ကိုဗစ်ကင်းစင်ရေး မဟာဗျူဟာကြောင့် စီးပွားရေး တိုးတက်မှုများအပေါ် ထိခိုက်နေစဉ် တိုင်းပြည်စီးပွားရေးကို ပုံမှန်ပြန်ဖြစ်စေရန် ကြိုးပမ်းရမည်ဟု တရုတ်ဝန်ကြီးချုပ် သတိပေး

ကိုဗစ်ကင်းစင်ရေး မဟာဗျူဟာကြောင့် စီးပွားရေး တိုးတက်မှုများအပေါ် ထိခိုက်နေစဉ် တိုင်းပြည်စီးပွားရေးကို ပုံမှန်ပြန်ဖြစ်စေရန် ကြိုးပမ်းရမည်ဟု တရုတ်ဝန်ကြီးချုပ် သတိပေး
၂၀၂၁ ခုနှစ် မတ်လ ၅ ရက်က ပေကျင်းမြို့တွင် ပြုလုပ်သည့် အမျိုးသားပြည်သူ့ ကွန်ဂရက် အစည်းအဝေးအဖွင့်တွင် မိန့်ခွန်းပြောနေသော ဝန်ကြီးချုပ် လီခယ်ကျင်းကို တွေ့ရစဉ် (Photo : Reuters)
၂၀၂၁ ခုနှစ် မတ်လ ၅ ရက်က ပေကျင်းမြို့တွင် ပြုလုပ်သည့် အမျိုးသားပြည်သူ့ ကွန်ဂရက် အစည်းအဝေးအဖွင့်တွင် မိန့်ခွန်းပြောနေသော ဝန်ကြီးချုပ် လီခယ်ကျင်းကို တွေ့ရစဉ် (Photo : Reuters)
Published 26 May 2022
Ref : AFP

တရုတ်နိုင်ငံအနေဖြင့် ကိုဗစ်ကင်းစင်ရေး မဟာဗျူဟာကြောင့် စီးပွားရေးတိုးတက်မှုအပေါ် ထိခိုက်မှုများ ရှိနေချိန်တွင် တိုင်းပြည် စီးပွားရေး ပုံမှန်ပြန်ဖြစ်စေရန် ကြိုးပမ်းရမည်ဖြစ်ကြောင်း တရုတ်ဝန်ကြီးချုပ် လီခယ်ကျင်းက တိုက်တွန်းခဲ့သည်။

ယင်းသည် ကမ္ဘာ့ဒုတိယ စီးပွားရေးအင်အားအကြီးဆုံး တရုတ်၏ စီးပွားရေးနှင့်ပတ်သက်ပြီး မကြုံစဖူး ပြတ်ပြတ်သားသား သတိပေးမှုလည်းဖြစ်သည်။

တရုတ်သည် လူအစုလိုက်အပြုံလိုက် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုများကို ထိန်းချုပ်ရန်အတွက် လူအများအပြားကို ဆေးစစ်ခြင်းနှင့် တင်းကျပ်သော အသွားအလာ ကန့်သတ်မှုများပြုလုပ်သော မူဝါဒကို ဆက်လက်ကျင့်သုံးနေသည့် နောက်ဆုံးစီးပွားရေးအင်အားကြီး နိုင်ငံလည်းဖြစ်သည်။ သို့ဖြစ်ရာ တင်းကျပ်သည့် ကန့်သတ်မှုများကြောင့် တရုတ်၏ စီးပွားရေးလုပ်ငန်းများအပေါ် ထိခိုက်မှုများ ရှိလာခဲ့သည်။

