မရဏရွာ

မရဏရွာ
Photo:AFP
Photo:AFP
Published 1 June 2022
​​​​​​​ဇင်မျိုး

ဇင်ကိုဗနီရွာတွင် နေထိုင်သူများအဖို့ အိပ်စက်ခြင်းကို စွန့်လွှတ်ထားသည်မှာ လပေါင်းများစွာ ကြာပြီဖြစ်ပါသည်။ တောင်အာဖရိ၏ အစွန်အဖျားနေရာတွင် ရှိ၍ အထိတ်တလန့်ဖြစ်နေသော ဤရွာကလေးသည် လတိုင်းလိုလို လူသတ်မှုဖြစ်ပွားနေသော ရွာဖြစ်သည်။ လူဦးရေ ၃,၀၀၀ ခန့် နေထိုင်ရာ ရွာလေးတွင် လူသတ်မှုသည် နာရီသံပတ်ပေးထားသလိုအချိန်မှန်မှန်ဖြစ်ပွားနေသည်မှာ တစ်နှစ်ကြာရှိနေပြီဖြစ်သည်။

ရက်ရက်စက်စက် သတ်ဖြတ်မှုများဆက်တိုက်ဖြစ်ပွားနေခြင်းကြောင့် ဇင်ကိုဗနီရွာသည် ကျောချမ်းစရာကောင်းသော နာမည်ကိုပင် ပိုင်ဆိုင်ထားသည်။ “မရဏရွာ” ဟူ၏။ စုစုပေါင်း ၁၁ ဦး အသတ်ခံထားရသည်။

အသတ်ခံရသူအားလုံးသည် အသက်ကြီးသူများဖြစ်၍ တစ်ကိုယ်တည်း နေကြသည့်အမျိုး သမီးများဖြစ်လေသည်။

ကတ္တရာ ခင်းမထားသော ကားလမ်းသည် မှောင်လျက်ရှိသည်။ ပိန်းပိတ်နေသော အမှောင်ထုရောက်မလာမီ နေဝင်ရီတရောအချိန်လွန်မြောက်၍ မှောင်နေသော ရွာလေး၌ အသတ်ခံရသူတို့မှာ နေအိမ်တွင် ဓားဖြင့် မသေမချင်း ထိုးသတ်ခံကြရခြင်းဖြစ်သည်။

သုသာန်မှ လမ်းလျှောက်ပြန်လာသည့် အသက် ၅၀ အရွယ် နိုဘွန်ဂီလက်ဖီလာ ဆိုသော အမျိုးသမီးက ၎င်း၏အကြောင်းကို အေအက်ဖ်ပီသို့ ပြောပြသည်။ ၎င်း၏မိခင်သည် ၂၀၂၁ ခုနှစ် မေလထဲတွင် အသတ်ခံခဲ့ ရသည်။ ထို့ကြောင့် အသတ်ခံရသူများထဲတွင် ဖီလာ၏ မိခင်သည်အစောဆုံးစာရင်းပေါက်ခဲ့သူတစ်ဦး ဖြစ်လေသည်။

“အမေ့ကို အဲ့ဒီနေရာမှာ ကျွန်မ တွေ့တာပါ။ တံခါးဘေးနား သွေးအိုင်ထဲ လဲနေတာပါ။ အမေဟာ လည်လှီးခံထားရတာပါ” ဟု ဖီလာ ကပြောသည်။ ထို့နောက်ညီအစ်မနှစ်ဦးနေကြသည့် သက်ကယ်တဲဝိုင်းလေးထဲမှာပင် ဖီလာ၏ အဒေါ်သည်လည်း ဓားထိုးခံရပြီး သေဆုံးနေခဲ့သည်။ ညီအစ်မနှစ်ဦး အသတ် ခံရသည်ကို မည်သူမျှ မမြင်ကြပါ။ မည်သည့် အသံမှလည်း မကြားကြရပါ။

