ရုရှား-ယူကရိန်းစစ်ပွဲ တတိယသီတင်းပတ်မှတ်စု - ၂

ရုရှား-ယူကရိန်းစစ်ပွဲ တတိယသီတင်းပတ်မှတ်စု - ၂
မတ် ၁၆ ရက်က ယူကရိန်းနိုင်ငံ ချာနီဟစ်မြို့ အရှေ့မြောက်ပိုင်း လူနေရပ်ကွက်တစ်ခု၌ အဆောက်အအုံများ မီးလောင်ကျွမ်းနေပုံကို ဂြိုဟ်တုမှတစ်ဆင့် တွေ့မြင်ရစဉ် (Photo-AP)
မတ် ၁၆ ရက်က ယူကရိန်းနိုင်ငံ ချာနီဟစ်မြို့ အရှေ့မြောက်ပိုင်း လူနေရပ်ကွက်တစ်ခု၌ အဆောက်အအုံများ မီးလောင်ကျွမ်းနေပုံကို ဂြိုဟ်တုမှတစ်ဆင့် တွေ့မြင်ရစဉ် (Photo-AP)
Published 22 March 2022
မိုးဧအောင်

နိုင်ငံတကာငွေကြေးရံပုံငွေအဖွဲ့ (IMF) သည် ယူကရိန်းနိုင်ငံ၏တောင်းဆိုချက်အရ မတ် ၉ ရက်တွင် အရေးပေါ်ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၁.၄ သန်း ထောက်ပ့ံရန် အတည်ပြုခဲ့သည်။ IMF က ယူကရိန်းသို့ ရုရှားကျူးကျော်မှုကြောင့် ပြင်းထန်သော စီးပွားရေးကျဆင်းမှုဆီ ထိုးစိုက်ဆင်းနိုင်ကြောင်း၊ စစ်ပွဲကို အမြန်ဆုံးရပ်တန့်နိုင်သည့်တိုင် ယခုနှစ်အတွင်း ထုတ်ကုန် ၁၀ ရာခိုင်နှုန်းကျဆင်းသွားမည်ဖြစ်ကြောင်း၊ မတ် ၁ ရက်အထိ ယူကရိန်းသည် နိုင်ငံခြားအရန်ငွေ အမေရိကန်ဒေါ်လာ ၂၇.၅ ဘီလျံကို ထိန်းသိမ်းထားနိုင်သော်လည်း ယခင်အီရတ်၊ လက်ဘနွန်၊ ဆီးရီးယားနှင့် ယီမင်စစ်ပွဲအတွေ့အကြုံများအရ GDP ကျဆင်းမှုသည် ၂၅ မှ ၃၅ ရာခိုင်နှုန်းအတွင်း ရောက်ရှိသွားနိုင်ကြောင်း ခန့်မှန်းခဲ့၏။

ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) က စစ်ပွဲသည် ၂၀၂၃ ခုနှစ်အထိ ဆက်လက်ဖြစ်ပွားနေပါက ယူကရိန်းပြည်သူ ရာခိုင်နှုန်း  ၉၀ မှာ ဆင်းရဲနွမ်းပါးမှု မျဉ်းမှတ်အောက်သို့ ရောက်ရှိသွားနိုင်သည်ဟု မတ် ၁၆ ရက်၌ သတိပေးခဲ့သည်။ ယူကရိန်းအာဏာပိုင်များ ၏ ပြောကြားချက်အရ စစ်ကြောင့် ပျက်စီးဆုံးရှုံးခဲ့ရသော အခြေခံအဆောက်အအုံတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၀၀ ဘီလျံခန့်ရှိခဲ့ပြီး ပြည်တွင်းစီးပွားရေးလုပ်ငန်းများ၏ ရာခိုင်နှုန်း ၅၀ မှာ ရပ်နားထားကြောင်း သိရသည်။

ယူကရိန်းသမ္မတ၏ လှုပ်ရှားမှုများ

မတ် ၈ ရက်၊ ဗြိတိန်အောက်လွှတ်တော်ဗီဒီယိုမိန့်ခွန်းတွင် ယူကရိန်းသမ္မတ ဇယ်လန်းစကီးက ရုရှားကို အရေးယူပိတ်ဆို့ပြီး အကြမ်းဖက်နိုင်ငံအဖြစ် သတ်မှတ်ရန်၊ ယူကရိန်း၌ လေယာဉ်မပျံသန်းရဇုန် သတ်မှတ်ပေးရန်နှင့် မိမိတို့သည်ရန်သူ့အပေါ် အရေးနိမ့်ခံမည်မဟုတ်သကဲ့သို့ လက်နက်ချအည့ံခံမည်လည်းမဟုတ်ကြောင်း ပြောကြားခဲ့သည်။