ကုန်ထုတ်လုပ်မှု ဗဟိုချက်ဒေသများဖြစ်သော ရှန်ကျန်နှင့် ရှန်ဟိုင်းအပြင် နိုင်ငံ၏ စပါးကျီဟု ဆိုရမည့် ကျိလင်ပြည်နယ် အပါအဝင် နိုင်ငံတစ်ဝန်း၌ ကန့်သတ်ပိတ်ပင်မှုများ ချမှတ်ထားသည့်အတွက် ကုန်စည်ဖြန့်ဖြူးမှု ကွင်းဆက်တွင် ထိခိုက်မှုများ ဖြစ်ပေါ်ခဲ့ပြီး စီးပွားရေးဆိုင်ရာ အညွှန်းကိန်းများသည်လည်း နှစ်နှစ်အတွင်း အနိမ့်ဆုံးသို့ ကျဆင်းခဲ့သည်။

“၂၀၂၀ ခုနှစ်တွင် COVID-19 ကပ်ရောဂါဒဏ်ကို အပြင်းအထန် ကြုံတွေ့ခဲ့ချိန်ကထက် ပိုမိုကြီးမားတဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်နေရပါတယ်” ဟု ဝန်ကြီးချုပ် လီခယ်ကျင်းက မေ ၂၅ ရက်တွင် ပြုလုပ်သော နိုင်ငံတော်ကောင်စီ အစည်းအဝေးတွင် ပြောကြားခဲ့ကြောင်း နိုင်ငံပိုင် ဆင်ဟွာသတင်းဌာနက ဖော်ပြခဲ့သည်။

“တစ်နှစ်ပတ်လုံးရဲ့ စီးပွားရေးအလားအလာကို အဆုံးအဖြတ်ပေးမယ့် အလွန်အရေးကြီးတဲ့ အခြေအနေတစ်ခုကို ရောက်နေပါပြီ” ဟုလည်း သူကပြောကြားခဲ့သည်။ မိမိတို့အနေဖြင့် ကြားကာလအချိန်ကို ထိထိရောက်ရောက် အသုံးချပြီး စီးပွားရေးကို ပုံမှန်လမ်းကြောင်းပေါ် ပြန်ရောက်လာစေရန် ကြိုးပမ်းရမည်ဟုလည်း ၎င်းက ထပ်မံပြောကြားခဲ့သည်။

ထို့အပြင် ဒုတိယ သုံးလပတ်ကာလတွင် သင့်တင့်သော စီးပွားရေးတိုးတက်မှုရရှိရန် လိုအပ်ကြောင်းလည်း ၎င်းက သက်ဆိုင်ရာ တာဝန်ရှိသူများကို ပြောကြားခဲ့သည်။ သို့ဖြစ်ရာ တစ်နှစ်တာ စီးပွားရေးတိုးတက်မှု မျှော်မှန်းချက်ဖြစ်သည့် ၅.၅ ရာခိုင်နှုန်းကို ပြည့်မီခြင်း မရှိမည်ကို စိုးရိမ်မှုများ မြင့်တက်စေခဲ့ သည်။

တိုင်းပြည်စီးပွားရေးအပေါ် သက်ရောက်လာသည့် ဖိအားများကြောင့် ချေးငွေ ထုတ်ချေးမှုကို တိုးမြှင့်ရန် တရုတ်ဗဟိုဘဏ်နှင့် ဘဏ်လုပ်ငန်းဆိုင်ရာ စည်းမျဉ်းထိန်းသိမ်းရေး အာဏာပိုင်များက မေ ၂၃ ရက်တွင် ငွေရေးကြေးရေး လုပ်ငန်းများကို တိုက်တွန်းခဲ့သည်ဟု နိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့သည်။

ဧပြီလက ပြည်တွင်းလက်လီရောင်းအားပမာဏသည် ယမန်နှစ် ကာလတူထက် ၁၁.၁ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး စက်မှုထုတ်ကုန် ပမာဏသည်လည်း ၂.၉ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။ ထို့အပြင် မြို့ပြ၌ အလုပ်လက်မဲ့ဖြစ်ပွားမှု ရာခိုင်နှုန်းသည်လည်း ၂၀၂၀  ဖေဖော်ဝါရီလက အမြင့်ဆုံးဖြစ်ခဲ့သည့် ပမာဏနီးပါးသို့ ရောက်ရှိခဲ့သည်။    

Most Read

Most Recent