ရုရှား-ယူကရိန်းစစ်ပွဲ အနာဂတ် ဇာတ်ကွက်ငါးခု

ရုရှား-ယူကရိန်းစစ်ပွဲ အနာဂတ် ဇာတ်ကွက်ငါးခု
ယူကရိန်းကို ရုရှားက ကျူးကျော်မှုအား ကန့်ကွက်ရန်အတွက် ဆန္ဒပြသူများ  လွန်ခဲ့သည့်လက အိမ်ဖြူတော်အနီးတွင် စုဝေးနေကြစဉ် (Photo-NY Times)
ယူကရိန်းကို ရုရှားက ကျူးကျော်မှုအား ကန့်ကွက်ရန်အတွက် ဆန္ဒပြသူများ  လွန်ခဲ့သည့်လက အိမ်ဖြူတော်အနီးတွင် စုဝေးနေကြစဉ် (Photo-NY Times)
Published 14 March 2022
မိုးဧအောင်

(ယခု “Ukraine: How might the war end” ဆောင်းပါးရေးသားသူ James Landale သည် ဘီဘီစီသတင်းဌာန၏ သံတမန်ရေးရာ သတင်းဌာနခွဲ တာဝန်ခံဖြစ်ပြီး University of Bristol မှ ဘွဲ့ယူခဲ့သည်။

သူသည် ဘီဘီစီသတင်းဌာန၏ နိုင်ငံရေးသတင်းထောက်ချုပ် (၂၀၀၄-၂၀၀၉)၊ လက်ထောက် နိုင်ငံရေးအယ်ဒီတာ (၂၀၀၉-၂၀၁၆) တာဝန်များကို ထမ်းဆောင်ခဲ့သည်။ Andrew Marr Show၊ နေ့စဉ်နိုင်ငံရေးနှင့် ယခုသီတင်းပတ်ကမ္ဘာစသော အစီအစဉ်များကို တင်ဆက်ခဲ့သူဖြစ်သည်။ ဘီဘီစီသို့မဝင်မီက The Times သတင်းစာ၊ နိုင်ငံရေးကဏ္ဍတွင် ဆယ်စုနှစ်တစ်ခု တာဝန်ယူခဲ့သည်။

ဖြစ်ပွားနေဆဲ ရုရှား-ယူကရိန်းစစ်ပွဲနှင့် ပတ်သက်သောဖြစ်တန်ရာ အခင်းအကျင်းများအပေါ် ဗြိတိန်မီဒီယာသမားတစ်ဦး၏အမြင်ကို စာဖတ်ပရိသတ်များ ချင့်ချိန်တွေးဆနိုင်ရန် ဘာသာပြန်ဆိုတင်ပြလိုက်ပါသည်။ ဤဆောင်းပါးမူရင်း ထုတ်လွှင့်ဖော်ပြပုံနှိပ်ခဲ့သော ရက်စွဲမှာ ၂၀၂၂ ခု၊ မတ် ၃ ရက်ဖြစ်၏။)

ရှုလေတိုင်း မြူပိတ်ဆိုင်းလျက် မှိုင်းမှုန်နေသော စစ်ပွဲ၏အလယ်မှ ရှေ့တစ်ခေါ် မျှော်ကြည့်ရန် ခက်ခဲလှသည်။ စစ်မြေပြင်မှ သတင်းများ၊ နှုတ်ဆွံ့သွားသော သံတမန်စကားသံများ၊ ကြေကွဲဝမ်းနည်းဖွယ် ခံစားချက်များနှင့် စစ်ပြေးဒုက္ခသည်များအားလုံးသည် ထိခိုက်နာကျင်စရာ အတိပြီး၏။ သို့ဖြစ်ရကား ကျွန်ုပ်တို့သည် ဤအခိုက်အတန့်တွင် နောက်တစ်လံပြန်ကြည့်ကာ ယူကရိန်းပဋိပက္ခကို မည်သို့လက်စသတ်နိုင်ကြောင်း တွေးဆကြည့်ကြမည်။ နိုင်ငံရေးသမားများနှင့် စစ်ရေးစီမံချက်ချမှတ်သူများ စစ်ဆေးအကဲဖြတ်နိုင်မည့် ဖြစ်နိုင်ခြေရှိသော အခင်းအကျင်းအချို့မှာ မည်သို့ရှိနိုင်သနည်း။ စစ်ပွဲ၏အနာဂတ်ကို ယုံကြည်မှုအပြည့်ဖြင့် ဟောကိန်းထုတ်ရဲသူမှာ အလွန့်အလွန်နည်းပါးပါသည်။ ယခုဖြစ်တန်ရာသော မျှော်မှန်းရလဒ်အချို့ ဖော်ပြပါမည်။ အများစုမှာ စိတ်ပျက်ဖွယ်ရာပင် ဖြစ်သည်။

