မိုင်းကိုင်မြို့နယ် TNP ပါတီဥက္ကဋ္ဌနှင့် မိသားစုဝင်များ ဖမ်းဆီးခံရပြီး အသတ်ခံရမှု ၎င်းတို့အဖွဲ့က ဆောင်ရွက်ခဲ့ခြင်းမဟုတ်ဟု RCSS ငြင်းဆို

မိုင်းကိုင်မြို့နယ် TNP ပါတီဥက္ကဋ္ဌနှင့် မိသားစုဝင်များ ဖမ်းဆီးခံရပြီး အသတ်ခံရမှု ၎င်းတို့အဖွဲ့က ဆောင်ရွက်ခဲ့ခြင်းမဟုတ်ဟု RCSS ငြင်းဆို
Published 14 March 2022

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းကိုင်မြို့နယ် တအာင်းအမျိုးသားပါတီ (TNP)ဥက္ကဋ္ဌ မိုင်းနုမ်ဟန်၊ ၎င်း၏ဇနီးနှင့် ၎င်း၏အသက် ခုနစ်လအရွယ်ကလေးငယ်တို့ အသတ်ခံရမှုအပေါ် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ ရှမ်းပြည်တပ်မတော်(RCSS/SSA) က ၎င်းတို့အဖွဲ့ ဆောင်ရွက်ခဲ့ခြင်းမဟုတ်ဟု  ငြင်းဆိုသည်။

လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့့နေသည့် မိုင်းကိုင်မြို့နယ်၊ တအာင်းအမျိုးသားပါတီဥက္ကဋ္ဌ မိုင်းနုမ်ဟန်အား RCSS/SSA အဖွဲ့က ဖမ်းဆီးသတ်ဖြတ်သည်ဆိုသောသတင်းမှာ အရင်းအမြစ်မရှိသည့်ကောလာဟလ သတင်းမျှသာဖြစ်ပြီး RCSS/SSA အဖွဲ့အပေါ် တမင်စွပ်စွဲခြင်းသာဖြစ်သည်ဟု RCSS အဖွဲ့ပိုင် Tai Freedom သတင်းဌာနက မတ် ၁၄ ရက်တွင် သတင်းထုတ်ပြန်ဖော်ပြသည်။

မိုင်းကိုင်မြို့နယ် TNP ပါတီဥက္ကဋ္ဌ မိုင်းနုမ်ဟန်သည် ၎င်းမိခင်ဖြစ်သူ၏နာရေးမှ မိုင်းကိုင်မြို့သို့ ၎င်း၏ဇနီး၊ သမီးဖြစ်သူတို့နှင့်အတူ ပြန်လာစဉ် ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁၀ ရက်တွင် ပျောက်ဆုံးသွားခဲ့ပြီး မတ် ၁၀ ရက်၌ မိုင်းကိုင်မြို့နယ်၊ တုံလောကျေးရွာအုပ်စု၊ ပန်ပွဲကျေးရွာအနီးတွင် သေနတ်ဒဏ်ရာများစွာဖြင့် သတ်ဖြတ်ခံထားရသည့် ၎င်းတို့မိသားစုဝင်သုံးဦး၏ ရုပ်အလောင်းများကို တွေ့ရှိခဲ့ကြသည်။

မိုင်းနုမ်ဟန်တို့ မိသားစုဝင်သုံးဦးပျောက်ဆုံးခြင်းနှင့်ပတ်သက်၍ နမ့်ဆန်မြို့ရှိ TNP ပါတီဥက္ကဋ္ဌဦးခင်ရီက RCSS/SSA အဖွဲ့ထံသို့ ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၂၄ ရက်တွင် စာရေးသားပေးပို့ကာ အကူအညီတောင်းခံခဲ့ပြီး  RCSS ဗဟိုဌာနချုပ်က မိုင်းနုမ်ဟန်မိသားစု ဖမ်းဆီးခြင်းကိစ္စကို စိစစ်ပြီးတွေ့ရှိချက်အရ လူမှုကွန်ရက် ကောလာဟလသတင်းများနှင့် ဦးခင်ရီ၏ပေးပို့စာတွင် ဖော်ပြထားသည့်အတိုင်း မဟုတ်မှန်ကြောင်း ဇန်နဝါရီ ၂၉ ရက်တွင် RCSS အတွင်းရေးမှူး(၁) ဗိုလ်မှူးကြီး စိုင်းငင်းက ဦးခင်ရီထံံ ပြန်လည်အကြောင်းကြား ရှင်းပြစာပေးပို့ခဲ့ကြောင်း သိရသည်။

