ရဟတ်ယာဉ်ဝယ်ယူခြင်းနှင့်ပတ်သက်၍ ဦးဝင်းမြင့်နှင့် ​ဒေါ်​အောင်ဆန်းစုကြည်တို့အား အဂတိဖြင့် တရားစွဲထားသည့်အမှုအတွက် တရားလိုဖြစ်သူကို ပြန်လှန်​စစ်​မေး

ရဟတ်ယာဉ်ဝယ်ယူခြင်းနှင့်ပတ်သက်၍ ဦးဝင်းမြင့်နှင့် ​ဒေါ်​အောင်ဆန်းစုကြည်တို့အား အဂတိဖြင့် တရားစွဲထားသည့်အမှုအတွက် တရားလိုဖြစ်သူကို ပြန်လှန်​စစ်​မေး
Published 6 June 2022

ရဟတ်ယာဉ်ဝယ်ယူခြင်းနှင့်ပတ်သက်၍ သမ္မတဟောင်းဦးဝင်းမြင့်နှင့် အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း​ဒေါ်အောင်ဆန်းစုကြည်တို့အား အဂတိဖြင့်တရားစွဲထားသည့် ရာဇဝတ်ကြီးအမှုအမှတ် ၄၉ အတွက် တရားလိုဖြစ်သူ အဂတိလိုက်စားမှုတိုက်ဖျက်​ရေး​ကော်မရှင်မှ ဦး​အောင်ခန်အား စွပ်စွဲခံရသူများ၏ ​ရှေ့နေများက ပြန်လှန်စစ်​​​မေးခဲ့​ကြောင်း အမှုနှင့်ပတ်သက်၍ ထွက်​ပေါ်လာသည့် သတင်းများအရ သိရသည်။

နေပြည်​တော်​ကောင်စီဝန်းအတွင်းရှိ အထူးတရားရုံးတွင် ဇွန် ၆ ရက်က ဦးဝင်းမြင့်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ကို ရုံးထုတ်စစ်​ဆေးခဲ့​​ကြောင်း အမှုနှင့်ပတ်သက်၍ ထွက်​ပေါ်လာသည့် သတင်းများအရ သိရသည်။

ဇွန် ၆ ရက်ရုံးချိန်းတွင် ရဟတ်ယာဉ်ငှားရမ်းခြင်း၊ ဝယ်ယူခြင်း၊ စောင့်ရှောက်ရေးကိစ္စရပ်များနှင့်ပတ်သက်၍ ဦးဝင်းမြင့်နှင့် ​ဒေါ်အောင်ဆန်းစုကြည်တို့အား အဂတိလိုက်စားမှုတိုက်ဖျက်​ရေးဥပ​ဒေဖြင့် တရားစွဲဆိုထားသည့် ရာဇဝတ်ကြီးအမှုအမှတ် ၄၆၊ ၄၇၊ ၄၈၊ ၄၉၊ နှင့် ၅၀ တို့အနက်မှ ရဟတ်ယာဉ်ဝယ်ယူခြင်းကိစ္စရပ်များအတွက် အဂတိဖြင့်တရားစွဲဆိုထားသည့် ရာဇဝတ်ကြီးအမှုအမှတ် ၄၉ အတွက်သာ တရားလိုဖြစ်သူ အဂတိလိုက်စားမှုတိုက်ဖျက်​ရေး​ကော်မရှင်မှ ဦး​အောင်ခန့်အား စွပ်စွဲခံရသူများ၏ ရှေ့​နေများက ပြန်လှန်စစ်မေးခဲ့ကြောင်း အမှုနှင့်ပတ်သက်၍ ထွက်​ပေါ်လာသည့် သတင်းများအရ သိရသည်။

အဆိုပါရာဇဝတ်ကြီးအမှုအမှတ် ၄၉ နှင့်ပတ်သက်၍ အစိုးရနှင့်ကုမ္ပဏီအကြား ​ဆောင်ရွက်ခဲ့သည့် စာချုပ်စာတမ်းများအား ဇွန် ၆ ရက်ရုံးချိန်းတွင် တရားရုံးသို့ တင်ပြရမည်ဖြစ်​သော်လည်း တရားလိုဖြစ်သူဘက်မှ အချက်အလက်များ မပြည့်စုံသည့်အတွက် မတင်ပြနိုင်ခဲ့ခြင်း​ကြောင့် ပြန်လှန်စစ်​မေးမှုများလည်း အပြီးမသတ်နိုင်ခဲ့ကြောင်းနှင့် လာမည့်ရုံးချိန်းတွင် ဆက်လက်စစ်ဆေးမည်ဖြစ်​ကြောင်း အမှုနှင့်ပတ်သက်၍ ထွက်​ပေါ်လာသည့် သတင်းများအရ သိရသည်။

