ငြိမ်းချမ်းရေးနှင့် မြန်မာတို့၏ အမျိုးသားအကျိုးစီးပွား

ငြိမ်းချမ်းရေးနှင့် မြန်မာတို့၏ အမျိုးသားအကျိုးစီးပွား
၂၀၁၈ ခုနှစ် ဇူလိုင် ၁၁ ရက်က နေပြည်တော်တွင် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ -၂၁ ရာစု ပင်လုံ တတိယအစည်းအဝေး ကျင်းပစဉ်
၂၀၁၈ ခုနှစ် ဇူလိုင် ၁၁ ရက်က နေပြည်တော်တွင် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ -၂၁ ရာစု ပင်လုံ တတိယအစည်းအဝေး ကျင်းပစဉ်
Published 1 May 2022
ရဲကျော်စွာ

အေဒီ ၁၉ ရာစု အတွင်း မြန်မာနိုင်ငံသို့တာဝန်ဖြင့် ရောက်ရှိလာသော ဗြိတိသျှအရာရှိအချို့က မြန်မာတို့အား “စစ်မက်ကို လိုလားသော လူမျိုး” (Warlikr Tribe) တစ်ခုအဖြစ် သုံးသပ်ရေးသားခဲ့ကြသည်။ထို ရေးသားချက်များကို နှောင်းခေတ် မြန်မာစာဖတ်သူများနှင့် နိုင်ငံတကာမှ လေ့လာသူများကပင် အမှန်တကယ် ယုံကြည်လက်ခံနေခဲ့ကြသည်။

ထိုအယူအဆကို အနည်းဆုံးအားဖြင့် ၁၉ ရာစုခေတ် မြန်မာတို့၏ “လူမျိုးရေးသဘာဝ” (Racial Nature) အဟောင်းတစ်ခုအဖြစ်ဟု တိုးတက်သော အတွေးအခေါ်ရှိသော မြန်မာပညာတတ်များစွာက ပင် ယုံကြည်လက်ခံမိခဲ့ကြသည်။

 

စစ်မက်လိုလားသောလူမျိုး တကယ်မဟုတ်ခဲ့

အမှန်စင်စစ် ယင်းသုံးသပ်ချက် ကိုယ်တိုင်က မြန်မာတို့အပေါ် ဗြိတိသျှအရာရှိများက သူတို့၏အမြင်၊ သူတို့၏ မျက်စိဖြင့်၊ သူတို့ နားလည်ထားသလို သူတို့ဘာသာ ပြန်လည် ပုံဖော်ရေးသားထားခြင်း တစ်ခုထက် ဘာမှ မပိုခဲ့ပါ။ ၁၉ ရာစုခေတ် ဗြိတိသျှများသည် နှောင်းပိုင်းခေတ် ဗြိတိသျှများကဲ့သို့ပင် “မြန်မာ့စိတ်ထား အမှန်” (Real Soul of Myanmar) ကို အမှန်တကယ် နားလည်သိမြင် သွားခြင်း မရှိခဲ့ပေ။

အေဒီ ၁၉ ရာစုခေတ်တွင် အရှေ့ဖျား အာရှဒေသမှသည် အနောက်ဖျား အာရှဒေသအထိ အမျိုးမျိုးသော ဥရောပရေကြောင်း အင်ပါယာများက အာရှနိုင်ငံများကို စစ်မက်ပြုနယ်ချဲ့ကျူးကျော်တိုက်ခိုက် နေချိန်ဖြစ်သည်။

အိမ်နီးချင်းနှင့် ဒေသလွန်အဆက်အသွယ်ရှိနေသော၊ အာရှနိုင်ငံပေါင်းစုံမှ မြန်မာနိုင်ငံသို့ စီးဆင်းဝင် ရောက်နေသော သတင်းပေါင်းစုံအရ ဥရောပမျိုးနွယ်များအကြောင်း ကောင်းသတင်း တစ်ခုမျှမရှိခဲ့။

