၂၀၂၀ ပြည့်နှစ် မေလမှ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလကုန်အထိ တစ်နှစ်နှင့်ရှစ်လကို ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း တည်ဆောက်မှု သို့မဟုတ် ပြင်ဆင်မှုကာလအဖြစ် ထည့်သွင်းရေတွက်ခြင်းမပြုရန် MIC ဆုံးဖြတ်

၂၀၂၀ ပြည့်နှစ် မေလမှ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလကုန်အထိ တစ်နှစ်နှင့်ရှစ်လကို ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း တည်ဆောက်မှု သို့မဟုတ် ပြင်ဆင်မှုကာလအဖြစ် ထည့်သွင်းရေတွက်ခြင်းမပြုရန် MIC ဆုံးဖြတ်
ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ရုံးကို တွေ့ရစဉ်
ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ရုံးကို တွေ့ရစဉ်
Published 21 April 2022

၂၀၂၀ ပြည့်နှစ် မေ ၁ ရက်မှ ၂၀၂၁ ခု နှစ် ဒီဇင်ဘာ ၃၁ ရက်အထိ တစ်နှစ်နှင့်ရှစ်လကို ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း တည်ဆောက်မှု သို့မဟုတ် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းပြင်ဆင်မှုကာလအဖြစ် ထည့်သွင်းရေတွက်ခြင်းမပြုရန် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC)က  ဆုံးဖြတ်ခဲ့ကြောင်း MIC က အသိပေးကြေညာချက် ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် နှင့် တိုင်းဒေသကြီး/ပြည်နယ်ရင်းနှီးမြှုပ်နှံမှု ကော်မတီတို့၏ ခွင့်ပြုမိန့်/အတည်ပြုမိန့်များဖြင့် လုပ်ငန်းဆောင်ရွက်လျက်ရှိသည့် ရင်းနှီးမြှုပ်နှံသူများအနေဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါအခြေအနေများကြောင့် ရင်းနှီး မြှုပ်နှံမှုလုပ်ငန်းတည်ဆောက်မှု သို့မဟုတ် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ပြင်ဆင်မှုကာလအတွင်း လုပ်ငန်းဆောင်ရွက်မှုများနှောင့်နှေး ကြန့်ကြာခဲ့သဖြင့် တည်ဆောက်ရေးကာလ တိုးမြှင့်ခွင့်ပြုပါရန် တင်ပြလာကြသည်။

ကိုဗစ်-၁၉ ကပ်ရောဂါ၏သက်ရောက်မှုကြောင့် အမှန်တကယ်ထိခိုက်နစ်နာခဲ့ရသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအပေါ် ကု စားပေးနိုင်ရန် ရည်ရွယ်၍ ၂၀၂၀ ပြည့်နှစ် မေလ ၁ ရက်မှ ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်အထိ တစ်နှစ်နှင့်ရှစ်လကို ရင်းနှီးမြှုပ်နှံ မှုလုပ်ငန်း တည်ဆောက်မှုသို့မဟုတ် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ပြင်ဆင်မှုကာလအဖြစ် ထည့်သွင်းရေတွက်ခြင်းမပြုရန် ၂၀၂၂ ခုနှစ်  ဇန်နဝါရီ ၁၄ ရက်တွင် ကျင်းပသော မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏(၁/၂၀၂၂) ကြိမ်မြောက်အစည်းအဝေးက ဆုံးဖြတ်ခဲ့ သည်။

သို့ဖြစ်ရာ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်နှင့် တိုင်းဒေသကြီး/ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီတို့၏ ခွင့်ပြုမိန့်/အ တည်ပြုမိန့်ရရှိပြီး တည်ဆောက်ရေး(သို့မဟုတ်) ပြင်ဆင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများအနေဖြင့် အဆို ပါကာလအတွင်း အကျုံးဝင်ပါက ကော်မရှင်သို့ တည်ဆောက်ရေးကာလ ထပ်မံတိုးမြှင့် ခွင့်ပြုရေးတင်ပြရန် မလိုကြောင်းနှင့် ကော်မရှင်အနေဖြင့် တည်ဆောက်ရေးကာလ တွက်ချက်ရာတွင် အဆိုပါကာလကို ထည့်သွင်းရေတွက်ခြင်းမပြုကြောင်း MIC က ကြေညာထားသည်။

ခြောက်လအတွင်း မြန်မာနိုင်ငံအတွင်းသို့ နိုင်ငံအလိုက် နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုဝင်ရောက်မှုအနေဖြင့် စင်ကာပူက ဒေါ်လာ ၂၉၇ သန်းကျော်ဖြင့် အများဆုံးဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန် ကြားမှုဦးစီးဌာနမှ သိရသည်။

၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်(Mini Budget) ခြောက်လအတွင်း နိုင်ငံအလိုက် ဝင်ရောက်မြှုပ်နှံမှုအနေဖြင့် စင်ကာပူက ရင်းနှီး မြှုပ်နှံမှုတိုးမြှင့်ခြင်းအပါအဝင် ဒေါ်လာ ၂၉၇ ဒသမ ၃၄၉ သန်း၊ တရုတ်နိုင်ငံက ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်းအပါအဝင် ဒေါ်လာ ၁၄၂ ဒသမ ၁၃၇ သန်း၊ တိုင်ပေက ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်းအပါအဝင်ဒေါ်လာ ၈ ဒသမ ၆၄၁ သန်း၊ ပြင်သစ်က ဒေါ်လာ ၀ ဒသမ ၄၉၇ သန်း၊ ဟောင်ကောင်က ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်းအပါအဝင် ဒေါ်လာ ၁၀၉ ဒသမ  ၁၄၀ သန်း၊ အိန္ဒိယနိုင်ငံက ဒေါ် လာ ၀ ဒသမ ၅၅၀ သန်း၊ အင်ဒိုနီးရှားနိုင်ငံက ဒေါ်လာ ၅ ဒသမ ၁ သန်း၊ ဂျပန်နိုင်ငံက ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းအပါအဝင် ဒေါ်လာ ၄ ဒသမ ၅၃၀ သန်း၊ မလေးရှားက ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းအပါအဝင် ဒေါ်လာ ၀ ဒသမ ၃၁၂ သန်း၊ R.O.K က ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်းအပါအဝင် ဒေါ်လာ ၆၂ ဒသမ ၆၉၃ သန်း၊ Samoa က ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်းအပါ အဝင် ဒေါ်လာနှစ်သန်း၊ Seychelles က ဒေါ်လာ ၁ ဒသမ ၃၄၃ သန်း၊ ထိုင်းနိုင်ငံက ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်း အပါအဝင်ဒေါ်လာ ခုနစ်သန်း၊ နယ်သာလန်က ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းအပါအဝင် ဒေါ်လာလေးသန်း၊ U.Kက ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းအပါအဝင် ဒေါ်လာ ၀ ဒသမ ၃၃၅ သန်း၊ နီပေါက ဒေါ် လာ ၁ ဒသမ ၅ သန်း ဝင်ရောက်ထားသည်။

 

 

 

Most Read

Most Recent