နစကဥက္ကဋ္ဌနှင့် တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစု၏ အငြိမ်းစားတပ်မတော်အရာရှိကြီးများအား ဂါရဝပြုကန်တော့ပွဲသို့ သမ္မတ(ငြိမ်း) ဦးသိန်းစိန် တက်ရောက်

နစကဥက္ကဋ္ဌနှင့် တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစု၏ အငြိမ်းစားတပ်မတော်အရာရှိကြီးများအား ဂါရဝပြုကန်တော့ပွဲသို့ သမ္မတ(ငြိမ်း) ဦးသိန်းစိန် တက်ရောက်
Published 28 March 2022

(၇၇)နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားသို့ တက်ရောက်ခဲ့ကြသည့် တပ်မတော်တွင် တာဝန်ထမ်းဆောင်ခဲ့သည့် အငြိမ်းစားတပ်မတော်အရာရှိကြီးများအား တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများက ဂါရဝပြုကန်တော့သည့်အခမ်းအနားကို မတ် ၂၇ ရက် မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင်၌ ပြုလုပ်ခဲ့ပြီး သမ္မတ(ငြိမ်း)ဖြစ်သူ ဗိုလ်ချုပ်ကြီး သိန်းစိန်(ငြိမ်း) တက်ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါဂါရဝပြုကန်တော့သည့် အခမ်းအနားသို့ အငြိမ်းစားတပ်မတော်အရာရှိကြီး၂၅ ဦးနှင့် ဇနီး ၁၆ ဦးတို့ကန်တော့ခံ တက်ရောက်ကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှတို့ ဦးဆောင်၍ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ)မှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ တက်ရောက်ဂါရဝပြု ကန်တော့ခဲ့ကြောင်း သိရသည်။

ယင်းအခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဂါရဝပြုစကားပြောကြားရာတွင် ယခုကဲ့သို့ (၇၇) နှစ်မြောက်တပ်မတော်နေ့တွင် ဂါရဝပြုကန်တော့ခွင့်ရသည့်အတွက် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း ဦးစွာပြောကြား၍ ခေတ်အဆက်ဆက် တပ်မတော်မှ နိုင်ငံတော်၏တာဝန်များကို အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် ထမ်းဆောင်ခဲ့မှုနှင့်  လက်ဆင့်ကမ်းတာဝန်ထမ်းဆောင်နေမှု အခြေအနေများ၊ ဒီမိုကရေစီလမ်းကြောင်းပေါ်တွင် ခိုင်မာစွာလျှောက်လှမ်းနိုင်ရေး ကြိုးပမ်းဆောင်ရွက်နေမှုအခြေအနေများ၊ ပြည်ထောင်စုမပြိုကွဲရေးအတွက် တပ်မတော်မှ မားမားမတ်မတ် ရပ်တည်ကြိုးပမ်းဆောင်ရွက်နေမှုအခြေအနေများ၊ မလွှဲသာသည့်အခြေအနေတွင် တပ်မတော်မှနိုင်ငံတော်၏ တာဝန်အရပ်ရပ်အား လွှဲပြောင်းတာဝန်ယူခဲ့ရမှုအခြေအနေများ၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ကြိုးပမ်းဆောင်ရွက်လျက်ရှိမှုအခြေအနေများကို ပြောကြားခဲ့ကြောင်း သိရသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီး၊ တက်ရောက်လာကြသည့် တပ်မတော်အရာရှိကြီးများနှင့် ဇနီးများက တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများ ကိုယ်စားအငြိမ်းစားတပ်မတော်အရာရှိကြီးများအား  ဂါရဝပြုကန်တော့ကြပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း)နှင့် ဇနီး၊ တပ်မတော်အရာရှိကြီးများက အငြိမ်းစားတပ်မတော်အရာရှိကြီးများထံ ဂါရဝပြုလက်ဆောင် ပစ္စည်းများကို ပေးအပ်ခဲ့ကြောင်း သိရသည်။

ယင်းနောက် ကန်တော့ခံ အငြိမ်းစားတပ်မတော်အရာရှိကြီးများကိုယ်စား ဗိုလ်ချုပ် သူရစောဖြူ (အငြိမ်းစား)နှင့် ဗိုလ်ချုပ်ကြီးသိန်းစိန် (အငြိမ်းစား)တို့က သြဝါဒစကားများ  ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

အလားတူ (၇၇)နှစ်မြောက်တပ်မတော် နေ့စစ်ရေးပြအခမ်းအနားသို့ တက်ရောက်ခဲ့သည့် လွတ်လပ်ရေးမော်ကွန်းဝင်ပုဂ္ဂိုလ် ဒုတိယအဆင့်နှစ်ဦးနှင့် တတိယအဆင့်သုံးဦး စုစုပေါင်းငါးဦးတို့အား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်းနွယ်တို့က မတ် ၂၇ ရက် မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ လက်ဘက်ရည်ဝိုင်းဖြင့် တည်ခင်းဧည့်ခံ၍ ဂါရဝပြုတွေ့ဆုံခဲ့ကြောင်း သိရသည်။

ထိုသို့တွေ့ဆုံစဉ် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် ဇနီးတို့က လွတ်လပ်ရေးမော်ကွန်းဝင် ပုဂ္ဂိုလ်များ၏ ကျန်းမာရေးအခြေအနေများကို တစ်ဦးချင်း မေးမြန်းအားပေးစကားပြောကြားပြီး အားဖြည့်ငှက်သိုက်များနှင့် ဂါရဝပြုချီးမြှင့်ငွေများကို ကိုယ်တိုင်ကိုယ်ကျ ဂါရဝပြုပေးအပ်ခဲ့ကြောင်း သိရသည်။

 

 

 

 

 

Most Read

Most Recent