အိန္ဒိယ၊ တရုတ်၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ ထိုင်းနှင့် မလေးကျွန်းဆွယ်နိုင်ငံများကို ဥရောပတိုက်သားများက နယ်ချဲ့ကျူးကျော်နေကြချိန် ဖြစ်သည်။ မြန်မာတို့ကိုယ်တိုင်ကလည်း ဗြိတိသျှ၏နယ်ချဲ့ ကျူးကျော် ရေးစစ်ပွဲများကို အမျိုးသားခုခံရေး စစ်ပွဲများဖြင့် ရင်ဆိုင်တွန်းလှန်နေရချိန်ဖြစ်သည်။

ယင်းကဲ့သို့သော ခေတ်ကာလမျိုးအတွင်း အရှေ့တိုင်း၏ ချမ်းသာကြွယ်ဝလှသော နိုင်ငံတစ်ခုအနေဖြင့် သူ၏ ရန်သူများကို ခုခံတွန်းလှန်ရန် တစ်နိုင်ငံလုံးက စစ်မက်လိုလား နေကြသည်ဆိုသောအချက်မှာ နှိုင်း ရတရားအရ ယာယီလက္ခဏာတစ်ခုသာဖြစ်သည်။ အမြဲတမ်းလက္ခဏာမဟုတ်။

 

ဥရောပအင်ပါယာများကို ပြန်လည် အတုယူခြင်း

ဗြိတိသျှ ကိုလိုနီ လက်အောက်ခံ ဘဝတွင် မြန်မာတို့သည် “စီးပွားရေး အကျိုးစီးပွား” (Economic Interest) နှင့် (ကူးသန်းရောင်းဝယ်ရေး အကျိုးစီးပွား) (Commercial Interest) အတွက် အင်ပါယာ တစ်ခုကို ထူထောင်ထားသော “စီးပွားရေး နယ်ချဲ့စနစ်” (Economic Imperalism) ၏ အုပ်စိုးမှုကို သူတို့၏ သမိုင်းတစ်လျှောက်တွင် ပထမဆုံးအကြိမ်အဖြစ် တွေ့ကြုံ ခံစားခဲ့ရခြင်း ဖြစ်သည်။

အခြားသော အာရှနိုင်ငံများအတွက်လည်း သူတို့၏ သက်ဆိုင်ရာ ဥရောပမျိုးနွယ် အင်ပါယာများ၏ အတွေ့အကြုံမှာလည်း အလားတူပင် ဖြစ်လာခဲ့သည်။

ယခင်က အာရှတိုက်နှင့် အရှေ့တိုင်း၏ သမိုင်းတစ်လျှောက်တွင် ပေါ်ထွန်းလာခဲ့ဖူးသော အင်ပါယာများမှာ စီးပွားရေးအကျိုးစီးပွား အခြေပြု အင်ပါယာဟူ၍ တစ်ခါမှ မရှိခဲ့ပါ။

မြန်မာတို့အပါအဝင် အာရှနိုင်ငံများသည် အေဒီ ၁၉ ရာစုခေတ် ဥရောပအင်ပါယာများ၏ အတွေးအခေါ်များ၊ စိတ်သဘောထားများ၊ လုပ်နည်းလုပ်ဟန်များနှင့် စရိုက်လက္ခဏာများကို ကြီးမားလှသော အတိုင်းအတာ တစ်ခုအထိ ၊ သိစိတ် နှင့် မသိစိတ် နှစ်မျိုးလုံးတွင် တိတ်တဆိတ် လိုက်လံ အတုယူ နည်းမှီ ကျင့် သုံးလာခဲ့ကြသည်။

အေဒီ ၂၁ ရာစုခေတ်ပြိုင် အခြေအနေအထိ မြန်မာအပါအဝင် အာရှနိုင်ငံများစွာအတွင်း အေဒီ ၁၉ ရာစုခေတ် ဥရောပအင်ပါယာများ၌ ထွန်းကားခဲ့သော ဥပဒေများ၊ လုပ်နည်းလုပ်ဟန်များနှင့် စရိုက်လက္ခဏာများက ဆက်လက်ကျန်ရစ် နေခဲ့ကြသည်။

 

စစ်ဝါဒ (Militarism) နှင့် ငြိမ်းချမ်းရေးဝါဒ (Pacifism)

အေဒီ ၁၉ ရာစုခေတ် ဥရောပ မျိုးနွယ်များ၏ လုပ်နည်းလုပ်ဟန်များအနက် အစွန်းထွက်နေသော လုပ်နည်းလုပ်ဟန် နှစ်ရပ်ရှိခဲ့သည်။

