လာမည့်နွေရာသီတွင် ကစားသမားအချို့ ထွက်ခွာနိုင်သော်လည်း အဓိက ကစားသမားများကိုဆက်ထိန်းထားမည်ဟု လီဗာပူးလ်နည်းပြ ကလော့ပ် ပြောကြား

လာမည့်နွေရာသီတွင် ကစားသမားအချို့ ထွက်ခွာနိုင်သော်လည်း အဓိက ကစားသမားများကိုဆက်ထိန်းထားမည်ဟု လီဗာပူးလ်နည်းပြ ကလော့ပ် ပြောကြား
Photo: Liverpool Twitter
Photo: Liverpool Twitter
Published 17 March 2022

လီဗာပူးလ်အသင်းနည်းပြ ယာဂန်ကလော့ပ်က လာမည့်နွေရာသီတွင် အသင်းမှ ကစားသမားအချို့ ထွက်သွားနိုင်သော်လည်း အသင်း၏ အတောင့်တင်းဆုံးလူစာရင်းကိုမူ ဆက်ထိန်းသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ကလော့ပ်က လက်ရှိအသင်းလူစာရင်းတွင် ကစားသမားကောင်းများ များပြားနေသည့်အတွက် ကစားသမားအားလုံးကို ပျော်ရွှင်အောင်ထားရန်မဖြစ်နိုင်ကြောင်းနှင့် မီနာမီနို၊ အော်ရီဂီတို့ကဲ့သို့ ကစားသမားများမှာ လာမည့်နွေရာသီတွင် အသင်းမှထွက်ခွာသွားနိုင်ကြောင်း ဝန်ခံခဲ့ခြင်းဖြစ်သည်။

သို့သော် ကလော့ပ်က လီဗာပူးလ်အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည့် ၂၀၂၄ ခုနှစ်အထိ အောင်မြင်မှုများ ဆက်လက်ရယူနိုင်ရန် အသင်း၏ကျောရိုးသဖွယ်ဖြစ်သည့် အဓိကလူစာရင်းကိုမူ ထိန်းသိမ်းသွားမည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။

ကလော့ပ်က '' အော်ရီဂီအနေနဲ့ ပွဲထွက်ကစားခွင့်မရတာ သူ့အတွက် ခက်ခဲသလို၊ ကျွန်တော့်အတွက်လည်း ခက်ခဲပါတယ်။ မီနာမီနိုဆိုရင်လည်း အဲဒီအတိုင်းပါပဲ။ ကျွန်တော်တို့အနေနဲ့ လက်ရှိပိုင်ဆိုင်ထားတဲ့ အကောင်းဆုံးလူစာရင်းကို ကာလရှည်စွာ ပိုင်ဆိုင်ထားဖို့ ဆိုတာကတော့ ဖြစ်နိုင်ခြေ အရမ်းနည်းပါးပါတယ်။ ကစားသမားတချို့အနေနဲ့ မကြာခဏ ပွဲတွေကစားခွင့်မရတဲ့အတွက် သူတို့ နားလည်နိုင်ကြမယ်လို့ ထင်ပါတယ်။ လာမယ့်နွေရာသီမှာ ဘာတွေဖြစ်လာမယ်ဆိုတာကို ကျွန်တော်တို့ စောင့်ကြည့်ရမှာပါ။ နွေရာသီမှာ အဲဒီလို အခြေအနေတွေအတွက် ကျွန်တော်တို့ အဖြေရှာရမှာပါ။ ဒါပေမဲ့ အသင်းရဲ့ ပင်မကျောရိုးဖြစ်တဲ့ ကစားသမားတွေကိုတော့ ဆက်ထိန်းသွားမှာပါ။ ဒါကို သံသယဖြစ်စရာမလိုပါဘူး''ဟု ပြောကြားခဲ့သည်။

အော်ရီဂီ (၂၆ နှစ်)သည် ယခုရာသီကုန်တွင် လီဗာပူးလ်အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး ၎င်းကို ခေါ်ယူရန် အေစီမီလန်အသင်းက စိတ်ဝင်စားနေကြောင်း သိရသည်။

လာမည့်နွေရာသီတွင် အော်ရီဂီနှင့် မီနာမီနိုတို့ ထွက်ခွာဖွယ်ရှိနေပြီး ၂၀၂၃ ခုနှစ်တွင် အသင်း၏ အဓိကကစားသမားဖြစ်သည့် ဆာလာ၊ မာနေ၊ ဖေမီနိုနှင့် ကီတာတို့မှာ စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်သည်။