အာဖရိကတွင် လုံးချွန်အိမ်လေးများ (Ronsavels) ဟုခေါ်သည့်အိမ်များသည် ဇင်ကိုဗနီရွာတွင် တစ်အိမ်နှင့် တစ်အိမ် အလှမ်းဝေးလှသည်။ ခိုဆာစကား (တောင်အာဖရိကရှိ အရှေ့ပိုင်းကိတ်ပြည်နယ်သုံး ဘာသာစကား) ပြောသော လူ့အသိုင်းအဝိုင်းရှိ ရာဇင်ကိုဗနီရွာသည် အနီးဆုံးမြို့ကြီး အိစ်လန်ဒန်နှင့် သုံးနာရီခန့် သွားရသောနေရာတွင် တည်ရှိသည်။        

ဆောင်းတွင်းလများဆိုလျှင် ဇင်ကိုဗနီ ရွာ၌ နေသည်  ညနေ ၆ နာရီခန့်တွင်အရှေ့ပိုင်း ကိတ်ပြည်နယ်ရှိ အစိမ်းရောင်တောင်များ၏နောက်သို့ တိုးဝင်ပျောက်ကွယ်သွားတတ်သည်။

 

တောင်အာဖရိကတွင် မရှိခဲ့ဖူး

တောင်အာဖရိကသည် စစ်ပွဲဇုန်ပြင်ပ၌ ကမ္ဘာ့အကြမ်းဖက်မှုအများဆုံး ကျူးလွန်ရာ နိုင်ငံတစ်နိုင်ငံဖြစ်၍ ပျမ်းမျှမိနစ်၂၀ တိုင်းတွင် လူသတ်မှုတစ်ကြိမ် ဖြစ်ပွားနေသော နိုင်ငံဖြစ်လေသည်။

ရာဇဝတ်မှုများကို အရေထူနေသော ရဲများကိုပင် ယခုကဲ့သို့လူများဆက်တိုက် အသတ်ခံနေရသည့် ရက်စက်မှုများက အံ့အားသင့်စေခဲ့သည်။ အသတ်ခံရသူအားလုံးသည် ရက်ရက်စက်စက်ဓားဖြင့် အထိုးခံကြရခြင်း ဖြစ်သည်။ အချို့သည် လည်ပင်းလှီးဖြတ်ခံ ထားကြရသည်။

“သူတို့ဟာ သွေးထွက်လွန်ပြီး သေကြရတာဖြစ်ပါတယ်” ဟု အကြီးတန်းရဲတပ်ဖွဲ့ စုံစမ်းစစ်ဆေးသူတစ်ဦးက အေအက်ဖ်ပီကို ပြောသည်။

“စိတ်ပိုင်းဆိုင်ရာရည်ရွယ်ချက်နဲ့ သက်ကြီးပိုင်းတွေ ဆက်တိုက်အသတ်ခံနေရတာ ဖြစ်ပါတယ်။ တောင်အာဖရိကမှာ ဒါမျိုး မရှိပါ ဘူး။ အရင်ကလည်း ဒါမျိုးကို မမြင်ဖူးပါဘူး” ဟု အမည်မဖော်လိုသူ စုံစမ်းစစ်ဆေးသူက ပြောသည်။

လူသတ်မှုများနှင့်ပတ်သက်၍ အမျိုးသားခြောက်ဦးကို ဖမ်းဆီးထားပြီး ဇွန်လတွင် ၎င်းတို့၏အမှုကို စတင်စစ်ဆေးရန် စီစဉ်ထားသည်။ လူသတ်သမားများသည် မကောင်းမှုကျူးလွန်နေကြသော ဖောက်ထွင်းသူခိုးများသာဖြစ်သည်ဟု ရဲတပ်ဖွဲ့က ယုံကြည်ထားသည်။ သို့ရာတွင် အသက် ၆၄ နှစ်အရွယ်  ဒေသခံတာဝန်ရှိသူ ဂျီဆင်နီကာယာကိုကီကမူ လူသတ်မှုများအတွက် သူခိုးများကို အပြစ်တင်နေသည့်အပေါ် သံသယဝင်နေသူ တစ်ဦး ဖြစ်သည်။