မိမိက အင်အားသုံး အနိုင်ယူနိုင်သော ရန်သူများ၊ ပြိုင်ဘက်များ၊ ဆန့်ကျင်ဘက်များနှင့် အခြားပစ်မှတ် များအပေါ် စစ်ရေးနည်းလမ်း သက်သက်ဖြင့် အနိုင်ယူသော “စစ်ဝါဒ” (Militarism) ကို ကျင့်သုံးခြင်းနှင့် မိမိက အင်အားသုံး အနိုင်ယူနိုင်စွမ်း မရှိသောအင်အားစုများအပေါ် “ငြိမ်းချမ်းရေးဝါဒ” (Pacifism) ကို ကျင့် သုံးခြင်းဆိုသော တရားသေ၊ ပုံသေ အစွန်းထွက်နေသော လုပ်နည်းလုပ် ဟန်နှစ်မျိုးဖြစ်သည်။

စစ်ဝါဒတွင် စစ်ရေးနည်းလမ်း တစ်ခုကိုသာလျှင် ဗဟိုပြုထားပြီး အခြားသော နည်းလမ်းများ ဖြစ်ကြသော၊ လုံခြုံရေးနည်းလမ်း၊ အုပ်ချုပ်ရေးနည်းလမ်း၊ ဥပဒေပြုရေးနည်းလမ်း၊ တရားစီရင်ရေးနည်းလမ်း၊ နိုင်ငံရေးနည်းလမ်း၊ စီးပွားရေးနည်းလမ်း၊ လူမှုရေးနည်းလမ်း၊ ဓလေ့ယဉ်ကျေးမှုနည်းလမ်း၊ စည်းရုံးရေးနည်း လမ်း၊ သံတမန်ရေးနည်းလမ်း၊ ထောက်လှမ်းရေးနည်းလမ်းနှင့် စုံစမ်းစစ်ဆေးရေး နည်းလမ်းများကို ပါ အားမကိုး ၊ အသုံးမပြုကြတော့ဘဲ တရားသေ စွန့်လွှတ်စွန့်ပယ်ပစ် လိုက်ကြသည်။

ငြိမ်းချမ်းရေးဝါဒတွင်လည်း ငြိမ်းချမ်းရေး နည်းလမ်းတစ်ခုတည်းကိုသာ တရားသေကိုင်စွဲလိုက်ပြီး အခြားသော တိုက်ပွဲပုံစံများဖြစ်သော၊ စစ်ရေး စစ်ပွဲ၊ လုံခြုံရေးစစ်ပွဲ၊ ထောက်လှမ်းရေးစစ်ပွဲနှင့် စုံစမ်းစစ် ဆေးရေးစစ်ပွဲများအပါအဝင် စစ်ဆင်မှုပုံစံမျိုးစုံကို စွန့်လွှတ်ပစ်လိုက် ကြသည်။

အေဒီ ၂၀ ရာစုအတွင်း အမျိုးသား လွတ်လပ်ရေး ပြန်လည်ရရှိလာခဲ့သော အာရှနိုင်ငံများအနက် နိုင်ငံများစွာသည် အာရှတိုက်ပြင်ပမှ အထူးအင်အားကြီးနိုင်ငံများနှင့် ဆက်ဆံရေးတွင် ငြိမ်းချမ်းရေးဝါဒကို အလွန်အကျွံ အသုံးပြုခဲ့ကြပြီး အာရှနိုင်ငံအချင်းချင်း ပဋိပက္ခများ နှင့် မိမိနိုင်ငံအတွင်း ပဋိပက္ခများကို ရင်ဆိုင်ရာတွင် စစ်ဝါဒကို သိသာစွာ ပိုမို သုံးစွဲခဲ့ကြသည်။

အာရှနိုင်ငံများအနက် စစ်ဝါဒကို အလွန်အကျွံ တရားသေကိုင်စွဲခဲ့ရာ၌ အုပ်စိုးသူများ၊ အစိုးရများ၊ လူများစုလူမျိုးများ၊ လူများစု ဘာသာရေးဂိုဏ်းများသာမကဘဲ အတိုက်အခံများ၊ ခွဲထွက်ရေးဝါဒီများ၊ လူနည်းစုလူမျိုးစုများနှင့် ဘာသာရေးလူနည်းစုများ အပါအဝင် မတူညီသော ဘက်မျိုးစုံ၌ ကျယ်ပြန့်စွာ ကျင့်သုံးခဲ့ကြခြင်း ဖြစ်သည်။