RCSS အနေဖြင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို ပေါ်လစီအမှတ်(၁)အဖြစ် ချမှတ်ထားပြီး ကြိုးပမ်းအကောင်အထည်ဖော်နေချိန်တစ်လျှောက်လုံးတွင် ယခုကဲ့သို့ ရှမ်းပြည်တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို ထိခိုက်စေမည့် ဆောင်ရွက်ချက်မျိုးကို RCSS တပ်ဖွဲ့ဝင်များအား လုံးဝမပြုလုပ်ရန် တားမြစ်ထားကြောင်းနှင့် တားမြစ်ထားသည့်အတိုင်း တိကျစွာလိုက်နာစေကြောင်း ဗိုလ်မှူးကြီး စိုင်းငင်းက နမ့်ဆန်မြို့ TNP ပါတီဥက္ကဋ္ဌ ဦးခင်ရီထံပေးပို့ခဲ့သည့် အကြောင်းပြန်စာတွင် ဖော်ပြခဲ့သည်။

ဦးခင်ရီ၏ စာပါ ဖော်ပြထားချက်သည် ဖြစ်ရပ်မှန်နှင့်ကွဲလွဲနေသောကြောင့် သေချာစွာ ထပ်မံစုံစမ်းကြည့်စေလိုကြောင်း၊ မိုင်းကိုင်ဒေသတွင် လက်နက်ကိုင်တပ်ဖွဲ့များလေးဖွဲ့ခန့် လှုပ်ရှားသွားလာနေသည့်အတွက် အခြားသောလက်နက်ကိုင်အဖွဲ့များထံသို့ စာရေးသားပေးပို့ပြီး ညှိနှိုင်းအကူအညီတောင်းခံသင့်ကြောင်း ဗိုလ်မှူးကြီးစိုင်းငင်းက ဦးခင်ရီထံ အကြောင်းပြန်ကြားစာပေးပို့ခဲ့သည်။

မိုင်းကိုင်မြို့နယ် TNP ပါတီဥက္ကဋ္ဌနှင့် မိသားစုရုပ်အလောင်းများကို ပန်ပွဲကျေးရွာအနီးတွင် မတ် ၁၃ ရက်က မီးသင်္ဂြိုဟ်ခဲ့ကြောင်း ဒေသတွင်းရွှေဖီမြေသတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။

မိုင်းကိုင်မြို့နယ် TNP ပါတီဥက္ကဋ္ဌ သတ်ဖြတ်ခံရမှုအတွက်ဝမ်းနည်းကြောင်း၊ တအာင်းလူမျိုးအားလုံး အဖိနှိပ်ခံဘဝမှ လွတ်မြောက်ရေးအတွက် ဆက်လက်တိုက်ပွဲဝင်မည်ဖြစ်ကြောင်း တအာင်းလက်နက်ကိုင်အဖွဲ့ (TNLA) က မတ် ၁၂ ရက် ရက်စွဲဖြင့် ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့သည်။

