နေပြည်တော်တွင် ဒေါ်ခင်ကြည်ဖောင်းဒေးရှင်းစီမံကိန်းများအတွက် မြေနေရာရယူမှုအပေါ်အဂတိဖြင့် ဒေါ်အောင်ဆန်းစုကြည်အား တရားစွဲဆိုထားသည့် အမှုသုံးမှုအတွက် တရားလိုပြသက်သေ မြေစာရင်းရုံးမှ တာဝန်ရှိသူတစ်ဦးကို စစ်ဆေး

နေပြည်တော်တွင် ဒေါ်ခင်ကြည်ဖောင်းဒေးရှင်းစီမံကိန်းများအတွက် မြေနေရာရယူမှုအပေါ်အဂတိဖြင့် ဒေါ်အောင်ဆန်းစုကြည်အား တရားစွဲဆိုထားသည့် အမှုသုံးမှုအတွက် တရားလိုပြသက်သေ မြေစာရင်းရုံးမှ တာဝန်ရှိသူတစ်ဦးကို စစ်ဆေး
Published 25 April 2022

နေပြည်တော်တွင် ဒေါ်ခင်ကြည်ဖောင်းဒေးရှင်းစီမံကိန်းများအတွက် မြေနေရာရယူမှုအပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် ဒေါ်အောင်ဆန်းစုကြည်အား တရားစွဲဆိုထားသည့်အမှုသုံးမှုအတွက် တရားလိုပြသက်သေမြေစာရင်းရုံးမှ တာဝန်ရှိသူတစ်ဦးကို စစ်ဆေးခဲ့ကြောင်း အမှုနှင့်ပတ်သက်၍ ထွက်ပေါ်လာသည့် သတင်းများအရ သိရသည်။

နေပြည်တော်ကောင်စီဝန်းအတွင်းရှိ ဇမ္ဗူသီရိအထူးတရားရုံးတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေများဖြင့် တရားစွဲဆိုခြင်းခံထားရသည့် အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည်အား ဧပြီ ၂၅ ရက်က ရုံးထုတ်စစ်ဆေးခဲ့ကြောင်းအမှုနှင့်ပတ်သက်၍ ထွက်ပေါ်လာသည့်သတင်းများအရ သိရသည်။

နေပြည်တော်တွင် လရောင်တောစိုက်ပျိုးသက်မွေးပညာသင်တန်းကျောင်းအဖြစ် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ ဆောင်ရွက်ရန်အတွက် မြေကွက် ၁၀၁ ဒဿမ ၃၃ ဧကအား လျှောက်ထားရယူသည့်ကိစ္စနှင့် ပုဗ္ဗသီရိမြို့နယ်တွင် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက ဆောင်ရွက်မည့် စီမံကိန်းတစ်ခုအတွက် မြေဧရိယာ ၂၃ ဒသမ ၈၅၅ ဧကကို လျှောက်ထားရယူသည့် ကိစ္စနှင့်ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်အား အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲဆိုထားသည့် ရာဇဝတ်ကြီးအမှုအမှတ်(၃)နှင့်  ရာဇဝတ်ကြီးအမှုအမှတ်(၄)တို့နှင့် ပတ်သက်၍ တရားလိုပြသက်သေအဖြစ် နေပြည်တော်မြေစာရင်းရုံးမှ တာဝန်ရှိသူတစ်ဦးကို စစ်ဆေးခဲ့ကြောင်း အမှုနှင့်ပတ်သက်၍ ထွက်ပေါ်လာသည့်သတင်းများအရ သိရသည်။

ထို့ပြင် နေပြည်တော်ရှိ လရောင်တောတွင် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းဥက္ကဋ္ဌဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် နေထိုင်ရန် တစ်ထပ်အဆောက်အအုံအား ဒေါ်ခင်ကြည်ဖောင်ဒေရှင်းသို့ အများပြည်သူလှူဒါန်းငွေများမှ အသုံးပြုတည်ဆောက်သည်ဟုဆိုကာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅/၆၃ ဖြင့် ဒေါ်အောင်ဆန်းစုကြည်အား အရေးယူရန် တင်ပြသည့်ထားသည့် ရာဇဝတ်ကြီး အမှုအမှတ်(၅)နှင့် ပတ်သက်၍လည်း တရားလိုပြသက်သေအဖြစ် မြေစာရင်းရုံးမှ တာဝန်ရှိသူတစ်ဦးကို စစ်ဆေးခဲ့ကြောင်း အမှုနှင့်ပတ်သက်၍ ထွက်ပေါ်လာသည့်သတင်းများအရ သိရသည်။

သို့ရာတွင် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း ရုံးချုပ်ဖွင့်လှစ်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် တက္ကသိုလ်ရိပ်သာလမ်းခြံအမှတ်(၆၀)မှ မြေဧက ၁ ဒသမ ၈၆ ဧကနှင့် အဆောက်အအုံများကို လုပ်ထုံးလုပ်နည်းများနှင့်မညီဘဲ ငှားရမ်းခဲ့သည်ဆိုသောကိစ္စနှင့်ပတ်သက်၍ ​​ဒေါ်အောင်ဆန်းစုကြည်အား အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲဆိုထားသည့် ရာဇဝတ်ကြီးအမှုအမှတ် ၂၅ နှင့်ပတ်သက်၍ စစ်ဆေးခဲ့ခြင်းမရှိကြောင်း  သိရသည်။

ထို့အတူ ဒေါ်အောင်ဆန်းစုကြည်အား ရွှေနှင့် ဒေါ်လာများပေးခဲ့ရသည်ဆိုသော ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်း၏ထွက်ဆိုချက်များအရ အဂတိလိုက်စားမှုတိုက်ဖျက်​​ရေးဥပ​​ဒေပုဒ်မ ၅၅ ဖြင့် ဒေါ်အောင်ဆန်းစုကြည်အပေါ် တရားစွဲဆိုထားသည့်ရာဇဝတ်ကြီးအမှုအမှတ် (၂)နှင့်ပတ်သက်၍ ယနေ့ (ဧပြီ ၂၆ ရက်) ရုံးချိန်းတွင် အပြီးသတ်အမိန့်ချမှတ်မည်ဖြစ်ကြောင်း သိရသည်။

အထက်ပါ အမှုအမှတ်(၂)နှင့်ပတ်သက်၍ ဧပြီ ၁၈ ရက်ရုံးချိန်းတွင် နှစ်ဖက်ရှေ့နေများက အပြီးသတ်လျှောက်လဲချက်ပေးခဲ့ကြပြီး ယနေ့(ဧပြီ ၂၆ ရက်)ရုံးချိန်းတွင် အပြီးသတ်အမိန့်ချမှတ်မည်ဖြစ်ကြောင်း သိရသည်။