၁၉၄၅ ခုနှစ် ဒုတိယကမ္ဘာစစ် အပြီးတွင် မိမိတို့၏ အိမ်နီးချင်းနှင့် ဒေသတွင်း အခြားအာရှနိုင်ငံများ နှင့် မည်သည့်စစ်မက်မှ မဖြစ်ခဲ့ဖူးသောနိုင်ငံဟူ၍ မွန်ဂိုလီးယား၊ ဂျပန်၊ စင်ကာပူ၊ နီပေါ၊ ဘူတန်၊ သီရိလင်္ကာ၊ မော်လဒိုက်နှင့် ဘင်္ဂလားဒေ့ရှ်ဟူ၍ အာရှနိုင်ငံ ရှစ်နိုင်ငံသာလျှင် ကျန်ရှိတော့သည်။

ယင်းအာရှရှစ်နိုင်ငံအနက် မိမိနိုင်ငံအတွင်းမှာပင် ၁၉၄၅ ခုနှစ် နောက်ပိုင်းတွင် ပြည်တွင်းစစ် လုံးဝ မဖြစ်ပွားခဲ့ဖူးသော နိုင်ငံများအဖြစ် မွန်ဂိုလီးယား၊ ဂျပန်၊ စင်ကာပူ၊ ဘူတန်နှင့် မော်လဒိုက်ဟူ၍ ငါးနိုင်ငံ သာ ကျန်ရစ်ခဲ့သည်။

မြန်မာနိုင်ငံနှင့် ပြည်တွင်းစစ်များ

မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးသည့် အချိန်မှ စတင်ကာ ဗြိတိသျှကိုလိုနီ အုပ်ချုပ်ရေး စက်ယန္တရားအတွင်းမှ အင်္ဂလိပ် လူမျိုးစစ်ဘက်၊ နယ်ဘက်အရာရှိများ၏ သွေးထိုးလှုံ့ဆော်မှုများ ကြောင့် စတင်ဖြစ်ပွားခဲ့သောလူမျိုးစု ခွဲထွက်ရေးစစ်ပွဲများနှင့် လက်ဝဲ လက်ယာ နိုင်ငံရေးသဘောတရား ပဋိပက္ခမှ စတင်ခဲ့သော စစ်ပွဲများ ရောထွေးပါဝင်နေသော ပြည်တွင်းစစ် စတင်ဖြစ်ပွားခဲ့သည်။

၁။ ပထမ ပြည်တွင်းစစ် (၁၉၄၈- ၁၉၆၂)

၂။ ဒုတိယ ပြည်တွင်းစစ် (၁၉၆၂ - ၁၉၈၈)

၃။ တတိယ ပြည်တွင်းစစ် (၁၉၈၈-၂၀၀၅ )

၄။ စတုတ္ထ ပြည်တွင်းစစ် (၂၀၁၂ -၂၀၂၀) နှင့်

၅။ ပဥ္စမ ပြည်တွင်းစစ် ( ၂၀၂၁ - ယခုအထိ )

ဟူ၍ မြန်မာနိုင်ငံသစ်၏ သမိုင်းခေတ်ခွဲများအလိုက် အမျိုးအစား မတူညီသော ပြည်တွင်းစစ်များ အဆင့်လိုက် ဖြစ်ပွားခဲ့သည်။

ဤနေရာတွင် သတိပြုရန်အချက်များ ရှိနေပါသေးသည်။ တတိယ ပြည်တွင်းစစ် အဆုံးသတ်သော ခုနှစ်နှင့် စတုတ္ထပြည်တွင်းစစ် စတင်သော ခုနှစ်များအပေါ် အမြင်မတူညီသော သီးခြားအယူအဆများ ရှိကြသည်။

ထို့ပြင် အချို့သူများက “နည်းပညာပိုင်း” (Techanical) အရ “ပြည်တွင်းစစ်” (Civil War) ဆိုသော သတ်မှတ်ချက်ကို လက်မခံကြပါ။ ၁၉၄၈ ခုနှစ် ဖဆပလ ပါလီမန် ဒီမိုကရေစီအစိုးရက “ပြည်တွင်းသောင်း ကျန်းမှု” (Civil Insurgency) ဟု သတ်မှတ်ခေါ်ဆိုခဲ့သည်။