နိုင်ငံရေးရာထူးလက်ရှိဖြစ်ခဲ့စဉ်က ရဟတ်ယာဉ်ငှားရမ်းခြင်း၊ ဝယ်ယူခြင်းနှင့် ထိန်းသိမ်းစောင့်ရှောက်ရေးကိစ္စရပ်များတွင် ၎င်းတို့၏လုပ်ပိုင်ခွင့်အခွင့်အာဏာကို အသုံးပြု၍ ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းများကို လိုက်နာဆောင်ရွက်ခြင်းမပြုဘဲ ရုံးတွင်းစာ အဆင့်ဆင့်ဖြင့် ဆက်လက်ဆောင်ရွက်ရန် ခွင့်ပြုပေးခဲ့သဖြင့် နိုင်ငံတော်၏ဘဏ္ဍာငွေကြေးများ နစ်နာဆုံးရှုံးခဲ့ရခြင်းကြောင့်ဟုဆိုကာ ဦးဝင်းမြင့်နှင့် ​ဒေါ်​အောင်ဆန်းစုကြည်တို့အား အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲဆိုထားသည့်အမှုငါးမှုရှိကြောင်း အမှုနှင့်ပတ်သက်၍ ထွက်ပေါ်လာသည့် သတင်းများအရ သိရသည်။

ပြီးခဲ့သည့် အစိုးရလက်ထက်တွင် သဘာဝဘေးအန္တရာယ် ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်ရန် အကြောင်းအရာဖြင့် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ၂၀၁၉ ခုနှစ်မှ ၂၀၂၁ ခုနှစ်အတွင်း ရဟတ်ယာဉ်တစ်စင်းငှားရမ်းခြင်း၊ သက်တမ်းတိုးခြင်းတို့ ဆောင်ရွက်ခဲ့ရာတွင် နိုင်ငံတော်သမ္မတရုံး၏ ညွှန်ကြားချက်အမှတ် ၁/၂၀၁၇ ကို လိုက်နာမှုမရှိခြင်းအပါအဝင် ငှားရမ်းသည့်ကာလအတွက် ​ငွေ​ကြေး​​ပေး​ချေမှုများ၊ နိုင်ငံတော်ပိုင်ရဟတ်ယာဉ် တစ်စင်း ဝယ်ယူအသုံးပြုရာ၌ လုပ်ထုံးလုပ်နည်းနှင့်အညီ သက်ဆိုင်ရာဝန်ကြီးဌာနက ဘတ်ဂျက်တောင်းခံတင်ပြဝယ်ယူခြင်းမရှိဘဲ သုံးစွဲခွင့်မရှိသည့် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ သုံးစွဲထားခြင်းနှင့် ဘဏ္ဍာရေးစည်းမျဉ်းများကို လိုက်နာရန် ပျက်ကွက်ခဲ့ခြင်းများ​ကြောင့် နိုင်ငံတော်၏ဘဏ္ဍာငွေကြေးကို ထိခိုက်နစ်နာ ဆုံးရှုံးစေခဲ့သည်ဟုဆိုကာ ဦးဝင်းမြင့်နှင့် ​​ဒေါ်​အောင်ဆန်းစုကြည်တို့ကို အဂတိလိုက်စားမှုတိုက်ဖျက်​ရေးဥပ​ဒေများဖြင့် တရားစွဲဆိုထားခြင်းဖြစ်​​ကြောင်း အမှုနှင့်ပတ်သက်၍ ထွက်ပေါ်လာသည့် သတင်းများအရ သိရသည်။

အထက်ပါအမှုများနှင့်ပတ်သက်၍ ဦးဝင်းမြင့်နှင့် ဒေါ်​​အောင်ဆန်းစုကြည်တို့ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပ​ဒေများဖြင့် တရားစွဲဆိုထားသည့်အမှုများအား ​​ဇွန်  ၁၃ ရက်တွင် ထပ်မံရုံးထုတ်စစ်​ဆေးရန် ချိန်းဆိုထား​ကြောင်းနှင့် အမှုသည်များ၏ ကျန်းမာ​ရေးကောင်းမွန်ကြောင်းလည်း အမှုနှင့်ပတ်သက်၍ ထွက်​ပေါ်လာသည့် သတင်းများအရ သိရသည်။

Most Read

Most Recent