ယူကရိန်း-ရုရှား စစ်ပွဲကို ရှုပ်ထွေးစေသည့် အနောက်တိုင်း၏ပါဝင်ပတ်သက်မှု

ယူကရိန်း-ရုရှား စစ်ပွဲကို ရှုပ်ထွေးစေသည့် အနောက်တိုင်း၏ပါဝင်ပတ်သက်မှု
ဧပြီလအတွင်း တွေ့ဆုံဆွေးနွေးမှုမတိုင်မီ ကိယက်ဗ်မြို့တွင် ယူကရိန်းသမ္မတ ဗိုလိုဒီမာဇယ်လန်းစကီးကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်နှင့် အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်တို့အကြား၌ တွေ့ရစဉ်  (Photo : Reuters)
ဧပြီလအတွင်း တွေ့ဆုံဆွေးနွေးမှုမတိုင်မီ ကိယက်ဗ်မြို့တွင် ယူကရိန်းသမ္မတ ဗိုလိုဒီမာဇယ်လန်းစကီးကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်နှင့် အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်တို့အကြား၌ တွေ့ရစဉ်  (Photo : Reuters)
Published 3 June 2022
နရီမင်း

ရုရှားကို ဘေးဖယ်ထားလျက် ယူကရိန်းနိုင်ငံ၌ လက်ရှိစစ်ပွဲတွင် အားထုတ်မှုနှင့်ပတ်သက်သော လုပ်ဆောင်ချက်ကို စဉ်းစားပါက ယခုပဋိပက္ခအပေါ် အနောက်တိုင်း၏ အမြင်ပြောင်းလဲမှုကို ထင်ဟပ်ပြနေသည့် လက္ခဏာများ ရှိနေသည်။ ယူကရိန်းနိုင်ငံအတွက် စစ်ရေးဆိုင်ရာ တိုက်ရိုက်အကူအညီနှင့်ပတ် သက်သော မေးခွန်းမျှသာ မဟုတ်တော့ပြီ။ ယခုအကျပ်အတည်းကိုစီမံရန် အနောက်တိုင်း၏ အနေအထားများ၊ ဥပဒေများ၊ ဥပ ဒေပြုမှုများအကြောင်းတို့ကိုပါ မေးခွန်းထုတ်ရန် လိုအပ်လာသည်။

ယင်းတို့အနက် အဓိကအကျဆုံးမှာ ယူကရိန်းအား အကူအညီပေးရေးကို အရှိန်မြှင့် ရန်အတွက် မကြာသေးမီကမှ အမေရိကန် ကွန်ဂရက်က အတည်ပြုလိုက်သော ဥပဒေတစ်ရပ်ဖြစ်သည်။ ယင်းဥပဒေပြုမှုမျိုးမှာ နှစ်ပေါင်း ၈၀ သက်တမ်းရှိပြီဖြစ်သည်။ ပထမဆုံးဗားရှင်းကို ဒုတိယကမ္ဘာစစ်အတွင်းက ဟစ်တလာကို ဆန့်ကျင်တွန်းလှန်ရန် အတည်ပြုခဲ့ခြင်းဖြစ်သည်။

“ယူကရိန်းဒီမိုကရေစီခုခံကာကွယ်ရေး ချေးငှားစာချုပ် အက်ဥပဒေ ၂၀၂၂”ကို အထက်လွှတ်တော်၌ တစ်ညီတစ်ညွတ်တည်း ထောက်ခံခဲ့ပြီးနောက် အောက်လွှတ်တော်က ၄၁၇ မဲ - ၁၀ မဲဖြင့် အတည်ပြုခဲ့သည်။ ယင်းဥပဒေပြုမှုက အမေရိကန်အား သူ၏ မဟာမိတ်များထံ စစ်လက်နက်ကိရိယာများ ချေငှားပေးရန် ခွင့်ပြုသည့် စီမံချက်တစ်ရပ်ကို ပြန်လည်အသက်သွင်းလိုက်ခြင်းဖြစ်သည်။ ရုရှားနှင့် ယူကရိန်းတို့က ခြိမ်းခြောက်နေသည်ဟု ခံစားရသော အရှေ့ဥရောပနိုင်ငံများကို ကူညီရန် ယင်းဥပဒေကို အသုံးပြုနိုင်သည်။