၁၉၈၈ မတိုင်ခင်က လက်ယာ လက်နက်ကိုင်အဖွဲ့များက “အမျိုးသား ဒီမိုကရေစီတော်လှန်ရေး” (National Democratic Revolution) ဟု ခေါ်ဆိုခဲ့ကြပြီး လက်ဝဲ လက်နက်ကိုင်အဖွဲ့များက “ပြည်သူ့ ဒီမိုကရေစီတော်လှန်ရေး” (People’s Democratic Revolution) ဟု ခေါ်ဆိုခဲ့ကြသည်။

၁၉၈၈ ခုနှစ် နောက်ပိုင်းတွင် နိုင်ငံတကာ လေ့လာသူအချို့က မြန်မာပြည်တွင်းစစ်များကို “ပြည် တွင်းလက်နက်ကိုင်ပဋိပက္ခ” (Internal Armed Conflict) ဟု သတ်မှတ်ခဲ့ပြီး အချို့သော နိုင်ငံတကာ လေ့လာသူများက ၂၀၀၅ ခုနှစ် နောက်ပိုင်း၊ ယခုခေတ်မြန်မာပြည်တွင်း လက်နက်ကိုင် တိုက်ပွဲများကို “ပြည်တွင်း လုံခြုံရေးစစ်ပွဲ” (Interior Sdecurity War) အဖြစ်သာ သတ်မှတ်ထားကြသည်။

ပြည်တွင်းစစ်ဟုပင် ခေါ်ခေါ်၊ ပြည်တွင်းလုံခြုံရေးစစ်ပွဲဟုပင် ခေါ်ခေါ် ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများ၏ တိုက်ရိုက် အကျိုးဆက်များ၊ ဆင့်ပွားအကျိုးဆက်များ၊ နောက်ဆက်တွဲနှင့် ရေရှည်အကျိုးဆက်များအပေါ် အသေးစိတ် ဖွင့်ဆို ရှင်းပြရန် မလိုအပ်တော့ပါ။

 

ရွေးချယ်စရာလမ်းကြောင်း

မြန်မာနိုင်ငံ၏ တိုင်းရင်းသား လူမျိုးစုများနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအပါအဝင် “အ ရေးသက်ဆိုင်ပါဝင်သူများ”  (Stake Holdes) အနေဖြင့် “ရွေးချယ်ခွင့်” (Options) အနည်းငယ်သာ ကျန်ရှိ တော့သည်။

ပထမလမ်းကြောင်းတစ်ခုက စိတ်ကူးမယဉ်မှု၊ “ပကတိအရှိတရား ၀ါဒ” (Realism)၊ “လက်တွေ့အလုပ် ဖြစ်ရေး အခြေပြုဝါဒ” (Pragmatism)၊ “အမျိုးသားအကျိုးစီးပွား”(National Interest) နှင့်  “ပြည်သူ့ အကျိုးစီးပွား” (People’s Interest) အပေါ်တွင် အခြေခံသည်။မြန်မာနိုင်ငံကို “ငြိမ်းချမ်းရေး”(Peace)၊         “သာယာကြွယ်ဝမှု” (Prosperity) နှင့် “ဖွံ့ဖြိုးရေး” (Development) လမ်းကြောင်းပေါ်တွင် ပြန်လည် တည်ဆောက်ရန် ဖြစ်သည်။ ယင်းလမ်းကြောင်းအတွက် လူကြိုက်နည်းသော၊လူမုန်းများသော၊ခက်ခဲ ခါးသီးသော နိုင်ငံတော် ပြန်လည် စည်းရုံးရေးလုပ်ငန်းများနှင့် နိုင်ငံတော် ပြန်လည်စုစည်းရေး လုပ်ငန်းများကို မလွှဲမရှောင်သာ ရုန်းကန် ကြိုးစားရမည် ဖြစ်သည်။

