လုပ်ကြံသတ်ဖြတ်မှုများ​ကြောင့် ပြည်ခိုင်ဖြိုးပါတီဝင်များနှင့်  ဝန်းရံထောက်ခံသူ ၁၃၂၇ ဦးသေဆုံးခဲ့ပြီး ပါတီရုံး ၃၄ ရုံးနှင့် နေအိမ် ၂၀၂ လုံး ဖျက်ဆီးခံရကြောင်း သိရ

လုပ်ကြံသတ်ဖြတ်မှုများ​ကြောင့် ပြည်ခိုင်ဖြိုးပါတီဝင်များနှင့်  ဝန်းရံထောက်ခံသူ ၁၃၂၇ ဦးသေဆုံးခဲ့ပြီး ပါတီရုံး ၃၄ ရုံးနှင့် နေအိမ် ၂၀၂ လုံး ဖျက်ဆီးခံရကြောင်း သိရ
လုပ်ကြံမှုများကြောင့် သေဆုံးခဲ့သော ပြည်ခိုင်ဖြိုးပါတီဝင်များအတွက် ပါတီရုံးချုပ်တွင် စိုက်ထူထားသည့် ကမ္ပည်းမော်ကွန်းအထိမ်းအမှတ်ကျောက်တိုင်ကို တွေ့ရစဉ်
လုပ်ကြံမှုများကြောင့် သေဆုံးခဲ့သော ပြည်ခိုင်ဖြိုးပါတီဝင်များအတွက် ပါတီရုံးချုပ်တွင် စိုက်ထူထားသည့် ကမ္ပည်းမော်ကွန်းအထိမ်းအမှတ်ကျောက်တိုင်ကို တွေ့ရစဉ်
Published 28 March 2022

လုပ်ကြံသတ်ဖြတ်မှုများ​ကြောင့် ပြည်ခိုင်ဖြိုးပါတီဝင်များနှင့် ဝန်းရံထောက်ခံသူ ၁၃၂၇ ဦး သေဆုံးခဲ့ပြီး ပါတီရုံး ၃၄ ရုံးနှင့် နေအိမ် ၂၀၂ လုံး ဖျက်ဆီးခံခဲ့​ရကြောင်း သိရသည်။

မတ် ၂၆ ရက်က နေပြည်တော်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီဌာနချုပ်တွင် ပြုလုပ်သည့် သတ်ဖြတ်မှုများကြောင့် သေဆုံးခဲ့ရသည့် ပြည်ခိုင်ဖြိုးပါတီဝင်များနှင့် ထောက်ခံသူတို့အတွက် သတိရအောက် မေ့ဂုဏ်ပြုသည့်အနေဖြင့် စိုက်ထူသည့်အထိမ်းအမှတ် ကျောက်တိုင်ဖွင့်ပွဲတွင် ပါတီဥက္ကဋ္ဌဦးသန်း​ဌေးက သေဆုံးသူများစာရင်းကို ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“အာဏာလက်လွတ်ခဲ့ရတဲ့ပါတီဟာ မူလကတည်းက စီစဉ်ထားတဲ့အတိုင်း CRPH၊ NUG အဆင့်ဆင့်ဖွဲ့စည်း၊ PDF များ​ ​မွေးထုတ် လက်နက်ကိုင်​စေပြီး​တော့ အပြစ်မဲ့ပြည်သူများကို အကြမ်းဖက်တိုက်ခိုက်သတ်ဖြတ်​မှု​​တွေ၊ ဖျက်ဆီးမှုကို နိုင်ငံအနှံ့လုပ်ခဲ့ကြတဲ့အတွက် ဒီလုပ်ရပ်​​တွေကြောင့် ဒီက​နေ့အထိ ပါတီဝင်​တွေနဲ့ ဝန်းရံထောက်ခံသူ ​သေဆုံး ၁၃၂၇ ဦး၊ ပါတီရုံး ဖျက်ဆီးခံရတာ ၃၄ လုံး၊ ​နေအိမ်​တွေ မီးရှို့ဖျက်ဆီးခံရတာ ၂၀၂ လုံး၊ အခြား​ဒေသများသို့ တိမ်း​ရှောင်​နေကြရတာ ၆၀၅ ဦးရှိခဲ့ပါပြီ။ ပါတီဌာနချုပ်အ​နေနဲ့လည်း ​သေဆုံး၊ ထိခိုက်ဒဏ်ရာရ၊ ဥစ္စာပစ္စည်း ဖျက်ဆီးခံရတာ​တွေနဲ့ပတ်သက်ပြီး သင့်တင်တဲ့​ငွေ​ကြေး​ထောက်ပံ့မှုများ ​ဆောင်ရွက်​ပေးခဲ့တာဆိုရင် ယ​နေ့အထိ စာရင်းချုပ်အ​နေနဲ့ ကျပ်သိန်း​ပေါင်း ၅၅၀၀ ​ကျော်ရှိပြီဖြစ်ပါတယ်” ဟု ဦးသန်း​ဌေးက ​ပြောကြားသည်။

