အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီနှင့် NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ငါးဖွဲ့ တွေ့ဆုံဆွေးနွေး

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီနှင့် NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ငါးဖွဲ့ တွေ့ဆုံဆွေးနွေး
Published 29 March 2022

နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန၌  မတ် ၂၈ ရက်က အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီနှင့် NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ငါးဖွဲ့တို့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့် NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ငါးဖွဲ့မှာ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA)၊ ကရင်အမျိုးသားအစည်းအရုံး/ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်- ငြိမ်းချမ်း ရေးကောင်စီ (KNU/KNLA-PC)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)နှင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) တို့ဖြစ်ကြောင်း သိရသည်။

ရှေးဦးစွာအမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က နိုင်ငံတော်အစိုးရမှ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကို ငြိမ်းချမ်းရေးဖိတ်ခေါ်မှုအခြေအနေ၊ ပဋိပက္ခများလျှော့ချနိုင်ရေး၊ ယုံကြည်မှုတည်ဆောက်ရေး၊ နိုင်ငံရေး ဆွေးနွေးပွဲများ ကျင်းပနိုင်ရေး၊ နယ်မြေတည်ငြိမ်အေးချမ်းရေး၊  ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် လက်ရှိငြိမ်းချမ်းရေး အခြေအနေများကို ရှင်းလင်းပြောကြားသည်။          

ထို့နောက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ကိုယ်စားလှယ်များက တစ်ဖွဲ့ချင်းစီ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ပတ်သက်သည့်သဘောထားများကို အလွတ်သဘော ဆွေးနွေးပြောကြားကြသည်။

ယင်းနောက် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌက ရေရှည်တည်တံ့ ခိုင်မြဲသောငြိမ်းချမ်းရေးရရှိရေးအတွက် အခြေခံလိုအပ်ချက်များနှင့် ဆက်လက်ဆောင်ရွက်သွားမည့် သဘောထားများကို ရှင်းလင်းဆွေးနွေးသည်။

ဆက်လက်၍ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီသည် တက်ရောက်လာကြသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် တစ်ဖွဲ့ချင်းစီ သီးခြားတွေ့ဆုံ၍ လက်ရှိငြိမ်းချမ်းရေးဆိုင်ရာ ဆွေးနွေးဆောင်ရွက်နိုင်မှုများ၊ ဆက်လက်လုပ်ဆောင်မည့်   ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာ ကိစ္စရပ်များ၊ ကျန်းမာရေးနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာကိစ္စများကို ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။ 

တွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန(၁) ပြည်ထောင်စုဝန်ကြီး၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့် ကော်မတီအဖွဲ့ဝင်များ၊ NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်းများဖြစ်သည့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)မှ တွဲဖက်အထွေထွေအတွင်းရေးမှူး ခိုင်အောင်စိုးသန်းနှင့် ဗဟိုကော်မတီဝင် ခိုင်အောင်ဟိန်း၊  ဒီမိုကရေစီ အကျိုးပြုကရင်တပ်မတော်(DKBA)မှ ဒုတိယစစ်ဦးစီးချုပ်အဆင့်ရှိ စောတာ့ခူးနှင့် ဗဟိုဆက်ဆံရေးဌာနမှူး စောကျော်သန်းဌေး၊  ကရင်အမျိုးသားအစည်းအရုံး/ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်- ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)မှ ဒုတိယဥက္ကဋ္ဌ ဒေါက်တာနော်ကပေါ်ထူးနှင့် ဗဟိုကော်မတီဝင် စောအောင်ကောင်းရွှေ၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)မှ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ခွန်မင်းသိန်းနှင့် ဗဟိုကော်မတီဝင် ခွန်ဇွဲထိုရ်၊ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)မှ အတွင်းရေးမှူး(၁) စဝ်စိုင်းငင်းနှင့် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် စဝ်ဆောင်းဟန်တို့ တက်ရောက်ကြသည်။