ဒုတိယလမ်းကြောင်းတစ်ခုက “စိတ်ကူးယဉ်ဝါဒ”  (Idealism) နှင့်   “ဆန္ဒစွဲလမ်းစဉ်များ” (Subjective Ways) အပေါ်တွင် အခြေခံသည်။ “မဖြစ်နိုင်သော ကတိများ” (Unrealistic Promises)၊ “မျှော်လင့်ချက် အတုများ” (False Hopes) နှင့် ပြည်ပ အထူး အင်အားကြီး နိုင်ငံအချို့၏ နိုင်ငံခြားရေး မူဝါဒ အကျိုးစီးပွားများ အပေါ်တွင် အခြေပြုသည်။  “လက် ဝေခံ နိုင်ငံရေး” (Comprador Politics) နှင့် “တစ်ဆင့်ခံ ရုပ်သေးစစ်ပွဲ” (Proxy  War) လမ်းကြောင်းကို ဦးတည်သည်။ မြန်မာနိုင်ငံ၏ အနာဂတ်ကို “အလုံးစုံ ကြေမွပျက်သုဉ်းခြင်း” (Total Devastation) ၊ “သူရှုံး - ငါရှုံး ကစားပွဲရလဒ်” (Lost Lost Game Result) နှင့် “ကျဆုံးနိုင်ငံ” (Failed State) ဖြစ်စေရမည်ဆိုသော၊ လက်တွေ့မဖြစ်နိုင်သော၊ အလွန်အကျွံစိတ်ကူးယဉ် အိပ်မက်များကို တရားသေ အယူသည်းစွာဆုပ် ကိုင်ထားကြသည်။

 

မတူညီသော ဝေဖန်ရေးနှစ်မျိုး

လက်တွေ့ အုပ်စိုးနေသော၊ ပိုမိုအင်အားကြီးသော အုပ်စိုးသူများက မဖြစ်နိုင်သော စိတ်ကူးယဉ် အိပ်မက်များကို ဆုပ်ကိုင်ထားခြင်းကို ဝေဖန်ထောက်ပြရသည်မှာ လွတ်လပ်သော ပညာတတ်များအတွက် ဘာမျှ ခက်ခဲသော ကိစ္စရပ် မဟုတ်ဘဲ လူမှုကွန်ရက်များပေါ်တွင် သေချာပေါက် လူကြိုက်များသော ကိစ္စ ရပ်များ ဖြစ်နေလိမ့်မည်။

သို့သော်လည်း မြန်မာပြည်၏ လူမှုလက်တွေ့က ပြောင်းပြန်ဖြစ် နေသည်။ ပိုမို အင်အားနည်းပါးသော အင်အားစုအချို့ဘက်မှ ဗြောင်ရပ်တည်နေသော လူမှုကွန်ရက် လွှမ်းမိုး သူများက ဘယ်လိုမျှ လက်တွေ့မ ဖြစ်နိုင်သော လမ်းကြောင်းများ၊ ရလဒ်များ၊ အလားအလာများနှင့် ကတိကဝတ်များကို စိတ်လှုပ်ရှားမှု ပြင်းထန်နေသော လူငယ်များ ၊ လူမျိုးရေး လူနည်းစုများနှင့် ဘာသာရေး လူနည်းစုများအပေါ် အဓိက အားပြုကာ ဟောပြော ကတိပေး၍ ဆွဲခေါ်နေကြချိန်တွင် ပိုမို အင်အားနည်းသော အင်အားစုများ၏ မဖြစ် နိုင်သော စိတ်ကူးယဉ် အိပ်မက်များကို အရှိကို အရှိအတိုင်း ၊ အမှန်ကို အမှန်အတိုင်း၊ ပွင့်ပွင့်လင်းလင်း ဝေ ဖန်ထောက်ပြရေး ကိစ္စရပ်များမှာ အလွန်လူကြိုက်နည်းပြီး အလွန် လူမုန်းများသော ကိစ္စရပ်များ ဖြစ်နေသည်။

မည်သို့ပင်ဆိုစေကာမူ ခေတ်သစ် မြန်မာနိုင်ငံ၏ “အာဏာစံအိမ် အစစ်များ” (Real Power Houses) မှ စစ်ဘက်၊ နယ်ဘက် အုပ်ချုပ်သူများ၏ အစဉ်အလာ စွမ်းရည်တစ်ခု ဖြစ်သော နှစ်တို (ငါးနှစ်အောက် ကာလ) တစ်ခုအတွင်း  “အခြေအနေ ထိန်းချုပ်မှုများ ပြန်လည်ထူထောင်ခြင်း အနုပညာ” (The Art of Reestablishing of Situatiionl Control) စွမ်းရည်ကို လျှော့တွက်နေရန် ခိုင်လုံသော အကြောင်းတရားများကို မတွေ့ရှိသေးပါ။

