ယူကရိန်းစစ်ပွဲ သတင်းမှတ်စု

ယူကရိန်းစစ်ပွဲ သတင်းမှတ်စု
 ဧပြီ ၁၇ ရက်က မာရီယူပိုးလ်မြို့တွင် အဆောက်အအုံအပျက်အစီးအနီး လူတစ်ဦး လမ်းလျှောက်သွားစဉ် (Photo:Retuers)
ဧပြီ ၁၇ ရက်က မာရီယူပိုးလ်မြို့တွင် အဆောက်အအုံအပျက်အစီးအနီး လူတစ်ဦး လမ်းလျှောက်သွားစဉ် (Photo:Retuers)
Published 19 April 2022
ဖြိုးဟိန်းကျော်

မာရီယူပိုးလ်မြို့ထဲမှ ယူကရိန်းတပ်ဖွဲ့ဝင်များကို လက်နက်ချရန် ရုရှား ရာဇသံပေး

အကြီးအကျယ် ထိခိုက်ပျက်စီးနေသော ယူကရိန်းအရှေ့တောင်ပိုင်း မာရီယူပိုးလ် ဆိပ်ကမ်းမြို့တွင်း၌  နောက်ဆုံးကျန်ရှိနေသည့် ယူကရိန်းစစ်သားများကို လက်နက်ချအညံ့ခံရန် ရုရှားက ဧပြီ ၁၇ ရက်တွင် ရာဇသံ ပေးလိုက်သည်။ မိမိတို့တပ်ဖွဲ့ဝင်များသည်  အဆိုပါမြို့ကို အလုံးစုံနီးပါး ထိန်းချုပ်ထားနိုင်ပြီဟု ရုရှားအစိုးရက ပြောဆိုထားပြီး ယင်းသည် နှစ်လနီးပါး ကြာမြင့်နေပြီဖြစ်သည့် စစ်ပွဲတွင် ရုရှားအတွက် အကြီးမားဆုံး နယ် မြေသိမ်းယူမှု ဖြစ်လာမည်ဖြစ်သည်။

သို့ရာတွင် နောက်ဆုံးသတ်မှတ်ချိန်ဖြစ်သည့် ဂရင်းနစ်စံတော်ချိန် ၃ နာရီကို နာရီပေါင်းများစွာ ကျော်လွန်လာသည်အထိ ယူကရိန်း တိုက်ခိုက်ရေးသမားများဘက်က အလျှော့ပေးမည့် လက္ခဏာမျိုး မတွေ့ရသေးပေ။ ယူကရိန်း တိုက်ခိုက်ရေးသမားများသည်  အဇော့ဗ်ပင်လယ်ကို အပေါ်စီးမှ လှမ်းမြင်ရသည့် တငွေ့ငွေ့ လောင်ကျွမ်းလျက်ရှိသော Azovstal သံမဏိစက်ရုံထဲတွင် ခိုအောင်း နေရာယူလျက် ရှိသည်။

ယူကရိန်း မြောက်ပိုင်း၌ မဆုတ်မနစ် ခုခံတွန်းလှန်မှုကို ကျော်လွှားနိုင်ခြင်း မရှိသည့်နောက်တွင် ရုရှားစစ်တပ်က ယူကရိန်း အရှေ့ပိုင်း ဒွန်းဘတ်စ်ဒေသတွင် မြေပြင်ထိုးစစ်ဆင်ရန် ပြန်လည်အာရုံစိုက်လာခဲ့ပြီး မြို့တော်ကိယက်ဗ် အပါအ၀င် အခြားနေရာ ဒေသများကိုမူ အဝေးမှ တိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်ခဲ့သည်။