အမေရိကန်ကုမ္ပဏီများအနေဖြင့် ဗျူရိုကရက်အတားအဆီးများကို ဖြတ်ကျော်စရာမလိုဘဲ ခွင့်ပြုသည့် ပမာဏအတိုင်း မိတ်ဖက်နိုင်ငံများကို အလျင်အမြန် ပြန်လည်ထောက်ပံ့နိုင်ရန် ယင်းဥပဒေက ခွင့်ပြုပေးသည်။ အိမ်ဖြူတော်၏ မေတ္တာရပ်ခံချက်အရ ယူကရိန်းနိုင်ငံအတွက် ထပ်ဆောင်းအဖြစ် အမေရိကန်ဒေါ်လာ ၃၃ ဘီလျံ ထောက်ပံ့ပေးခြင်းကို ယင်းဥပဒေက ကာကွယ်ပေးသည်။ ယင်းတွင် လက်နက်များ၊ ခဲယမ်းမီး ကျောက်များနှင့် အခြားစစ်ရေးအထောက်အပံ့များအတွက် အမေရိကန်ဒေါ်လာ ဘီလျံ ၂၀ ကျော် ပါဝင်သည်။

ယင်းဥပဒေသည် နိုင်ငံတကာအလှူရှင်များ ညီလာခံတစ်ရပ်မှရရှိမှုနှင့် ဥရောပအကူအညီတို့၌ အလွန်များပြားသောပမာဏ ဒေါ်လာ ခုနစ်ဘီလျံအထိကိုလည်း ဖြည့်သွင်း နိုင်စေမည်ဖြစ်သည်။ လေ့လာသူများက အမေရိကန်အနေဖြင့် စစ်ပွဲတွင် တရားဝင်ပါဝင်ခြင်းအဖြစ် ယင်းဥပဒေကို ရှုမြင်ကြသည်။ သို့သော် အခြားသူများကမူ “အငှားဗိုက်နှင့် ဓားထိုးခံခိုင်းသော စစ်ပွဲ”တစ်ရပ်၌ ရုရှားကို ချေမှုန်းရန် အမေရိကန်၏ မဟာဗျူဟာတစ်ရပ်အား ထင်ဟပ်ပြမှုအဖြစ် ယင်းဥပဒေကို ရှုမြင်ကြသည်။

ရုရှားကို ချေမှုန်းရန် အရေးပါသောအရာအဖြစ် ကျွမ်းကျင်သူများက ရှုမြင်သည့်အတိုင်း ယုံကြည်မှုများ ဖွဲ့စည်းဖြစ်ပေါ်နေကြောင်း အနောက်တိုင်းမှ ထုတ်ဝေဖြန့်ချိ သောစာများက ရှင်းလင်းပြဆိုနေပေသည်။ ယူကရိန်းစစ်ပွဲအား အနောက်တိုင်းလစ်ဘရယ်ယဉ်ကျေးမှုကို ခုခံကာကွယ်ရန် စိန်ခေါ်မှုတစ်ရပ်နှင့် အခွင့်အလမ်းတစ်ရပ်အဖြစ် အချို့က ရှုမြင်ကြသည်။ ဥရောပအတွက် အမှန်တကယ်နှင့် ဖြစ်နိုင်ဖွယ် ဆုံးရှုံးမှုအလုံးစုံသည် သူတို့အနေဖြင့် များစွာပိုမိုကြီးမားသော အကြောင်းအရာအဖြစ် ရှုမြင်ထားရာတွင် အောင်ပွဲရရှိမှုနှင့် ညီမျှလိမ့်မည်မဟုတ်ပေ။

ဥပမာအားဖြင့် ဗြိတိသျှသတင်းစာတစ်စောင်ဖြစ်သော The Independent ၏ အယ်ဒီ တာ့အာဘော်တွင် “အတိတ်က တကယ့်နာဇီ များကဲ့သို့ပင် ရုရှားတို့ အနိုင်ရရှိမည်မဟုတ်”ဟု ရေးသားထားသည်။