ရုရှား-ယူကရိန်းပဋိပက္ခအတွက် ကြားဝင်စေ့စပ်နေသူ နောက်ထပ်ခေါင်းဆောင်တစ်ဦးဖြစ်သော အစ္စရေးဝန်ကြီးချုပ် နက်ဖ်တလီဘင်းနက်သည် ကရင်မလင်သို့ မတ် ၅ ရက်ကပင် သွားရောက်ခဲ့သည်။ ယခုစစ်ပွဲ၏ တတိယသီတင်းပတ်အတွင်း ယူကရိန်းသမ္မတ ဇယ်လန်းစကီးက “ကျွန်တော်တို့ အစ္စရေးဝန်ကြီးချုပ်နဲ့ စကားပြောပြီးပြီ။ ဆွေးနွေးပွဲတွေကို ရုရှားနဲ့ ဘီလာရုစ်မှာမလုပ်ဘဲ ထိပ်သီးခေါင်းဆောင်တွေရဲ့အစည်းအဝေးကို ဂျေရုစလင်မှာလုပ်နိုင်မယ်လို့ ကျွန်တော်ယူဆပါတယ်” ဟု သတင်းစာရှင်းလင်းပွဲ၌ ပြောဆိုခဲ့သည်။

မတ် ၁၅ ရက် နံနက်အစောပိုင်းတွင် ကိယက်ဗ်၌ ကျယ်လောင်သောပေါက်ကွဲသံ သုံးကြိမ်ကြားရပြီးနောက် သမ္မတဇယ်လန်းစကီးက “စစ်ပွဲဆင်နွှဲရုံနဲ့ ဘာမှမရနိုင်ဘူးဆိုတာကို ရုရှားတွေသဘောပေါက်စပြုလာပါပြီ” ဟု ဗီဒီယိုမိန့်ခွန်း၌ ပြောကြားခဲ့သည်။

ယူကရိန်းသမ္မတသည် အမေရိကန်အောက်လွှတ်တော်သို့ ဗီဒီယိုမိန့်ခွန်းပြောကြားခဲ့ပြီး နာရီပိုင်းအတွင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ယူကရိန်းသို့ ဒေါ်လာသန်း ၈၀၀ တန်ကြေးရှိ လုံခြုံရေးထောက်ပ့ံမှု အစီအစဉ်တစ်ရပ် ထုတ်ပြန်ကြေညာမည်ဖြစ်ကြောင်း အိမ်ဖြူတော်က ပြောကြားခဲ့သည်။

တွေ့ဆုံဆွေးနွေးပွဲများနှင့် နိုင်ငံတကာပဲ့တင်သံများ

အမေရိကန်သမ္မတဂျိုးဘိုင်ဒင်က NATO အနေနှင့် အဖွဲ့ဝင်နိုင်ငံများ၏ နယ်နိမိတ်ကို ပြတ်ပြတ်သားသားကာကွယ်မည်ဖြစ်သော်လည်း ယူကရိန်း၌ ရုရှားနှင့် တိုက်ရိုက်တွေ့ဆုံမည်မဟုတ်ကြောင်း၊ ယူကရိန်းအတွက် ဝင်တိုက်ပေး၍စစ်ရေးအရ တိုက်ရိုက်ထိတွေ့ခြင်းသည် မိမိတို့တားဆီးရန် ကြိုးစားခဲ့သော တတိယကမ္ဘာစစ် ဖြစ်သွားနိုင်ကြောင်း ပြောကြားခဲ့သည်။

တရုတ်သမ္မတ ရှီကျင့်ဖျင်သည် ပြင်သစ်သမ္မတ မက်ခရွန်၊ ဂျာမန်ဝန်ကြီးချုပ် အိုလက်ဖ်ရှော့ဇ်တို့နှင့် အွန်လိုင်းဗီဒီယိုဆက်သွယ်မှုပြုကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အလွန်မတန်ဆိုးရွားသော အကျပ်အတည်းကို ဟန့်တားနိုင်စေရေးအတွက် ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ကြရန် ရုရှား-ယူကရိန်း နှစ်ဖက်စလုံးအခက်အခဲများ ကျော်လွှားလျက်ရလဒ်များပေါ်ထွက်ချိန်အထိ ဆွေးနွေးညှိနှိုင်းမှုအရှိန်အဟုန်ကို ဆက်လက်ထိန်းသိမ်းသွားစေလိုကြောင်း ပြောခဲ့သည်။

