အရပ်သားပြည်သူများအား စစ်ဘေးဒဏ်မှအကာအကွယ်ပေးခြင်း စုပေါင်းလုပ်ဆောင်ရန် ဂျပန်အစိုးရအထူးကိုယ်စားလှယ် ဆာဆာကာဝါနှင့် PPST တို့ တွေ့ဆုံညှိနှိုင်း

အရပ်သားပြည်သူများအား စစ်ဘေးဒဏ်မှအကာအကွယ်ပေးခြင်း စုပေါင်းလုပ်ဆောင်ရန် ဂျပန်အစိုးရအထူးကိုယ်စားလှယ် ဆာဆာကာဝါနှင့် PPST တို့ တွေ့ဆုံညှိနှိုင်း
Published 14 March 2022

မြန်မာနိုင်ငံတွင် အရပ်သားပြည်သူများ စစ်ဘေးဒဏ်မှ အကာအကွယ်ပေးနိုင်ရေးအတွက် အမြန်ဆုံးစုပေါင်းလုပ်ဆောင်ရန် မြန်မာနိုင်ငံအမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဆိုင်ရာ ဂျပန်အစိုးရ၏အထူးကိုယ်စားလှယ် မစ္စတာဆာဆာကာဝါနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့(PPST) တို့ တွေ့ဆုံညှိနှိုင်းခဲ့ကြောင်း PPST အဖွဲ့က မတ် ၁၂ ရက်တွင် သတင်းထုတ်ပြန်သည်။

မြန်မာနိုင်ငံ၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဆိုင်ရာ ဂျပန်အစိုးရ၏ အထူးကိုယ်စားလှယ် မစ္စတာဆာဆာကာဝါနှင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ (NCA-SEAO) မှ ထိပ်ပိုင်းခေါင်းဆောင်များဖြင့် ဖွဲ့စည်းထားသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့(PPST)တို့ ထိုင်းနိုင်ငံ၊ ချင်းမိုင်တွင် ၂၀၂၂ ခုနှစ် မတ် ၁၀ ရက်က တွေ့ဆုံခဲ့ကြခြင်းဖြစ်သည်။

အဆိုပါတွေ့ဆုံမှုတွင် မစ္စတာ ဆာဆာကာဝါက ၎င်း၏ဂျကာတာခရီးစဉ်၊ ဖနွမ်းပင်ခရီးစဉ် အတွေ့အကြုံများကို ဆွေးနွေးဖလှယ်ခဲ့ကြောင်း၊ အထူးသဖြင့် အာဆီယံအထူးကိုယ်စားလှယ် Mr.Park Sokhonn အား မြန်မာနိုင်ငံကိစ္စရပ်များကို ရှင်းလင်းပြီး အကြံပြုချက်များ ပံ့ပိုးပေးခဲ့ကြောင်း PPST ၏သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် လက်နက်ကိုင်ပဋိပက္ခများကြောင့် အတိဒုက္ခရောက်နေကြရသော စစ်ဘေးရှောင်များ၊ ဒုက္ခသည်များကို စာနာသနား၍ ကူညီထောက်ပံ့ပေးခဲ့သည်မှာ ဆယ်စုနှစ်နှစ်ခုမျှ ကြာခဲ့ပြီဖြစ်ကြောင်း အဆိုပါတွေ့ဆုံမှုတွင် မစ္စတာဆာဆာကာဝါက ပြောကြားခဲ့သည်ဟု သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

ထို့ပြင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် တပ်မတော်က နိုင်ငံတော်၏ အာဏာရယူပြီးနောက် ပဋိပက္ခများ ကြီးထွားကျယ်ပြန့်လာခြင်းမှာ များစွာစိုးရိမ်ဖွယ်ရာဖြစ်ကြောင်း၊ အထူးသဖြင့်လက်နက်မဲ့ အပြစ်မဲ့ သာမန်ပြည်သူပြည်သားများ၊ ကလေးငယ်၊ အမျိုးသမီးနှင့် သက်ကြီးရွယ်အိုများ အပါအဝင်သိန်းနှင့်ချီသော ပြည်သူများ အတိဒုက္ခရောက်နေရခြင်း၊ စားနပ်ရိက္ခာ မလုံလောက်ခြင်း၊ ရောဂါဘယဘေးဒဏ် ခံစားနေကြရခြင်းအပေါ် လွန်စွာစိတ်မကောင်းဖြစ်ရကြောင်း၊ လက်ရှိနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီနှင့် မလွှဲမရှောင်သာ ပူးပေါင်းဆောင်ရွက်မှသာ ဒုက္ခရောက်သူများကို ကူညီနိုင်မည်ဖြစ်၍ နားလည်မှုပေးကြပါရန် မေတ္တာရပ်ခံကြောင်း မစ္စတာဆာဆာကာဝါက အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်ဟု PPST ၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

PPST ဘက်က လက်ရှိတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ နယ်မြေများအတွင်း အတိဒုက္ခရောက်နေသော တိုင်းရင်းသားပြည်သူများအား ကူညီပံ့ပိုးပေစေလိုကြောင်း၊ အလွယ်ကူဆုံးနှင့် အမြန်ဆုံးအဆင်ပြေမည့် ဆန်ရိက္ခာပေးဝေနိုင်ရေးကိစ္စအား ပူးပေါင်းဆောင်ရွက်ကြမည်ဖြစ်ကြောင်း ပြန်လည်ဆွေးနွေးခဲ့သည်ဟု PPST က သတင်းထုတ်ပြန်သည်။

ပဏာမစီစဉ်ဆောင်ရွက်မှု အောင်မြင်ပြီးပါက လိုအပ်သောဒေသ၊ လိုအပ်သောပြည်သူများအားလုံးထံသို့ အကူအညီများ မဖြစ်မနေရောက်ရှိရန် ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း၊ ယခုသတင်းထုတ်ပြန်ချက်သည် မစ္စတာဆာဆာကာဝါနှင့် PPST တို့၏ တွေ့ဆုံမှုအပေါ် အထင်အမြင်လွှဲမှားမှု မရှိစေရန် ရှင်းလင်းထုတ်ပြန်ခြင်းဖြစ်ကြောင်း PPST အဖွဲ့က သတင်းထုတ်ပြန်သည်။

Most Read

Most Recent