ပါတီ တောင်းဆို
Published 14 June 2022

နိုင်ငံရေးပါတီများ၏ သဘောထားများကို တင်ပြနိုင်ရန် ရွေးကောက်ပွဲမတိုင်မီ တွေ့ဆုံပွဲများ ပြုလုပ်ပေးရန် နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ(NDF)က   ဇွန် ၁၄ ရက်တွင် ကြေညာချက်ထုတ်ပြန် တောင်းဆိုသည်။

နိုင်ငံတော်ဝန်ကြီးချုပ်အနေဖြင့် ရှေးက ပြုလုပ်ခဲ့သည့် အစဉ်အလာအတိုင်း ရွေးကောက်ပွဲမတိုင်မီ  နိုင်ငံရေးပါတီများနှင့် တွေ့ဆုံကာ ပါတီများ၏ သဘောထားများကို တင်ပြခွင့်ပြုရန် တောင်းဆိုုကြောင်း  NDF ပါတီ ၏ အဆိုပါကြေညာချက်တွင် ဖော်ပြသည်။

ထို့ပြင် ရွေးကောက်ပွဲအကြိုကာလအဖြစ် သတ်မှတ်ထားသည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့်လည်း နိုင်ငံရေးပါတီများနှင့် တွေ့ဆုံပွဲများပြုလုပ်ကာ ပါတီများ၏ သဘောထား တင်ပြနိုင်ရေး  စီစဉ်ပေးရန် ကြေညာချက်တွင် တစ်ဆက်တည်း ဖော်ပြထားသည်။

၂၀၂၃ ခုနှစ်တွင် PR စနစ်ဖြင့် ကျင်းပရန်ရှိသည့် ရွေးကောက်ပွဲဖြစ်မြောက်ရေးကို ကြိုဆိုပြီး အဆိုပါရွေးကောက်ပွဲကို မြန်မာ့နိုင်ငံရေးအပြောင်းအလဲနှင့် နိုင်ငံရေးထွက်ပေါက်တစ်ခုအဖြစ် မှတ်ယူခြင်းကြောင့် ကြေညာချက်ထုတ်ပြန် တောင်းဆိုခြင်းလည်းဖြစ်ကြောင်း ဖော်ပြသည်။

“PR ဆိုတဲ့ ရွေးကောက်ပွဲစနစ်အပေါ်မှာလည်း ပါတီတွေရဲ့ အသံကို နားထောင်သင့်တယ်။ တစ်ဖက်နဲ့တစ်ဖက် နွေးထွေးမှုရှိအောင် ပြေလည်မှုလေးရှိအောင် တောင်းဆိုတဲ့သဘောပါ” ဟု NDF ပါတီ အထွေထွေအတွင်းရေးမှူး ဦးအောင်ဇင်က ပြောကြားသည်။

လာမည့်ရွေးကောက်ပွဲကို PR စနစ် ပြောင်းလဲကျင့်သုံးရန် ပြင်ဆင်လျက်ရှိသည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် မဲဆန္ဒနယ်မြေသတ်မှတ်ခြင်း၊ ဥပဒေ ပြင်ဆင်ရေးကိစ္စရပ်များအတွက် ပါတီများနှင့် တွေ့ဆုံပွဲပြုလုပ်၍ သဘောထားရယူရန် ၎င်းက တိုက်တွန်းသည်။

“PR နဲ့ သွားရင် ဘယ်လိုသွားမှာလဲ။ Close List တော့ သိတယ်။ ရွေးကောက်ပွဲနယ်မြေကို ခရိုင်အလိုက် သတ်မှတ်မှာလား။ မြို့နယ်အလိုက် သတ်မှတ်မှာလား။ လူဦးရေအပေါ် မူတည်မှာလား စသဖြင့်ပေါ့။ နောက်ပြီး  ပြင်ဆင်တဲ့ ဥပဒေတွေပေါ့။ ရွေးကောက်ပွဲနဲ့ လိုက်လျောညီထွေစွာ ပြင်ဆင်မဲ့ ဥပဒေတွေကလည်း ပါတီတွေနဲ့ ကြိုတင်ပြောဆိုဆွေးနွေးပြီး ရေးဆွဲရင် ပါတီတွေရဲ့ သဘောထားပါတာပေါ့” ဟု ဦးအောင်ဇင်က ပြောကြားသည်။

၎င်းက ဆက်လက်ပြီး “လက်ရှိဝန်ကြီးချုပ်က ပါတီတွေနဲ့ တစ်ခါမှ မတွေ့သေးဘူးလေ။ မတွေ့သေးဘူးဆိုတော့ ဝန်ကြီးချုပ်အနေနဲ့ အခုလိုရွေးကောက်ပွဲအသစ်ကာလမှာ ပါတီတွေက  ဘာတွေတင်ပြစရာရှိလဲလို့ သူလည်း နားထောင်သင့်တယ်လို့ ယူဆတယ်” ဟု ပြောကြားသည်။

အရေးပေါ်ကာလ လုပ်ငန်းစဉ်များဆောင်ရွက်ပြီးလျှင် အထွေထွေရွေးကောက်ပွဲ ကျင်းပမည်ဟု ပြောကြားထားသည့် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရွေးကောက်ပွဲကျင်းပနိုင်ရေး နိုင်ငံတည်ငြိမ်အေးချမ်းရန် လိုအပ်ပြီး ရွေးကောက်ပွဲမကျင်းပနိုင်ပါက အဆိုပါဒေသရှိ ပြည်သူများ၏ အခွင့်အရေးများ ဆုံးရှုံးမှုရှိမည်ဟု ဇွန် ၉ ရက်တွင် ပြောကြားသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးကလည်း ရွေးကောက်ပွဲကျင်းပနိုင်ရန် တည်ငြိမ်အေးချမ်းမှု  လိုအပ်ပြီး ကော်မရှင်ဘက်က ဥပဒေနှင့်အညီ လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲဖြစ်ရန် ဆောင်ရွက်ပေးမည်ဟု ဇွန် ၁၀ ရက်က နေပြည်တော်ရှိ  ကော်မရှင်ရုံးတွင် ဂျွန်ဟော့ကင်းစ်တက္ကသိုလ်  အရှေ့တောင်အာရှလေ့လာရေးဌာနမှ ဂုဏ်ထူးဆောင် ပါမောက္ခနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (NDF) အနေဖြင့် ၂၀၁၀ ပြည့်နှစ်အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အနိုင်ရဆန္ဒနယ်အချို့ရှိခဲ့သော်လည်း လွှတ်တော်ကိုယ်စားလှယ် ၃၀၀ နီးပါး ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် အနိုင်ရမဲဆန္ဒနယ် မရှိခဲ့ပေ။

ထို့ပြင် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင်လည်း လွှတ်တော်ကိုယ်စားလှယ် ၁၀၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အနိုင်ရမဲဆန္ဒနယ် မရှိခဲ့ပေ။ 

သို့ရာတွင် အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (NDF) သည် လာမည့် ၂၀၂၃ ခုနှစ်တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ရေးနှင့် အဆိုပါရွေးကောက်ပွဲတွင် ကျင့်သုံးရန် ဆုံးဖြတ်ထားသည့် အချိုးကျကိုယ်စားပြုစနစ် (PR)ဆိုင်ရာ ဆွေးနွေးပွဲများတွင် အပြုသဘောပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ပါတီလည်းဖြစ်သည်။ 

Most Read

Most Recent