စစ်ပွဲစတင်ချိန်မှစ၍ရုရှား-ယူကရိန်းအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့များ မျက်နှာချင်းဆိုင်တွေ့ဆုံဆွေးနွေးပွဲများကို ဘီလာရုစ်နိုင်ငံ၌ စစ်ပွဲနှစ်ပတ်ကြာကာလအတွင်း သုံးကြိမ်တွေ့ဆုံဆွေးနွေးခဲ့ကြပြီးဖြစ်သည်။ မတ် ၁ဝရက်၌ တူရကီနိုင်ငံတောင်ပိုင်း အန်တာလျာတွင် ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလက်ဗ်ရော့၊ ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး ဒီမီထရိုကူလီဘာတို့သည် တူရကီနိုင်ငံခြားရေးဝန်ကြီး မင်ဗ်လုကာဗူဆိုလူ၏ ရှေ့မှောက်၌ မိနစ် ၉၀ ကြာတွေ့ဆုံဆွေးနွေးခဲ့သည်။ ယူကရိန်းဘက်က ၂၄ နာရီကြာအပစ်အခတ်ရပ်စဲရေးကို တောင်းဆိုခဲ့ပြီး လက်နက်ချမည်မဟုတ်ကြောင်း ထပ်မံအတည်ပြုခဲ့သလို၊ ရုရှားဘက်ကလည်း သမ္မတပူတင်အနေနှင့် သမ္မတ ဇယ်လန်းစကီးနှင့်တွေ့ဆုံဆွေးနွေးရန် “အထူးကိစ္စတစ်ရပ်အဖြစ်” ငြင်းပယ်မည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။ တွေ့ဆုံပွဲမှ တိုးတက်မှုရလဒ်တစ်စုံတစ်ရာ ထွက်ပေါ်ခဲ့ခြင်းမရှိသော်လည်း ဆက်လက်ဆွေးနွေးမှုများအတွက် လမ်းဖွင့်ပေးထားခဲ့သည်။

မတ်လ ၁၄ ရက်၌ ရုရှား-ယူကရိန်းအဆင့်မြင့်အရာရှိများ၏ ဆွေးနွေးပွဲပထမနေ့ကို ကျင်းပနိုင်ခဲ့သည်။ ဒုတိယနေ့၊ မတ်လ ၁၅ ရက် ရုရှားနှင့်ဆွေးနွေးပွဲမှာ အလွန်မတန်အကြိတ်အနယ်ရှိသော်လည်း သဘောတူ ညီချက်ရရှိရန် အခြေအနေကောင်းမျိုးရှိခဲ့ကြောင်း၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲများ၏ နှစ်ဦးနှစ်ဖက်ရပ်တည်ချက်များမှာ လက်တွေ့ပိုဆန်လာကြောင်း သမ္မတဇယ်လန်းစကီးက ပြောကြားခဲ့သည်။

၁၉၉၀ ပြည့်လွန်နှစ်များအတွင်း ကွန်မြူနစ်အစိုးရများ အာဏာလက်မဲ့ဖြစ်သွားချိန်နှင့် မရှေးမနှောင်းဆိုသလို အရှေ့ဥရောပ၌ ယူဂိုဆလားဗီးယားကဲ့သို့ နိုင်ငံကြီးများ ပြိုကွဲသွားရသည်။ ထိုအချိန်က NATO စစ်အုပ်စုသည် ခေါင်းစဉ်အမျိုးမျိုးတပ်ကာ အဆိုပါပွဲများအတွင်း မိမိတို့အလွမ်းသင့်ရာအုပ်စုများ ဘက်ကနေ၍ ကျူးကျော်စစ်ဆင်မှုများ ဝင်ရောက်ပြုလုပ်ခဲ့၏။

