ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ကချင်အမျိုးသားကွန်ဂရက်ပါတီ (KNC) ဥက္ကဋ္ဌ ဒေါက်တာအမ်ကောန်လကို ပုဒ်မ ၅၀၅ (က)ဖြင့် ထောင်ဒဏ်နှစ်နှစ် ချမှတ်

ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ကချင်အမျိုးသားကွန်ဂရက်ပါတီ (KNC) ဥက္ကဋ္ဌ ဒေါက်တာအမ်ကောန်လကို ပုဒ်မ ၅၀၅ (က)ဖြင့် ထောင်ဒဏ်နှစ်နှစ် ချမှတ်
Published 23 March 2022

ဖမ်းဆီးထိန်းသိမ်းခံထားရသည့်  ကချင်အမျိုးသားကွန်ဂရက်ပါတီ (KNC) ဥက္ကဋ္ဌ ဒေါက်တာအမ်ကောန်လကို ပုဒ်မ ၅၀၅ (က)ဖြင့် ထောင်ဒဏ်နှစ်နှစ် ချမှတ်လိုက်ကြောင်း  ကချင်အမျိုးသားကွန်ဂရက်ပါတီ (KNC) က မတ် ၂၃ ရက်က သတင်းထုတ်ပြန်သည်။

နေပြည်တော် ဇဗ္ဗူသီရိမြို့နယ်တရားရုံး၌  ပုဒ်မ ၅၀၅ (က)အမှုအတွက် မတ် ၂၃ ရက်တွင် ရုံးထုတ်စစ်ဆေးခဲ့ပြီး ထောင်ဒဏ်နှစ်နှစ် ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း ကချင်အမျိုးသားကွန်ဂရက်ပါတီ (KNC) က ထုတ်ပြန်သည်။

၂၀၂၁ ခုနှစ် သြဂုတ် ၂၅ ရက် ညနေပိုင်းတွင် ကချင်အမျိုးသားကွန်ဂရက်ပါတီ (KNC) ဥက္ကဋ္ဌ ဒေါက်တာအမ်ကောန်လအနေဖြင့် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရကြောင်း ကချင်အမျိုးသားကွန်ဂရက်ပါတီ (KNC) ၏ ထုတ်ပြန်ချက်အရ သိရသည်။

ထိုသို့ဖမ်းဆီးထိန်းသိမ်းရာတွင် မည်သည့်အကြောင်းအရာကို အခြေတည်၍ ဖမ်းဆီးသည်ဟု မသိရဘဲ ပုဒ်မ ၅၀၅ (က) ဖြင့် ဖမ်းဆီးသည်ဟုသာ သိရှိရကြောင်း  KNC ပါတီ၏ ၂၀၂၁ ခုနှစ် စက်တင်ဘာ ၈ ရက်က ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ယင်းသို့ ဖမ်းဆီးထိန်းသိမ်းခံထားရသည့်  ကချင်အမျိုးသားကွန်ဂရက်ပါတီ (KNC ) ဥက္ကဋ္ဌ ဒေါက်တာအမ်ကောန်လကို နေပြည်တော် ဇဗ္ဗူသီရိမြို့နယ်တရားရုံး၌ ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၃၀ ရက်တွင် စတင်ရုံးထုတ်စစ်ဆေးခဲ့ကြောင်း KNC ပါတီ၏ ထုတ်ပြန်ချက်အရ သိရသည်။

၂၀၂၂ ခုနှစ် မတ် ၁၇ ရက်နှင့် ၁၈ ရက်တို့တွင် ကချင်အမျိုးသားကွန်ဂရက်ပါတီ (KNC ) ဥက္ကဋ္ဌ ဒေါက်တာအမ်ကောန်လကို ရုံးထုတ်ခဲ့ပြီး သက်သေလေးဦးကို အပြီးသတ်စစ်ဆေးခဲ့ကြောင်း  KNC ပါတီ၏ ထုတ်ပြန်ချက်အရ သိရသည်။

ထိုသို့စစ်ဆေးပြီးနောက် ပုဒ်မ ၅၀၅ (က)ဖြင့် တရားစွဲဆိုထားသည့် အမှုအတွက် အပြီးသတ်စီရင်ချက်ကို မတ် ၂၂ ရက်တွင် ချမှတ်မည်ဟု သတ်မှတ်ခဲ့သော်လည်း မတ် ၂၃ ရက်သို့ ပြောင်းလဲသတ်မှတ်ခဲ့ကြောင်း KNC ပါတီ၏ ထုတ်ပြန်ချက်အရ သိရသည်။                    

ဖမ်းဆီးထိန်းသိမ်းမခံရမီ KNC ပါတီဥက္ကဋ္ဌ ဒေါက်တာအမ်ကောန်လအနေဖြင့် ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် နိုင်ငံရေးဆောင်းပါးများ၊ နိုင်ငံရေးသုံးသပ်ချက်များကို ရေးသားလျက်ရှိပြီး သတင်းမီဒီယာများနှင့် တွေ့ဆုံဆွေးနွေးပွဲများတွင်လည်း ၎င်း၏ နိုင်ငံရေးအတွေးအမြင်များကို ရဲရဲတင်းတင်း ဝေဖန်ထောက်ပြခဲ့သူတစ်ဦးလည်းဖြစ်ကြောင်း အမျိုးသားကွန်ဂရက်ပါတီ (KNC) က ထုတ်ပြန်ထားသည်။

ထို့ပြင် ကချင်ပြည်သူ့နိုင်ငံရေးရှေ့ဆောင် (KPPF) ကို ထူထောင်၍ ကချင်ပြည်နယ်၏ မူဝါဒဆိုင်ရာများကို ရေးသားဖြန့်ဝေတင်သွင်းခဲ့သူဖြစ်သလို နစက၏ ဖိတ်ခေါ်မှု၊ အစည်းအဝေးတက်ရောက်ရန် ဖိတ်ကြားမှုတို့ကိုလည်း အကြိမ်ကြိမ်အခါခါ ငြင်းဆန်ပယ်ချခဲ့သူဖြစ်ကြောင်း အမျိုးသားကွန်ဂရက်ပါတီ (KNC ) က ထုတ်ပြန်ထားသည်။

Most Read

Most Recent