ယင်းဖြစ်စဉ်မတိုင်မီ ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၅ ရက်တွင် မိုင်းနုမ်ဟန်၏ မိခင်သည် ၎င်း၏သားငယ်မောင်းနှင်သည့် သုံးဘီးဆိုင်ကယ်ဖြင့် နမ့်လန်မြို့စျေးမှ မိုင်းကိုင်မြို့နယ် မတ်ချီနုတ်ရွာသို့အပြန်တွင် နံပါတ်ပြားကွယ်ထားသည့် အနက်ရောင် Vigo ကားတစ်စီးက ၎င်းတို့အားဝင်တိုက်ပြီး ထွက်ပြေးသွားခဲ့ကြောင်း၊ မိုင်းနုမ်ဟန်၏မိခင်သည် မိုင်းကိုင်ဆေးရုံသို့ တက်ရောက်ကုသခဲ့သော်လည်း အဆိုပါဒဏ်ရာဖြင့် အသက်ဆုံးရှုံးခဲ့ကြောင်း TNLA အဖွဲ့၏သဝဏ်လွှာတွင် ဖော်ပြထားသည်။

မိုင်းနုမ်ဟန်သည် မတ်ချီနုတ်ရွာသို့ လာရောက်၍ မိခင်ဖြစ်သူ၏ နာရေးကိစ္စဆောင်ရွက်ပြီး မိုင်းကိုင်မြို့သို့ ပြန်လာစဉ် RCSS အဖွဲ့၏ ဖမ်းဆီးသတ်ဖြတ်ခံရခြင်းဖြစ်ကြောင်း၊ ဖြစ်စဉ်အရ မိုင်းကိုင်မြို့ TNP ပါတီရုံးတွင် နေထိုင်သည့် မိုင်နုမ်ဟန်အား ဖမ်းဆီးလုပ်ကြံနိုင်ရေးအတွက် မိုင်းနုမ်ဟန်မြို့ပြင်သို့ ထွက်လာစေရန် ရည်ရွယ်၍ ဇာတိရွာနေ မိုင်းနုမ်ဟန်၏မိခင်ကို ကားဖြင့်တိုက်သတ်သည်ကို တွေ့ရသည်ဟု TNLA က အဆိုပါသဝဏ်လွှာတွင် သုံးသပ်ဖော်ပြထားသည်။

၂၀၁၅ ခုနှစ်နှင့် ၂၀၂၀ ရွေးကောက်ပွဲကာလတွင် RCSS အဖွဲ့က မိုင်းနုမ်ဟန်နှင့် ၎င်း၏ပါတီအား နှောင့်ယှက်တိုက်ခိုက်ခဲ့သည့်ဖြစ်စဉ်များ၊ ယခုဖြစ်စဉ်တွင် နောက်ဆုံးအဆက်အသွယ်ရရှိခဲ့သည့်နေရာနှင့် ၎င်းတို့၏ ရုပ်အလောင်းများအား တွေ့ရှိခဲ့သည့်နေရာသည် ပန်ပွဲရွာရှိ RCSS တပ်စခန်းအနီးတွင် တည်ရှိနေခြင်း၊ မျက်မြင်သက်သေများ၏ ထွက်ဆိုချက်များအရ မိုင်းနုမ်ဟန်၊ ၎င်း၏ဇနီးနှင့် သမီး၊ ၎င်း၏မိခင်ဖြစ်သူတို့ကို RCSS အဖွဲ့က သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်ဟု TNLA ၏ သဝဏ်လွှာတွင် ဖော်ပြထားသည်။

RCSS အဖွဲ့သည် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကာလ၌လည်း ယခင်မိုင်းကိုင်မြို့နယ် TNP ပါတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့ကို နှစ်လကြာဖမ်းဆီးချုပ်နှောင်ခဲ့ပြီး အဖက်ဖက်၏ကြိုးပမ်းမှုကြောင့် ၎င်းတို့နှစ်ဦးအနေဖြင့် နောက်နောင်နိုင်ငံရေးကိစ္စတွင် မပါဝင်၊ မပတ်သက်၊ မဆောင်ရွက်ဟု ခံဝန်ကတိပြုချက်ဖြင့် RCSS က ပြန်လွှတ်ပေးခဲ့သည့် ဖြစ်စဉ်ဖြစ်ပေါ်ခဲ့ကြောင်းလည်း TNLA ၏ သဝဏ်လွှာတွင် ဖော်ပြထားသည်။

 

 

 

Most Read

Most Recent