 

လတ်တလော အလားအလာများ           လတ်တလော ပြည်တွင်း နိုင်ငံရေး ဖြစ်စဉ်အတွင်း နစက (SAC) အစိုးရထိပ်တန်း အဆင့်မှ တိုက်ရိုက် တွေ့ဆုံဆွေးနွေးရေးအတွက် မေလ ၉ ရက် နောက်ဆုံးထား အကြောင်း ပြန်ရန် NCA စာချုပ် လက်မှတ်ထိုး ထားသော အဖွဲ့များနှင့် လက်မှတ် မထိုးထားသော အဖွဲ့များအားလုံးကို နောက်ဆုံးအကြိမ်အဖြစ် ကမ်းလှမ်းထားသည်။

ယခု ကမ်းလှမ်းချက်သည် မြန်မာနိုင်ငံအတွင်း တွေ့ဆုံဆွေးနွေးရေးအတွက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအပေါ် မြန်မာ့တပ်မတော်၏ နောက်ဆုံးအပြီးသတ် ကမ်းလှမ်းချက်တစ်ခု ဖြစ်လာနိုင်စရာ အလားအလာများ များစွာ ရှိနေသည်။ ယခုကမ်းလှမ်းချက် နောက်ပိုင်းတွင် မြန်မာစစ်ဘက် ခေါင်းဆောင်များသည် နောင်လာမည့် အနာဂတ် မြန်မာ့သမိုင်းစဉ် တစ်လျှောက်လုံးအတွက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအပေါ် နောက်ထပ်တွေ့ဆုံဆွေးနွေးရေး ကမ်းလှမ်းချက်တစ်ရပ် အသစ် ထပ်မံ ထုတ်ပြန်ခြင်းမျိုး လုံးဝမရှိတော့မည့် ခေတ်ကာလအသစ်တစ်ခု၊ အခြေအနေအသစ်တစ်ခု၊ အ ခင်းအကျင်းအသစ်တစ်ခုသို့ ဦးတည်သွားနိုင်သည်။

မည်သည့်အဖွဲ့က ‌ယခုကမ်းလှမ်းချက်ကို လက်ခံမည် သို့မဟုတ် ငြင်းပယ်မည်ဆိုသော အချက်မှာ နောင်လာမည့် ဆယ်စုနှစ်များအတွက် မြန်မာ့နိုင်ငံရေးမြေပုံ၏ အသေးစိတ်အချက်အလက်များကို ပုံ သွင်းထုဆစ်ပေးမည့် အခြေခံအုတ်မြစ်များ ဖြစ်လာပေလိမ့်မည်။

“မရေရာမှု နိယာမ” (Law  of Uncertainty) အောက်တွင် “ဖြစ်နိုင်ခြေရှိသော အနာဂတ်လမ်းခွဲများ” (Possible Futures)၊ “ဖြစ် တန်ခြေရှိသော အနာဂတ်လမ်းခွဲ များ” (Probable Futures) အကြားတွင် ပိုမို အင်အားနည်းပါးနေသော၊ လူမျိုးရေးလူနည်းစုများနှင့် ဘာသာရေးလူနည်းစုများ၏ အကျိုးစီးပွားများနှင့် ဂုဏ်သိက္ခာများကို ကိုယ်စားပြုခွင့်ရရန် ကြိုးစားအား ထုတ်နေကြသော “နယ်မြေခံ ခေါင်းဆောင်များ” (Local Leaders) နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ (EAOs) ၏ ခေါင်းဆောင်များသည် အလုပ်သဘောအရ မဖြစ်မနေ လိုအပ်နေသော၊ “တွက်ချက်ထားသော စွန့်စားမှုများ” (Calculated Risks) များကို မလွှဲမရှောင်သာ ထပ်မံ ရယူကြရဦးမည်သာ ဖြစ်သည်။

 

Most Read

Most Recent