ဒွန်းဘတ်စ်ဒေသ၏ အဓိကဆိပ်ကမ်းမြို့ဖြစ်သော မာရီယူပိုးလ်၏ မြို့ပြဧရိယာတွင် မိမိတို့တပ်ဖွဲ့ဝင်များက နယ်မြေရှင်းလင်း မှုများပြုလုပ်ခဲ့ပြီးဖြစ်သည်ဟု ရုရှားက ဆိုသည်။ ဖေဖော်ဝါရီ ၂၄ ရက်တွင် ရုရှားက စတင်ကျူးကျော်ခဲ့ပြီးနောက်ပိုင်း အဆိုပါ မြို့တွင် တိုက်ပွဲများအပြင်းထန်ဆုံး ဖြစ်ပွားခဲ့ကာ အရပ်သားများ အတိဒုက္ခရောက်မှု အများဆုံးဖြစ်ခဲ့ပြီး ပျက်စီးနေသော လမ်းမများပေါ်တွင် အလောင်းများ ပြန့်ကျဲနေကာ ထောင်နှင့်ချီသည့် မြို့ခံများသည်လည်း မြေအောက် ဗုံးခိုကျင်းများထဲတွင် အလွန်ဆိုး ရွားသည့် အခြေအနေ အောက်၌ ပုန်းအောင်း နေထိုင်ရလျက်ရှိသည်။                                      

ဥရောပ၏ အကြီးမားဆုံး သတ္တုစက်ရုံများထဲတွင် ပါဝင်သော ၎င်းသံမဏိ စက်ရုံသည် အစစအရာရာ အင်အားသာလွန်သော ရန်သူကို ရင်ဆိုင်နေရသည့် မာရီယူပိုးလ်မြို့မှ ခုခံကာကွယ်ရေးသမားများအတွက် နောက်ဆုံးခြေကုပ် ဖြစ်လာခဲ့သည်။

ဝိုင်းရံပိတ်ဆို့ခံ မာရီယူပိုးလ်မြို့ထဲမှ ခုခံနေဆဲဖြစ်သည့် ယူကရိန်း တပ်ဖွဲ့ဝင်များ နှင့် ပြည်ပကြေးစားစစ်သားများအနေဖြင့် လက်နက်ချ အညံ့ခံပါက အသက်ချမ်းသာ ပေးမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်ဟု ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဆိုသည်။ 

တိုက်ပွဲအပြင်းထန်ဆုံးဖြစ်ပွားခဲ့ပြီး အဆိုးရွားဆုံး လူသားချင်းစာနာထောက်ထားမှု အကျပ်အတည်း ဖြစ်ပေါ်ခဲ့ရာ မာရီယူပိုးလ်မြို့၏ မြို့တွင်းဧရိယာများ၌ နယ်မြေရှင်းလင်းမှု လုပ်ဆောင်ခဲ့ပြီးဖြစ်သည်ဟု ရုရှားက အ စောပိုင်းတွင် အခိုင်အမာဆိုထားပြီး ယင်းပြောကြားကို သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးဟု သိရသည်။ 

၎င်းမြို့ရှိ Azovstal သံမဏိစက်ရုံထဲတွင် ပိတ်မိနေသည့် လက်ကျန် တိုက်ခိုက်ရေးသမားများထဲတွင် ယူကရိန်း နိုင်ငံသားများသာမက နိုင်ငံခြားသားများလည်း ပါဝင်နေသည်ဟု ရုရှားအစိုးရက ပြောကြားသည်။

ယင်းစက်ရုံထဲတွင် ကျန်ရှိနေသည့် ခုခံရေးသမားများအနေဖြင့် ဧပြီ ၁၇ ရက် မော်စကို စံတော်ချိန် မနက် ၆ နာရီမှ နေ့လယ် တစ်နာရီအတွင်း လက်နက်ခဲယမ်းများ မပါဘဲ စက်ရုံထဲမှ ထွက်လာရမည်ဟု ရုရှားဘက် က ကမ်းလှမ်းခဲ့သည်။ ယူကရိန်းဘက်ကမူ အဆိုပါ ကမ်းလှမ်းချက်ကို တစ်စုံတစ်ရာ တုံ့ပြန်ခြင်း မရှိသေးပေ။

