သထုံဒေသထွက် ရာသီပေါ်နာနတ်သီးများ ခူးဆွတ်၍ စျေးကွက်သို့ စတင်တင်ပို့

သထုံဒေသထွက် ရာသီပေါ်နာနတ်သီးများ ခူးဆွတ်၍ စျေးကွက်သို့ စတင်တင်ပို့
သထုံဒေသရှိ နာနတ်စိုက်ခင်းများကို တွေ့ရစဉ်
သထုံဒေသရှိ နာနတ်စိုက်ခင်းများကို တွေ့ရစဉ်
Published 19 April 2022
ဘိုဘိုမြင့်

မွန်ပြည်နယ် သထုံဒေသထွက် ရာသီပေါ် နာနတ်သီးများ ခူးဆွတ်ကာ စျေးကွက်သို့ စတင်တင်ပို့နေကြောင်း နာနတ်သီးစိုက်တောင်သူများထံမှ သိရသည်။

သထုံမြို့နယ်အတွင်းရှိ ကျေးရွာများ၌ စိုက်ပျိုးသည့်နာနတ်သီးများကို ယခုလဆန်း ပိုင်းမှစတင်ကာ ရန်ကုန်စျေးကွက်သို့ တင်ပို့ရောင်းချနေရကြောင်းနှင့် နာနတ်သီးအသေး၊ အလတ်၊ အကြီးစသည်ဖြင့် အရွယ်အစားအလိုက် ကျပ် ၃၀၀ မှ ကျပ် ၅၀၀ အထိ စျေးရရှိကြောင်းနှင့် လက်ငင်းငွေချေပြီး ရောင်းရသည့်အတွက် ငွေပေါ်ကာ အဆင်ပြေကြောင်း သထုံမြို့နယ် သုဝဏ္ဏဝတီမြို့မှ နာနတ်သီးစိုက် တောင်သူတစ်ဦးဖြစ်သူ ဒေါ်မိနွဲ့က ပြောကြားသည်။

“ဒီအချိန်ကတော့ နာနတ်သီးစခူးလို့ရတဲ့ အခြေအနေမျိုးရှိတယ်။ အဓိကက ရန်ကုန်စျေးကွက်ကိုပဲ ပို့ရတာပေါ့နော်။ အခုလိုအချိန်မှာ ငွေလက်ငင်းရတော့ အဆင်ပြေတယ်လို့ ပြောလို့ရပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

သထုံမြို့နယ်အတွင်း နာနတ်သီးအပင်များအား တောင်ပေါ်ဒေသ တောင်ယာစိုက်ခင်းများအဖြစ်လည်းကောင်း၊ စိုက်ပျိုးစ ရော်ဘာခြံများ၌ ကြားသီးနှံအဖြစ်လည်းကောင်း စိုက်ပျိုးကြလေ့ရှိကြောင်း၊ တစ်ကြိမ်စိုက်ပျိုးထားပါက လေးနှစ်မှ ငါးနှစ်အထိ စီးပွားဖြစ်ရောင်းချနိုင်ကြောင်းနှင့် အရင်းအနှီးနည်းသည့် ရာသီပေါ်သီးနှံဖြစ်သည့်အတွက် ထိုက်သင့်သည့်အကျိုးအမြတ်ရရှိသည့် သီးနှံတစ်မျိုးဖြစ်ကြောင်း နာနတ်သီးစိုက်တောင်သူများ၏ ပြောကြားချက်များအရ သိရသည်။

“ကျွန်တော်နာနတ်သီး စိုက်ပျိုးထားတဲ့ ခြံက ရော်ဘာစစိုက်ထားတဲ့ခြံထဲမှာပါ။ ခြံပိုင်ရှင်ဆီမှာ နာနတ်သီးတောင်းစိုက်ထားတာပါ။ ကျွန်တော်တို့က နာနတ်သီးစိုက်၊ ခြံရှင်း၊ ပေါင်းသင်၊ မြေဆီကျွေးတဲ့အတွက်ကြောင့် ရော်ဘာခြံရှင်တွေအနေနဲ့ကလည်း ခြံရှင်းရတဲ့လုပ်အားခ ကုန်ကျတာမျိုးမရှိတော့သလို ကျွန်တော်တို့အနေနဲ့ကလည်း ရော်ဘာစေးမခြစ်မီ ငါးနှစ်လောက်ကို စိုက်ပျိုးရောင်းစားလို့ရတဲ့အတွက်ကြောင့် မိသားစုစားဝတ်နေရေး အဆင်ပြေတယ်လို့ ပြောလို့ရပါတယ်” ဟု သထုံမြို့နယ် ဝင်းပကျေးရွာမှ နာနတ်သီးစိုက်တောင်သူတစ်ဦးဖြစ်သူ ဦးဖိုးဆိတ်က ပြောကြားသည်။

သထုံမြို့နယ်အတွင်း နာနတ်သီးအပင်များအား စီးပွားဖြစ်စိုက်ပျိုးကြသည့်အပြင် နေအိမ်ခြံဝင်းများအတွင်းတွင်လည်း တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြလေ့ရှိကြောင်းနှင့် သထုံဒေသထွက် နာနတ်သီးများအား ရန်ကုန်စျေးကွက်အပြင် ပဲခူး၊ နေပြည်တော်အစရှိသည့် စျေးကွက်များသို့လည်း တင်ပို့ရောင်းချလေ့ရှိကြောင်း သိရသည်။

Most Read

Most Recent