ယူကရိန်းနိုင်ငံတွင် ရုရှားလက်နက် ကိုင်တပ်ဖွဲ့ဝင်များသည် မျှော်လင့်ချက်မဲ့နေပြီဟူသော သိစိတ်က အရပ်သားများကို အကြမ်းဖက်ခြင်းနှင့် နျူကလီးယားလက်နက်များ အသုံးပြုမည်ဟု ခြိမ်းခြောက်ခြင်းဟူသည့် ဆုံချက်ပေါ်သို့ ရုရှားကို တွန်းပို့နေကြောင်း ယုံကြည်လျက်၊ ယူကရိန်း၌ ရက်စက်ကြမ်း ကြုတ်မှုများအပေါ် အနောက်တိုင်း၏ တုံ့ပြန်မှု မြင့်တက်လာခြင်းက ရုရှား၏ အနိုင်ရရှိရန် အခွင့်အလမ်းများကို လျော့ကျစေကြောင်း သတိပြုမိလျက် သူတို့ဘာသာ အရှက်ကြီး ရှက်နေပြီဖြစ်ကြောင်း အဆိုပါသတင်းစာက ရေးသားထားသည်။

အနောက်တိုင်းသတင်းစာများစွာတို့သည် ယူကရိန်းကို ထောက်ခံရန်နှင့် ယူကရိန်းအနေဖြင့် ရုရှားအပေါ် အနိုင်ရရေးနည်းလမ်း၌ ပါဝင်သည့်အရာများကို ထောက်ပံ့ရန် နည်းလမ်းများကို မျှော်ကြည့်လျက် တူညီသည့်လားရာအတိုင်းပင် သွားခဲ့ကြသည်။ အချို့ဆိုလျှင် ရန်လိုမှုများအဆုံးသတ်ရန်နှင့် ရုရှား၏ဂုဏ်သိက္ခာ အဖတ်ဆယ်နိုင်ရန် သဘောတူညီရေးအတွက် အခြေအနေရပ်များဟု ၎င်းတို့က ခေါ်ဆိုသည့်အရာများအကြောင်း ဆွေးနွေးမှုဆီသို့ပင် ရွှေ့သွားကြ သည်။

ငြိမ်းချမ်းစွာ နေထိုင်ရေး၊ ပူတင်၏ခေတ်နှင့် ပူတင်၏ အယူဝါဒကို အဆုံးသတ်ရေးနှင့် သူ၏ အရေးကြီးလှသော ဝန်းကျင်အတွင်းရှိ နိုင်ငံများစွာတို့၌ လွှမ်းမိုးကြီးစိုးထားရန် ရုရှား၏ သန္နိဌာန်ကို စာမျက်နှာလှန်ပစ်လိုက်ရေးတို့ကို လိုလားပါက ဥရောပတစ်ခုလုံးအတွက် အောင်ပွဲက မဖြစ်မနေလိုအပ်သည်ဟု အခြားသူများက ရှုမြင်ထားခဲ့သည်။ (ယူကရိန်းအတွက် အောင်ပွဲက ဒေသတွင်း၌ အနာဂတ်တွင် နောက်ထပ်စစ်ပွဲများ ဖြစ်ပွားလာမည်ကို ကာကွယ်ပေးလိမ့်မည်ဟု ယူဆ ခြင်းဖြစ်သည်။)

၎င်းအပြင် အခြားသူများက ကမ္ဘာ့စားနပ်ရိက္ခာလုံခြုံရေးကို ပြန်လည်ထိန်းညှိရန် ထည့်ဝင်ခြင်း၊ ကမ္ဘာတစ်လွှား ဖြစ်နိုင်ဖွယ် အငတ်ဘေးကို ကာကွယ်ခြင်းနှင့် အခြားဥရောပနိုင်ငံများ၌ ယူကရိန်းနိုင်ငံသား ငါးသန်းခန့်ကို ခိုလှုံခွင့်ပေးထားရခြင်းကြောင့် ဝန်ထုပ်ဝန်ပိုးဖြစ်မှုကို ရှောင်ရှားခြင်းကဲ့သို့သော အခြားအကြောင်းခြင်းရာများကို စာရင်းပြုလျက် ယူကရိန်းနိုင်ငံ စစ်အောင်နိုင်ရေးကို ကျောထောက်နောက်ခံပြုပေးရန် ဆက်လက်အဆိုပြုနေကြသည်။