ရုရှားသည် မာရီယူပိုးလ်မြို့တွင် ရှိနေသူမှန်သမျှကို သုတ်သင်ရန် ရည်ရွယ်ချက်ရှိရှိ ကြိုးပမ်းနေသည်ဟု ယူကရိန်းသမ္မတ ဗိုလို ဒီမီယာ ဇယ်လန်းစကီးက ဧပြီ ၁၆ ရက်တွင် စွပ်စွဲခဲ့ပြီး ၎င်း၏အစိုးရအနေဖြင့် မြို့ကို ခုခံ ကာကွယ်နေသူများနှင့် ဆက်သွယ်ခဲ့သည်ဟုလည်း ၎င်းက ပြောကြားသည်။ သို့ရာတွင် ယူကရိန်းတပ်ဖွဲ့ဝင်များ မြို့ပြဧရိယာများမှ ဆုတ်ခွာသွားပြီဟူသော ရုရှား၏ ပြောကြားချက်ကို တစ်စုံတစ်ရာ ပြောကြားခဲ့ခြင်း မရှိပေ။

အဇော့ဗ် ပင်လယ်ကမ်းခြေတွင် တည်ရှိသော မဟာဗျူဟာအချက်အချာကျသည့် မာရီယူပိုးလ်မြို့သည် စစ်ပွဲ စတင်ဖြစ်ပွားပြီး ကတည်းက ရုရှား၏ ပစ်မှတ်ထားခြင်းကို ခံခဲ့ရသည်။ အဆိုပါမြို့သည် ရုရှားသိမ်းပိုက်ခံ ခရိုင်းမီးယားကျွန်းဆွယ်မှ ယူကရိန်း အနောက်ပိုင်းသို့၊ ဒိုးနက်ဒေသမှ ယူကရိန်း အ ရှေ့ပိုင်းသို့ ဆက်သွယ်ထားသည့် လမ်းကြောင်းပေါ်တွင် တည်ရှိသည်။ ယူကရိန်းအရှေ့ပိုင်းရှိ နေရာအချို့ကို ရုရှားလိုလားသော ခွဲထွက်ရေးသမားများက ၂၀၁၄ ခုနှစ်ကတည်းက ထိန်းချုပ်ထားခဲ့ခြင်းဖြစ်သည်။  

မာရီယူပိုးလ်မြို့ထဲမှ လူပေါင်း ၁၆၈, ၀၀၀ ကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့သည် ဟု ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော်လည်း လူထောင်ပေါင်းများစွာမှာ နှင်ထုတ်ခံရခြင်းဖြစ်သည်ဟု ယူကရိန်း ဘက်က ပြောဆိုထားသည်။

ရုရှားအနေဖြင့် မာရီယူပိုးလ်မြို့ကို အလုံးစုံ သိမ်းယူနိုင်မည်ဆိုလျှင် ခရိုင်းမီးယား ကျွန်းဆွယ်နှင့် ချိတ်ဆက်ရန် အခွင့်အရေး ရသွားမည်ဖြစ်သကဲ့သို့ အဇော့ဗ် ပင်လယ်၏ မြောက်ပိုင်းကမ်းခြေ တစ်ခုလုံးကိုပါ ထိန်းချုပ် နိုင်မည် ဖြစ်သည်။

 

တိုက်ခိုက်မှုများ

လွန်ခဲ့သည့် လေးရက်အတွင်း ယူကရိန်း အရှေ့မြောက်ပိုင်း ခါကိဗ်မြို့၌ လက်နက်ကြီးဖြင့် ပစ်ခတ်ခံရမှုများကြောင့် လူ ၁၈ ဦး သေဆုံးပြီး လူ ၁၀၀ ကျော် ဒဏ်ရာရရှိခဲ့သည်ဟု ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်း စကီးက ဧပြီ ၁၇ ရက် နှောင်းပိုင်းတွင် ပြောကြားခဲ့သည်။