ယခုရုရှား-ယူကရိန်းဖြစ်ရပ်တွင်လည်း “ယူဂိုဆလားဗီးယားတွင် ဖြစ်ပွားခဲ့သည့် စစ်ရာဇဝတ်မှုများအတွက် တာဝန်ယူရန် NATO အုပ်စုအား တောင်းဆိုခဲ့ခြင်းမရှိသူများသည် ယူကရိန်းအရေးနှင့်ပတ်သက်၍ ဝေဖန်ပြောဆိုခွင့်မရှိ” ဟု ဆားဘီးယားပြည်ထဲရေးဝန်ကြီး အလက်ဇန္ဒားဗူလင်က ပြောကြားခဲ့သည်။

မတ်လ ၁၁ ရက်၊ တရုတ်နှစ်ပတ်လည် လွှတ်တော်အစည်းအဝေးနောက်ဆုံးနေ့၌ တရုတ်ဝန်ကြီးချုပ် လီခယ်ကျင်းက ရုရှားကို ချမှတ်ခဲ့သည့် အနောက်အုပ်စု၏ပိတ်ဆို့မှုများကို ဆန့်ကျင်ကြောင်း၊ ယူကရိန်းပဋိပက္ခသည် ဝမ်းနည်းဖွယ်ကောင်းပြီး ဆွေးနွေးညှိနှိုင်းမှုဖြင့် အဖြေရှာရန် ပြောကြားခဲ့သည်။

 

ဆလိုဗက်ကီးယားနိုင်ငံအတွင်း သူလျှိုလုပ်မှုသံသယဖြင့် ရုရှားသံတမန်သုံးဦးကို နှင်ထုတ်ရန် ဆုံးဖြတ်ခဲ့သည်။ သံရုံးဝန်ထမ်း သုံးဦးကို ၇၂ နာရီအတွင်း နိုင်ငံတွင်းမှထွက်ခွာရန်၊ ကျန်သံတမန်များ ဗီယင်နာလုပ်ထုံးနှင့် အညီသံတမန်တာဝန်များကို ဆက်လက်ထမ်းဆောင်ရန် ဆလိုဗက်ကီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက မတ်လ ၁၄ ရက်၌ ထုတ်ပြန်ခဲ့သည်။

ရုရှားနိုင်ငံသား ၁၇ ဦး၏ ပိုင်ဆိုင်မှုများကို ပိတ်ပင်ထိန်းချုပ်ရန် တိုကျိုက ဆုံးဖြတ်ခဲ့ပြီးနောက် မတ်လ ၁၅ ရက်အထိ ဂျပန်အစိုးရ၏ ပစ်မှတ်ထားဒဏ်ခတ်ခံရသူ ရုရှားနိုင်ငံသား ၆၁ ဦးရှိလာခဲ့ပြီဖြစ်သည်။ ပိတ်ဆို့ခံရသူများစာရင်းတွင် ရုရှားဘီလျံနာဗက်ဆယ်ဘာ့၊ ဘဏ်သူဌေးယူရီကိုဘာချော့နှင့် မိသားစုဝင် ငါးဦး၊ ဒူးမားလွှတ်တော်အမတ် ၁၁ ဦး ပါဝင်ခဲ့သည်။

၁၉၉၆ ခုနှစ်တွင် ရုရှားဝင်ရောက်ခဲ့သော ဥရောပကောင်စီအတွင်း ယူကရိန်းကို ကျူးကျော်မှုနှင့်ပတ်သက်ပြီး ဝေဖန်မှုများ၊ ရုရှားကို ထုတ်ပယ်ရန် ဖိအားပေးမှုများ မြင့်တက်လာပြီးနောက် ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက Ruxit ခေါ် “ဥရောပကောင်စီမှ ရုရှားနုတ်ထွက်ခြင်း” အား ဆောင်ရွက်လျက်ရှိကြောင်း မတ်လ ၁၅ ရက်၌ ပြောကြားခဲ့သည်။