ထို့ကြောင့် သိသာထင်ရှားလာသည်မှာ လက်ရှိစစ်ပွဲသည် ရုရှားနှင့်ယူကရိန်းနိုင်ငံတို့အကြား ဖြစ်ပွားနေသည်ဟူသည့် သိမြင်ယူဆမှုကို ဆက်လက်ဆုပ်ကိုင်ထားခြင်းမရှိတော့ဘဲ ရုရှား-အနောက်တိုင်းစစ်ပွဲအဖြစ် ဖြည်းဖြည်းချင်း ပြောင်းလာနေကြောင်း သိမြင်ယူဆလာခြင်းဖြစ်သည်။ တစ်နည်းဆိုသော် လွန်ခဲ့သည့်သီတင်းပတ်အနည်းငယ်ကအထိ ပုံကြီးချဲ့မှုတစ်ရပ် ဖြစ်နေခဲ့သေးသည့် အရာသည် ယခုအခါ အရှိတရားအဖြစ် ပိုမို နီးစပ်လာခဲ့ပြီဖြစ်သည်။

ကမ္ဘာစစ်အသစ်တစ်ရပ်ကို ပိုက်မိနေကြောင်း ရာထူးအဆင့်မြင့် အနောက်တိုင်းအရာရှိအချို့က ပွင့်ပွင့်လင်းလင်းဝန်ခံလာခဲ့ပြီဖြစ်သည်။ ပို၍ဆိုးသည်မှာ ရုရှားကို ပိုမိုကြီးမားသော မဟာဗျူဟာဖိအားအောက် ရောက်ရှိသွားစေလိမ့်မည်ဟု မျှော်လင့်ရသည့် နေတိုးက ဖင်လန်နှင့် ဆွီဒင်ကို အဖွဲ့ဝင်အဖြစ် လက်ခံလိုက်မှု ဖြစ်ပေါ်ခဲ့ပါက အနေအထားသည် နောက်ထပ်အပျက်ဘက်သို့ ဦးတည်သွားလိမ့်မည်ဖြစ်ခြင်းပင်။ ယင်းရှုထောင့်မှ ကြည့်လျှင် နောက်ထပ်မြင့်တက်မှုနှင့် မရေရာသော အကျိုးဆက်နှင့်ပတ်သက်သော ဖြစ်နိုင်ဖွယ် လုပ်ဆောင်ချက်များအတွက် အကြောင်းပြချက်တစ်ရပ် ရလာနိုင်သည်။

သဘောထားနှင့် တုံ့ပြန်မှုများ၌ အတွက်အချက်လွဲမှားများအကြား အဖြစ်အပျက်များသည် ပိုမိုမြင့်တက်လာမှုလမ်းကြောင်းအတိုင်း ဆက်သွားနေမည်ကို စိုးရိမ်ထိတ်လန့်ခြင်းဖြစ်သည်။ ယခုကဲ့သို့ “အငှားဗိုက်နှင့် ဓားထိုးခံခိုင်းသော စစ်ပွဲ”မျိုးကို လှုပ်နှိုးနိုင်သည့်အရာမှာ ကမ္ဘာလုံးဆိုင်ရာ နျူကလီးယားပဋိပက္ခတစ်ရပ်ဖြစ်သည်။ ဤနေရာ၌ ပုံကြီးချဲ့သုံးသပ်မှုဟု မဆိုနိုင်ပါ။

ရုရှားသည် နျူကလီးယားခြိမ်းခြောက်မှုများဖြင့် ဓားဝင့်ပြခဲ့သည်မှာ တစ်ကြိမ်မကပါ။ သူ၏ သတိပေးမှုများအား ပေါ့ပေါ့တန်တန် သဘောမထားသင့်ပါ။ ယင်းသည် ယူကရိန်းကို စစ်ရေးအရ အကူအညီပေးရန် အမေရိကန်က အလျင်အမြန် ပြတ်ပြတ်သားသား ဆုံးဖြတ်လိုက်ချိန်၌ ပေါ်ထွက်လာခဲ့ခြင်း ဖြစ်သည်။

အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်က ရုရှားတပ်ဖွဲ့ဝင်များကို ချေမှုန်း နိုင်ရုံသည် မလုံလောက်ကြောင်း ပြောခဲ့သည်။ “ယူကရိန်းနိုင်ငံကို ကျူးကျော်သလို မျိုးဟာတွေ မလုပ်နိုင်တော့လောက်အောင် ရုရှားချည့်နဲ့သွားတာကို ကျွန်တော်တို့ မြင်ချင်တာပါ”ဟု သူက ဆိုသည်။ ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်ကလည်း “ဗလာဒီမာပူတင် ကျရှုံးဖို့နဲ့ အပြည့်အဝကျရှုံးဖို့ ကျွန်တော်တို့ လုံးဝသေချာနိုင်တဲ့အရာရာကို ကျွန်တော်တို့ လုပ်ကို လုပ်ရမယ်”ဟု ပါလီမန်ကို ပြော ကြားခဲ့သည်။