နိုင်ငံအရှေ့မြောက်ပိုင်းရှိ မြို့များကို လက်နက်ကြီးများဖြင့် တိုက်ခိုက်မှုနှင့် နိုင်ငံတောင်ပိုင်းရှိ မာရီယူပိုးလ်မြို့အား ပိတ်ဆို့ ထားမှုအတွက် ရုရှားအား ယူကရိန်း အာဏာပိုင်များက ရှုတ်ချလိုက်သည်။  

 

ဒုံးကျည်ဖြင့် တိုက်ခိုက်ခံရမှုကြောင့် ယူကရိန်းမြို့ ဘရိုဗာရီရှိ အခြေခံအဆောက်အအုံ ထိမှန်ပျက်စီး

ရုရှားတပ်ဖွဲ့ဝင်များသည် ကိယက်ဗ်မြို့ အနီးရှိ လက်နက်ခဲယမ်း စက်ရုံတစ်ရုံကို ဖျက်ဆီးနိုင်ခဲ့ကြောင်း ရုရှားကာကွယ်ရေး ၀န်ကြီးဌာနပြောခွင့်ရ အီဂေါ ကိုနာရှန်ကော့ဗ်က ဆိုသည်။

ဧပြီ ၁၇ ရက် အစောပိုင်းတွင် ဖြစ်ပွားခဲ့သည့် ဒုံးကျည်ဖြင့် တိုက်ခိုက်မှုကြောင့် ကိယက်ဗ်မြို့အနီး ဘရိုဗာရီမြို့ရှိ အခြေခံ အဆောက်အအုံတစ်ခု ပျက်စီးခဲ့သည်ဟု ဘရိုဗာရီ မြို့တော်ဝန် အီဂေါ ဆာပေါ့ဇ်ကိုကလည်း ပြောကြားခဲ့သည်။

ထိခိုက်ပျက်စီးမှုပမာဏနှင့် ဖြစ်နိုင်ခြေရှိသော လူအသေအပျောက် ပမာဏနှင့် အသေးစိတ်ကိုမူ ထုတ်ပြန်ခဲ့ခြင်း မရှိပေ။

 

ပုပ်ရဟန်းမင်းကြီး၏ မေတ္တာရပ်ခံမှု

စိန့်ပီတာရင်ပြင်တွင် မိန့်ခွန်းပြောကြားရာတွင် ပုပ်ရဟန်းမင်းကြီး ဖရန်ဆစ်က ၎င်းစစ်ပွဲကို အီစတာစစ်ပွဲဟု ကြေကွဲဝမ်းနည်းစွာ သုံးနှုန်းခဲ့ပြီး သွေးချောင်းစီးသည့် အခြေအနေကို အဆုံးသတ်ရန် တိုက်တွန်းခဲ့သည်။

“အကြမ်းဖက်မှုနဲ့ ပျက်စီးခြင်းဆီကို ဦးတည်နေတဲ့ ရက်စက်ကြမ်းကြုတ်ပြီး အဆင်ခြင်မဲ့တဲ့ စစ်ပွဲကြောင့် အကြီးအကျယ် ထိခိုက်ပျက်စီးနေတဲ့ ယူကရိန်းမှာ ငြိမ်းချမ်းရေး ဖြစ်ထွန်းပါစေ” ဟု ပုပ်ရဟန်းမင်းကြီးက ဆု တောင်းပေးခဲ့ပြီး ယူကရိန်း စစ်ရှောင်ဒုက္ခသည် လေးသန်းခန့်အား လက်ခံထားသူများကိုလည်း ကျေးဇူးတင်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ထို့ပြင် ယူကရိန်း ပြည်သူများ၏ ငြိမ်းချမ်းရေး တောင်းဆိုသံများကို နားထောင်ကြရန် ခေါင်းဆောင်များကို တိုက်တွန်းခဲ့ပြီး ယူကရိန်းကို စစ်ပွဲထဲသို့ ဆွဲသွင်းခဲ့သည့် ရုရှားကိုလည်း ပုပ်ရဟန်းမင်းကြီးက သွယ်ဝိုက်၍ ဝေဖန်ပြစ်တင်ခဲ့သည်။