အမေရိကန်၊ NATO နှင့် အနောက်အုပ်စု၏လက်နက်ပ့ံပိုးမှုများ

စစ်စတင်ခဲ့သော ပထမသီတင်းပတ်ကပင် ပိုလန်နိုင်ငံက ယူကရိန်းကို MIG-29 တိုက်လေယာဉ်များ ထောက်ပ့ံမည်ဟု သတင်းထွက်ပေါ်ခဲ့သည်။ သို့သော်ပိုလန်သည် ထိုထောက်ပ့ံမှုကို တိုက်ရိုက်ပြုပါက ရုရှားကို ယူကရိန်းက ခုခံတိုက်ခိုက်လျက်ရှိသော စစ်ပွဲအတွင်း ဝင်ရောက်ဆင်နွှဲမည့် ပထမဆုံးပြင်ပနိုင်ငံဖြစ်သွားလိမ့်မည်။ ထို့ကြောင့်အကူအညီကို တိုက်ရိုက်မပေးဘဲ အမေရိကန်ပြည်ထောင်စုနှင့် NATO အဖွဲ့အား “ကြားခံ” အဖြစ် သုံးစွဲရန် ကြံစည်ခဲ့သည်။ သူပ့ံပိုးမည့် MIG-19 တိုက်လေယာဉ် ၂၈ စင်းကို ဂျာမနီနိုင်ငံအခြေစိုက်၊ အမေရိကန်လေတပ်စခန်း ရမ်းမ်စတိန်း (Rammstein Air Base) သို့ လွှဲပေးမည်ဖြစ်ပြီး အမေရိကန်က ယူကရိန်းသို့ တိုက်ရိုက်ပေးရန်ဖြစ်သည်။ ပိုလန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထိုအစီအစဉ်ကို ကျိုးကြောင်းဆီလျော်မှုမရှိသော ကမ်းလှမ်းချက်အဖြစ်ဖော်ပြကာ အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနက ပယ်ချခဲ့သည်။

အမေရိကန်အစိုးရက ယူကရိန်းအတွက် လက်နက်ငယ်များ၊ တင့်ကားဖျက်ဒုံးကျည်များနှင့် လေယာဉ်ပစ်လက်နက်များ ဖြည့်ဆည်းရန် အမေရိကန်ဒေါ်လာသန်း ၂၀၀ ထပ်မံထောက်ပ့ံသည်။ ထိုသတင်းထွက်ပေါ်လာပြီး နာရီပိုင်းအတွင်း ယူကရိန်းအတွက် လက်နက်များ သယ်ဆောင်လာသော ယာဉ်တန်းများအား တရားဝင်စစ်ရေးပစ်မှတ်များအဖြစ် သတ်မှတ်သွားမည်ဖြစ်ကြောင်း ရုရှားက သတိပေးလိုက်သည်။ အမေရိကန်၏အစီအစဉ်ဖြင့် အခြားနိုင်ငံများမှ လက်နက်ခဲယမ်းများကို ယူကရိန်းသို့ ပို့ဆောင်နေခြင်းသည် အန္တရာယ်အလွန်များသော လုပ်ရပ်ဖြစ်ကြောင်း၊ စစ်ပွဲပြီးချိန်၌ ပခုံးထမ်းဝေဟင်ပစ် လက်နက်များသည် ဥရောပ သို့မဟုတ် ယူကရိန်းနိုင်ငံအပေါ် ဖြတ်ကျော်ပျံသန်းမည့် အရပ်ဘက်လေယာဉ်များအတွက် အဓိကအန္တရာယ်ဖြစ်လာလိမ့်မည်ဟု ရုရှားဒုတိယနိုင်ငံခြားရေးဝန်ကြီးက ပြောဆိုခဲ့သည်။

ဗြိတိန်နိုင်ငံသည် ယူကရိန်းသို့ အရည်အသွေးမြင့်မားသော Starsteak လေယာဉ်ပစ်ဒုံးကျည်စနစ်ကို ထောက်ပ့ံရန် ကာကွယ်ရေးဝန်ကြီး ဘန်ဝေါလေ့စ်က အောက်လွှတ်တော်၌ တင်ပြခဲ့ပြီး အစိုးရအဖွဲ့က သဘောတူခဲ့၏။ ဗြိတိန်သည် တင့်ကားဖျက်ဒုံး ၄၀၀၀ ကျော်ကို ယူကရိန်းသို့ ထောက်ပ့ံခဲ့ပြီးဖြစ်သည်။ ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က ယူကရိန်းအပေါ် ဆင်နွှဲခဲ့သော ရုရှား၏စစ်ပွဲမှာ “ကမ္ဘာ့အလှည့်အပြောင်းအကွေ့အချိုး တစ်ခု” ဖြစ်ပြီး “လွတ်လပ်ခြင်းနှင့် ဖိနှိပ်ခြင်း” အကြား “ရွေးချယ်ရမည့်အခိုက်အတန့်” ဟု ပြောဆိုသည်။