၎င်းတို့အနေဖြင့် ယူကရိန်းကို လက်နက် များထောက်ပံ့ရေးကိစ္စကို နှုတ်ဆိတ်နေရန် ၎င်းတို့ဘာသာ ချမှတ်ထားသော စည်းမျဉ်းကို ချိုးဖောက်လိုက်သည့် ပြင်သစ်၏ အနေအထားကလည်း ရှိနေသေးသည်။ ဆီဆာဂန်းစနစ် ၁၂ ခုကို ချေးငှားလိုက်ပြီး သောင်းနှင့်ချီသော ဒုံးကျည်များနှင့် တင့်ကားပစ်အမြောက်ဆန်များကို ယူကရိန်းနိုင်ငံသို့ ပို့လိုက်ကြောင်း ပြင်သစ်သည် လွန်ခဲ့သောသီတင်း ပတ်အတွင်းက ကြေညာခဲ့သည်။

ယင်းသည် ယူကရိန်းနိုင်ငံကို ထောက်ပံ့ရာ၌ စုစည်းထားသော အနောက်တိုင်းတပ် ဦးတစ်ခုကြေညာလျက် (ရုရှားနှင့် ဆက်ဆံရေးလမ်းကြောင်းများကို ထိန်းသိမ်းရန်အလို့ငှာ ထားရှိသည့်) ပြင်သစ်၏ တရားဝင်နှုတ်ဆိတ်နေမှုကို အနားပေးလိုက်ခြင်းပင် ဖြစ်သည်။ ယင်းတို့အားလုံးသည် စစ်ပွဲကို အဆုံးသတ်နိုင်မည့် နိုင်ငံရေး သို့မဟုတ် စေ့စပ်ညှိနှိုင်းရေးဖြင့် ဖြေရှင်းမှုတစ်ရပ်သည် ရရှိရန် ပိုမိုခက်ခဲသွားပုံရသည်ဟူသော သဘောကို ဆောင်နေသည်။ ယူကရိန်းနိုင်ငံနယ်စပ်များသို့ အတင်းအကျပ်ရွေ့လျားခြင်း၌ ပူတင်ကို အောင်မြင်ခဲ့သည်ဟု မရှုမြင်နိုင်ကြောင်း အနောက်တိုင်း နားလည်ထားဆဲပင်ဖြစ်သည်။

နောက်‌ဆုံးတွင် ယူကရိန်းပဋိပက္ခအား အဆုံးသတ်ရေးသည် လွန်ခဲ့သည့်နှစ်လ၊ ပဋိပက္ခ ဖြစ်ပွားစက ထင်ရသကဲ့သို့ ရိုးရှင်းမှုမရှိတော့ပါ။ ယင်းအစား၊ ပဋိပက္ခ၏ စက်ဝန်းသည် လက်တွေ့မြေပြင်တွင်သာမက သဘောထားအမြင်အရ၊ နိုင်ငံရေးအရနှင့် မဟာဗျူဟာအရပါ ပိုမိုရှုပ်ထွေး၍လာခဲ့ပြီဖြစ်သည်။ စစ်ရေးအရနှင့် နိုင်ငံရေးအရ ထိပ်တိုက်ရင်ဆိုင်မှုကို အဆုံးသတ်စေမည့် အခြားနည်းလမ်းများ၊ အဆိုပြုချက်များနှင့်အတူ ပေါ်ထွက်လာရန်မှာ လွယ်ကူတော့မည်မဟုတ်ပါ။

ယူကရိန်းစစ်ပွဲပြဇာတ်၌ မဟာဗျူဟာများ ပါဝင်နေမှုကား ပဋိပက္ခထက်ပင် ပိုမိုရှုပ်ထွေးပြီး ပိုမိုခက်ခဲကာ ပိုမိုနက်ရှိုင်း၍ လာနေလေပြီ။                       

Ref: Jerusalem Post

 

Most Read

Most Recent