 

သံခင်းတမန်ခင်းနှင့် ဒဏ်ခတ်အရေးယူမှုများ

ဥရောပသမဂ္ဂ (အီးယူ) အနေဖြင့် Sberbank ကဲ့သို့သော ရုရှားဘဏ်များကို ဒဏ်ခတ် အရေးယူသွားမည်ဖြစ်ကြောင်းနှင့် ရေနံလုပ်ငန်းကိုပါ ထည့်သွင်းနိုင်မည့် ပါးနပ်လိမ္မာသောနည်းလမ်းများကို ရှာဖွေသွားမည်ဟု ဥရောပကော်မရှင်အကြီးအကဲ အာဆူလာ ဗွန်ဒါလေယန်က ဂျာမန်သတင်းစာ တစ်စောင်ဖြစ်သည့် Bild am Sonntag သို့ ပြောကြားခဲ့သည်။

ဧပြီ ၁၇ ရက် အင်တာဗျူးတွင် အီးယူက ရုရှားအပေါ် ခြောက်ကြိမ်မြောက် ပြုလုပ်မည့် ဒဏ်ခတ်အရေးယူမှု အစီအစဉ်သစ်များ၏ အဓိကအချက်များကို အဆိုပါ သတင်းစာက မေးမြန်းရာတွင် ၎င်းက ယင်းကဲ့သို့ ပြန် လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

“ကျွန်မတို့ဟာ ဘဏ်လုပ်ငန်းကဏ္ဍကို ထပ်မံပစ်မှတ်ထားဖို့ စီစဉ်နေပါတယ်။ အထူးသဖြင့် ရုရှားဘဏ်လုပ်ငန်းရဲ့ ၃၇ ရာခိုင်နှုန်း အထိ ရှိနေတဲ့ Sberbank ကိုလည်း ပစ်မှတ်ထားသွားမှာပါ။ ပြီးတော့ စွမ်းအင်နဲ့ပတ်သက်တဲ့ ကိစ္စရပ်တွေလည်း ရှိပါတယ်” ဟု ဗွန်ဒါလေယန်က ဆိုသည်။

ရုရှား၏ အကြီးဆုံးဘဏ်ဖြစ်သည့် Sberbank သည် Gazprombsnk ကဲ့သို့ပင် ရုရှားရေနံနှင့် သဘာဝဓာတ်ငွေ့တို့ကို ၀ယ်ယူရာတွင် ငွေပေးချေသည့် အဓိကလမ်း ကြောင်းတစ်ခုဖြစ်သည့်အလျောက် အီးယူက ပြီးခဲ့သည့် ဒဏ်ခတ်အရေးယူမှုများထဲတွင် ထည့်သွင်းခဲ့ခြင်း မရှိပေ။ ယူကရိန်းစစ်ပွဲ ဖြစ်ပွားနေသည့်တိုင် အီးယူနိုင်ငံများသည် ရုရှားရေနံနှင့် ဓာတ်ငွေ့တို့ကို ၀ယ်ယူနေဆဲဖြစ်သည်။

အီးယူအနေဖြင့် လာမည့် ဒဏ်ခတ် အရေးယူမှုများတွင် ရုရှား၏ ရေနံလုပ်ငန်းကိုပါ ထည့်သွင်းနိုင်ရန် ပြင်ဆင်နေကြောင်းနှင့် အဓိက ဦးစားပေး လုပ်ငန်းစဉ် မှာ ရုရှားသမ္မတ ဗလာဒီမာပူတင်၏ အခွန်ဘဏ္ဍာများကို လျော့နည်းသွားစေရန် ဖြစ်သည်ဟုလည်း ၎င်းက ပြောကြားခဲ့သည်။ 

Most Read

Most Recent