ကွယ်လွန်သွားကြသူများ၏ အသက်ကို အချိန်မီမကယ်တင် မကာကွယ်နိုင်ခဲ့သော်လည်း ယင်းဖြစ်ရပ်ဆိုးများကို ဖန်တီးသူများ၊ ဖန်တီးသည့်ပါတီများနှင့် ဖန်တီးသည့်အကျင့်စရိုက်များ အနာဂတ်မြန်မာ့မြေပေါ်တွင် မကျန်ရစ်​စေရန် မိမိတို့အ​နေဖြင့်ကြိုးပမ်းမည်ဖြစ်​ကြောင်း ဦးသန်း​ဌေးက ​ပြောကြားသည်။

ဦးသန်း​​ဌေးက “ဥပဒေပိုတန်ဖိုးထားလေးစားလိုက်တဲ့လူမှုပတ်ဝန်းကျင်ကို ထူထောင်မယ်ဆိုရင်တော့ သွေးစွန်းနေတဲ့ နိုင်ငံရေးပါတီ၊ နိုင်ငံရေးသမားအမည်ခံ အကြမ်းဖက်သမားများအတွက် လူကောင်းသူကောင်းတွေနဲ့ တန်းတူနေရာပေးဖို့မဖြစ်နိုင်ပါဘူး” ဟု ပြောကြားသည်။

သတ်ဖြတ်မှုများကြောင့် ကျဆုံးကွယ်လွန်သွားကြသည့် လုပ်ဖော်ကိုင်ဖက်၊ ရဲဘော်ရဲဘက်များ၏ ၀ိညာဉ်များကို တိုင်တည်၍ ကတိသစ္စာပြုနိုင်မည့် အထိမ်းအမှတ်တစ်ခု ဖန်တီးရန်အတွက် ပါတီဗဟိုအလုပ်အမှု ဆောင်အဖွဲ့က ဆုံးဖြတ်ခဲ့ကြောင်းနှင့် အထိမ်းအမှတ်ကျောက်တိုင်တွင် ကျဆုံးကွယ်လွန်သွားကြသူများ၏ အမည်စာရင်း၊ နေရပ်၊ ကွယ်လွန်သည့် နေ့စွဲများကိုလည်း ကြေးပြားပေါ်တွင် မှတ်တမ်းပြုထားကြောင်းလည်း ဦးသန်းဌေးက ပြောကြားသည်။

“ပါတီဝင်တွေ၊ ပါတီထောက်ခံသူတွေရဲ့ အသက်နဲ့ရင်းခဲ့ရတဲ့ တန်ဖိုးကြီးမားလှတဲ့ ကျွန်တော်တို့ရဲ့ သန္နိဋ္ဌာန်ကိုတော့ ယခုစိုက်ထူလိုက်တဲ့ ကျောက်တိုင်မှာ ကျောက်ထက် အက္ခရာတင် ကမ္ပည်းထိုးထားလိုက်ပါတယ်” ဟု ဦးသန်းဌေးက ပြောကြားသည်။

မကြာသောကာလတွင် စည်းကမ်းရှိသည့်၊ တရားဥပဒေကို လေးစားလိုက်နာသည့် လူယဉ်ကျေးများ၏ လူအဖွဲ့အစည်းဖြစ်ရန်၊ ပိုမိုတောက်ပသည့် အနာဂတ်ကို ပိုင်ဆိုင်နိုင်ရန် ကတိပြုကြောင်းနှင့်  ပြည်ခိုင်ဖြိုးပါတီဝင်များ၊ အားပေးဝန်းရံကြသူများအားလုံးကလည်း တည်ငြိမ်အေးချမ်းမှု၊ တိုးတက်ကြီးပွားမှုကို လိုလားသည့် ပြည်သူများနှင့်အတူ ညီညွတ်မှု၊ ခိုင်မာသည့် သန္နိဋ္ဌာန်စိတ်များနှင့်  ကြိုးပမ်းကြရန် တိုက်တွန်းနှိုးဆော်ကြောင်းလည်း ဦးသန်းဌေးက ပြောကြားခဲ့သည်။

Most Read

Most Recent