တရုတ်နိုင်ငံခြားရေးဝန်ကြီး၏ ဖိတ်ကြားချက်အရ ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင် ချစ်ကြည်ရေးခရီး သွားရောက်မည်ဟု နစက ပြောရေးဆိုခွင့်ရှိ ပြောကြား

တရုတ်နိုင်ငံခြားရေးဝန်ကြီး၏ ဖိတ်ကြားချက်အရ ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင် ချစ်ကြည်ရေးခရီး သွားရောက်မည်ဟု နစက ပြောရေးဆိုခွင့်ရှိ ပြောကြား
Published 29 March 2022

တရုတ်နိုင်ငံခြားရေးဝန်ကြီး၏ ဖိတ်ကြားချက်အရ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင် ချစ်ကြည်ရေးခရီး သွားရောက်မည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

“တရုတ်နိုင်ငံခြားရေးဝန်ကြီးက မြန်မာနိုင်ငံခြားရေးဝန်ကြီးကို ဖိတ်ကြားထားတဲ့ဟာ ရောက်လာတယ်။ ဒီပြင် အာဆီယံနိုင်ငံတွေက တချို့နိုင်ငံခြားရေးဝန်ကြီးတွေလည်း ဖိတ်ကြားထားတယ်။ ချစ်ကြည်ရေးခရီးပါပဲ။ ဒါတော့မကြာခင် သွားရောက်ဖြစ်ပါလိမ့်မယ်” ဟု  ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၆ ရက်နှင့်  ၇ ရက်ကလည်း ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး မစ္စတာပရတ်ဆုတ်ခွန်း၏ ဖိတ်ကြားချက်အရ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ အထူးကိုယ်စားလှယ်အဖြစ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်သည် ကမ္ဘောဒီးယားနိုင်ငံသို့ အလုပ်သဘောခရီးစဉ်သွားရောက်ခဲ့သည်။

ဖနောင်ပင်မြို့သို့ ရောက်ရှိနေစဉ်အတွင်း ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၇ ရက် နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် ဆမ်ဒက်ဟွန်ဆင်နှင့် ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး မစ္စတာပရတ်ဆုတ်ခွန်းနှင့် တွေ့ဆုံခဲ့သည်။

ယင်းသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံတို့အကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုနှင့် နှစ်နိုင်ငံဆက်ဆံရေး ပိုမိုတိုးတက်ခိုင်မာစေရေး၊ နှစ်နိုင်ငံအကြား အကျိုးတူပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်အကောင်အထည်ဖော်သွားနိုင်မည့် အလားအလာများနှင့် ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာတို့တွင် နီးကပ်စွာ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားရေးဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ခဲ့ကြသည်။

ယင်းတွေ့ဆုံမှုအတွင်း ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ၏နိုင်ငံခြားရေးမူဝါဒ၊ နောက်ဆုံးဖြစ်ပေါ်တိုးတက်မှုများနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှချမှတ်ထားသည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဦးတည်ချက်များကိုလည်း ရှင်းလင်းပြောကြားခဲ့သည်။

ပြည်ထောင်စုဝန်ကြီးနှင့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၇ ရက်တွင် နေပြည်တော်သို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

 

Most Read

Most Recent