“သတ်ဖြတ်တာတွေဖြစ်ပြီးတဲ့နောက် လူတွေက အိမ်ကို ရှာတဲ့ကြတဲ့အခါ သူတို့ဟာ အိမ်ထဲမှာ ပိုက်ဆံတွေကိုတွေ့ခဲ့ကြတယ်” ဟု သူကပြောသည်။ အခြားအဖိုးတန်ပစ္စည်း များကိုကားတို့ထိထားခြင်းမရှိဟု ၎င်းက ဖြည့်စွက်ပြောသည်။

“အသတ်ခံရတဲ့ လူဆီက သူတို့ ဘာလိုချင်တာလဲဆိုတာကို အခုခင်ဗျားကိုယ်ခင်ဗျား မေးကြည့်ဗျာ” ဟု ကိုကီက ပြောသည်။တွေ့ရသည့်တစ်ခုတည်းသော သဲလွန်စမှာ အဝတ်စဖြစ်သည်ဟု ဆိုသည်။

လွတ်မြောက်လျက်ရှိသော တစ်ဦးပြီး တစ်ဦးဆက်တိုက်သတ်သောလူသတ်သမား (Serial Killer) ကိုကြောက်လန့်မှုက တစ်ရွာလုံးကို လွှမ်းမိုးထားသည်။ အချို့က ထွက်ပြေးကြသည်။ အမျိုးသမီးများမှာ ညတွင်အတူစု၍ အိပ်ရသည့်အနေအထားဖြစ်လာသည်။

 

တိတ်ဆိတ်ငြိမ်သက်နေသော ရွာ

အထူးရဲတပ်ဖွဲ့သည် တစ်ယောက်ပြီး တစ်ယောက်ဆက်တိုက် သတ်သောလူသတ် သမားအကြိမ်ကြိမ်လာခဲ့သော ဇင်ကိုဗနီရွာကို စုံစမ်းစစ်ဆေးလျက်ရှိသည်။ လူသတ်မှုများသည် တစ်ကိုယ်တော်လူသတ်သမားက ကျူးလွန်သည့်ရာဇဝတ်မှုများဖြစ်သည်ဆိုသော လက္ခဏာများကိုတွေ့ရကြောင်း စုံစမ်းစစ်ဆေးသူတစ်ဦးက အေအက်ဖ်ပီကို ပြောသည်။

သတ်ဖြတ်မှုတစ်ကြိမ်တိုင်းတွင် သတ်ပုံသတ်နည်း တစ်ပုံစံတည်း ဖြစ်နေသည်ကို တွေ့ရပြီး လတစ်လ၏အစပိုင်းတွင် လူသတ်မှုများ ပုံမှန်ဖြစ်ပွားခြင်း၊ပြစ်မှုဆိုင်ရာရည် ရွယ်ချက်အထောက်အထားမရှိခြင်းဟူသော အချက်များကို တွေ့ရလေသည်။

လူသတ်သမားသည် အသက်ငယ်ရွယ် သူဖြစ်ရမည်။ ၎င်းသတ်ခဲ့သော သူများကို ထိန်းချုပ်နိုင်လောက်အောင် သန်မာသူဖြစ် ရမည်ဆိုသောအချက်များမှာ လူသတ်မှုဖြစ်စဉ်များ ဆင်တူနေခြင်းက သက်သေခံနေသည်။ ရွာ၏အစွန်အဖျားကျမှုကို ထည့်သွင်း စဉ်းစားမည်ဆိုပါက ၎င်းသည် အနီးဝန်းကျင်တွင် နေထိုင်သူလည်းဖြစ်နိုင်သည်။ အသက်ကြီးသူများကို မုန်းတီးသည့်အငြိုးအတေးများကို ထားသူလည်း ဖြစ်နိုင်သည်။