အမေရိကန်လွှတ်တော်အမတ်များသည် စစ်ဘေးသင့် ယူကရိန်းနိုင်ငံနှင့် အမေရိကန်၏ မဟာမိတ်အရှေ့ဥရောပနိုင်ငံများအတွက် စစ်ရေးနှင့် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီအမေရိကန်ဒေါ်လာ ၁၃.၆ ဘီလျံ ထောက်ပ့ံမည့်ဘတ်ဂျက်ကို အတည်ပြုခဲ့သည်။

ယူကရိန်းသမ္မတ ဇယ်လန်းစကီး အမေရိကန်ကွန်ဂရက်၌ ဗီဒီယိုမိန့်ခွန်းပြောကြားအပြီး၌ အမေရိကန်က ထောက်ပ့ံမည့် ဒေါ်လာသန်း ၈၀၀ ဖြင့် လေယာဉ်ပစ် Stinger ဒုံးကျည် ၈၀၀၊ လက်နက်ငယ်။ ဗုံးပစ်လောင်ချာနှင့် မော်တာကျည်သန်း၂၀၊ တင့်ကားဖျက်ဒုံးကျည် ၂၀၀၀ အပါအဝင် အခြားလက်နက်ခဲယမ်းများ ဖြည့်ဆည်းပေးမည်ဟု အိမ်ဖြူတော်က ဆက်လက်ထုတ်ပြန်သည်။ အထူးသဖြင့် Swift Blade Drone ခေါ် ချေမှုန်းရေး ထိပ်ဖူးပါမောင်းသူမဲ့ လေယာဉ်ငယ်များပ့ံပိုးမည်ဟု ဆိုပါသည်။

တတိယပတ်စစ်ပွဲမှတ်စုအနှစ်ချုပ်

စစ်ဆိုသည်မှာ ရှောင်လွှဲမရ၍ တိုက်ကြလေတိုင်း မနိုင်နိုင်အောင်တိုက်ကြမည်မှာ ဧကန်မလွဲဖြစ်၏။ ငြိမ်းချမ်းရေးစာချုပ်တို့၏ သမိုင်းကြောင်းများ ပြန်လည်လေ့လာကြည့်လျှင် နိုင်သောဘက် သို့မဟုတ် အသာစီးရသောဘက်က ကမကထပြု ဦးဆောင်ချုပ်ဆိုပြီး တရားဝင်မှုမူဘောင်အရဟုဆိုကာ ဝေခြမ်းပိုင်းဖြတ်မှုပြုလျက် လျော်ကြေးနှင့် ပေးဆပ်စရာရင်းမြစ်များကို ဆုံးဖြတ်ခဲ့ကြသည်ချည်းဖြစ်သည်။

သီတင်းတစ်ပတ်လုံးအတွက် ခြုံငုံသုံးသပ်ရသော် ယူကရိန်းနှင့် ရုရှားပြည်သူများအဖို့ အသက်အိုးအိမ်စည်းစိမ် တိုက်ရိုက်ထိခိုက်မှုများကို ခံစားကြရပြီး ကမ္ဘာလုံးဆိုင်ရာကုန် ထုတ်လမ်းကြောင်းဖြန့်ကြက်မှုဖြစ်စဉ်အရ ကျန်ကမ္ဘာ့နိုင်ငံများအားလုံးလိုလိုမှာလည်း နစ်နာမှုအပြင်းအပျော့အလိုက်ခံစားကြရသည်သာ ဖြစ်ပါ၏။

စစ်ပွဲတို့၏အဆုံးသည် စားပွဲဝိုင်းဆွေးနွေးမှုသာဖြစ်ရမည်မှာ ဧကန်တရားဖြစ်သည်။ စစ်ဆင်နွှဲနေသော နှစ်နိုင်ငံသာမက ကျန်ကမ္ဘာ့နိုင်ငံအသီးသီး၏ ကိုယ်ကျိုးစီးပွားဆုံချက်သည် စစ်မြေပြင်မဟုတ်ဘဲ မျက်နှာချင်းဆိုင်တွေ့ဆုံပြောဆို၊ အပြစ်တင်ပေါက်ကွဲ၊ သည်းခံစေ့စပ်၊ ညှိနှိုင်းဖြေရှင်းနိုင်သော အားလုံးရှင်သန်ကျန်ရစ်နိုင်မည့် စားပွဲဝိုင်းဓလေ့သို့ အလျင်အမြန် ဆိုက်ရောက်လာပါစေကြောင်း ဆန္ဒပြုလိုက်ပါသည်။