“ဒီလူက အဲ့ဒီရွာမှာနေသူတွေကိုရော တစ်ကိုယ်တည်း နေသူတွေကိုပါ သိနေသူ ဖြစ်ရပါမယ်” ဟု စုံစမ်းစစ်ဆေးသူတစ်ဦးက ပြောသည်။

အိမ်ရှေ့က ခွေးခြေပေါ်ထိုင်လျက်ပြောင်း ဖူးခွာနေသော အသက် ၈၂ နှစ်အရွယ် နွန်တူ  ကူနီနာအမ်ဘင်ရာနာကမူ ကြောက်သည်ဟု ပြောသော်လည်း ၎င်းသည် ရွာမှထွက်သွား မည်မဟုတ်ဟု ပြောသည်။

“သူတို့ ငါ့ကို လာသတ်မယ်ဆိုရင် ငါက တော့ပြင်ဆင်ထားပါတယ်။ ငါ့အိမ်မှာပဲ ငါသေမယ်” ဟု ပြောသည်။အာဏာပိုင်များသည် ဇင်ကိုဗနီရွာက လူသတ်မှုများနှင့်ပတ်သက်၍ လပေါင်းများ စွာနှုတ်ဆိတ်နေခဲ့သည်။ ထို့ကြောင့် စေတနာ့ ဝန်ထမ်းကင်းသမားများက ကြားဝင်လုပ်ဆောင်ရသည့် အနေအထား ဖြစ်လာသည်။အသက်၂၁ နှစ်မှ၂ရနှစ်အရွယ်ရှိ သံသယရှိ သူ ခုနစ်ဦးကို သေဆုံးလျက် တွေ့ရသည်။ အချို့က မီးရှို့အသတ်ခံထားရပြီး အချို့က အနီးနားရှိ သစ်တောများထဲတွင် ကြိုးဆွဲချ အသတ်ခံထားရသည်ကို တွေ့ရသည်။

အမျိုးသား ၁၂ ဦးကိုဖမ်းဆီးခဲ့သော်လည်း အထောက်အထားမရှိသဖြင့် နောက်ပိုင်းတွင် ၎င်းတို့ကို ပြန်လွှတ်ပေးခဲ့ရသည်။

ထို့ကြောင့် ရဲများသည် တိတ်ဆိတ်ငြိမ် သတ်လျက်ရှိသော ဇင်ကိုဗနီရွာတွင် စုံစမ်းစစ်ဆေးမှုများကို ဆက်လက်လုပ်ဆောင်နေသည်။

“ဒီနေရာမှာတော့ ဘာမှ မဖြစ်ပါဘူး” ဟု ပစ်ကပ်ကားပေါ်တက်နေသော အမျိုးသားတစ်ဦးက အေအက်ဖ်ပီကို ပြောသည်။

ခုတစ်လော ထိတ်လန့်စရာ ရာဇဝတ်မှု များရပ်သွားရာ လျှို့ဝှက်ဆန်းကြယ်မှုကို နက်ရှိုင်းစေပါတော့သည်။ ရဲတပ်ဖွဲ့က ကင်းလှည့်မှုများကို ပိုမိုလုပ်ဆောင်နေခြင်း၊ သတင်းမီဒီယာများ၏ စိတ်ဝင်စားမှုမြင့်တက်လာခြင်း တို့က လူသတ်သမားများအတွက် အခိုက်အတန့်အားဖြင့် အဟန့်အတားဖြစ်နေနိုင်သည် ဟု စုံစမ်းစစ်ဆေးသူတစ်ဦးက ပြောသည်။

“ဖော်ထုတ်ခံရတော့မယ့် ဆက်တိုက်လူသတ်သူတွေ နေရာပြောင်းတာကို ကျွန်တော်တို့ မကြာခဏတွေ့ရပါတယ်။ အဲ့ဒီလူသတ်သမားကို ကျွန်တော်တို့ တခြားတစ်နေရာရာမှာ မထင်မှတ်ဘဲ တွေ့ကောင်းတွေ့နိုင်ပါတယ်” ဟု ၎င်းက ပြောပါသည်။

Most Read

Most Recent