ကာလတိုစစ်ပွဲ

ဤအခင်းအကျင်းအတိုင်း ဖြစ်လာစေရန် ရုရှားသည် သူ၏စစ်ဆင်ရေးကို ပိုမိုပြင်းထန်စွာ အရှိန်မြှင့်မည်။ ယူကရိန်းနိုင်ငံတစ်လွှားအမြောက်နှင့် ဒုံးကျည်တိုက်ခိုက်မှုများ အရမ်းကာရောများပြားမည်။ အဝေးတစ်နေရာရှိ ငြိမ်ချက်သားကောင်းနေသော ရုရှားလေတပ်မှ လေကြောင်းချီတပ်များ ဝေဟင်တွင် ပေါ်လာပြီး စိစိညက်ညက်ကြေအောင် လေကြောင်းစစ်ဆင်ရေးဖြင့် ချေမှုန်းမည်။ ယူကရိန်းနိုင်ငံတစ်ဝန်း ဆိုက်ဘာတိုက်ခိုက်မှုများ ခံစားကြရပြီး နိုင်ငံတော်၏ အခြေခံအဆောက်အအုံများမှာ သော့ချက်ကျသော ပစ်မှတ်များ ဖြစ်သွားမည်။ စွမ်းအင်ထောက်ပ့ံမှုနှင့် ဆက်သွယ်ရေးကွန်ရက်များ ဖြတ်တောက်ခံရမည်။ ထောင်နှင့်ချီသော အရပ်သားများ သေဆုံးကြမည်။ ရဲရင့်သော ခုခံမှုများရှိနေသည့်တိုင် ကိယက်ဗ်သည် ရက်ပိုင်းအတွင်း ကျသွားမည်။ လက်ရှိအစိုးရကို ဖယ်ရှားကာ မော်စကို၏ ရုပ်သေးအစိုးရ တင်မြှောက်မည်။ သမ္မတဇယ်လင်စကီးသည် လုပ်ကြံခံရခြင်း သို့မဟုတ် ထွက်ပြေးသွားရခြင်းဖြစ်မည်။ ယူကရိန်းအနောက်ပိုင်း သို့မဟုတ် ပြည်ပနိုင်ငံတစ်ခုခုသို့ ထွက်ပြေးပြီး အဝေးရောက်အစိုးရဖွဲ့စည်းမည်။ သမ္မတပူတင်သည် အောင်ပွဲကို ကြေညာချက်ထုတ်ပြန်ကာ စိတ်ချရသော နောက်ချန်တပ်အထိန်းအချုပ်ထားရစ်ပြီး ယူကရိန်းမှ တပ်အချို့ဆုတ်ခွာမည်။ ထောင်သောင်းချီသော ဒုက္ခသည်များ အနောက်နိုင်ငံများသို့ ဆက်လက်ထွက်ပြေးကြမည်။ ယူကရိန်းသည် ဘီလာရုစ်ကဲ့သို့ မော်စကို၏လက်ဝေခံတိုင်းပြည် ဖြစ်လာမည်။

ဤဖြစ်နိုင်ခြေကို ပေါ်ပေါက်ဖွယ်မရှိဟု ငြင်းဆိုရန် ခက်ခဲသည်။ သို့သော် ပြောင်းလဲသွားနိုင်သော အချက်အလက်များပေါ် အခြေခံထားသည်။ ရုရှားတပ်ဖွဲ့များ၏ တိုက်ခိုက်ရေးစွမ်းရည် ပိုမိုကောင်းမွန်လာလျှင်၊ ထိုတပ်ဖွဲ့များကို ပိုမိုဖြန့်ကြက်နိုင်ခဲ့လျှင်၊ ယူကရိန်းတို့၏ သာမန်ထက်ပိုသော ခုခံတော်လှန်ရေးစိတ်ဓာတ် လျော့ရဲသွားခဲ့လျှင် အစရှိသော အချက်များပင်ဖြစ်သည်။ မစ္စတာပူတင်သည် ကိယက်ဗ်တွင် မင်းပြောင်းမင်းလွှဲလုပ်ကာ ယူကရိန်း၏အနောက်မျှော်ဇာတ်လမ်းကို အောင်မြင်စွာ တစ်ခန်းရပ်ပါလိမ့်မည်။ သို့သော်ရုရှားလိုလားသော မည်သည့်အစိုးရမျိုးပင်ဖြစ်စေ ကမ္ဘာ့အလယ်၌ တရားဝင်ဖြစ်တည်မှုကို မမျှော်လင့်နိုင်ဘဲ သောင်းကျန်းသူများကြောင့် ‘ထီခနဲဆို ကွဲမည့်’ အခြေဖြစ်သည်။ ယခုမျှော်မှန်းပုံရိပ်အတိုင်း ဖြစ်ခဲ့မည်ဆိုလျှင် မတည်ငြိမ်မှုကို အရင်းပြုလျက် ပဋိပက္ခပေါ်ပေါက်နိုင်ခြေ မြင့်တက်လာပြီး နောက်တစ်ကြိမ် တိုင်းပြည်ပျက်ရန် အလားအလာမြင့်မားသည်။

ကာလရှည်စစ်ပွဲ

အီလေးဆွဲကာ ‘တယောထိုး’ ‘တိုင်ပတ်’ နေသော စစ်ပွဲမျိုးလည်း ဖြစ်သွားနိုင်သည်။

ရုရှားတပ်ဖွဲ့များ စစ်ပွဲဆိုင်ရာ ကန့်သတ်ချက်ပေါင်းစုံမှ ရုန်းမထွက်နိုင်လျှင်၊ စိတ်ဓာတ်ရေးရာအရ ‘ဖောင်ဖျက်’ မတိုက်ရဲလျှင်၊ ထောက်ပ့ံပို့ဆောင်ရေး ည့ံဖျင်းခဲ့လျှင်၊ ခပ်လျှော်လျှော် ခေါင်းဆောင်မှုကို ခံယူရလျှင် ဤစစ်ပွဲမျိုး ဖြစ်သွားနိုင်သည်။ ရုရှားတပ်ဖွဲ့များ မြို့သိမ်းတိုက်ပွဲ ဆင်နွှဲရာတွင် ကိယက်ဗ်ကဲ့သို့ တစ်လမ်းဝင်၊ တစ်လမ်းထွက် ခုခံသူများ အစုလိုက်အပြုံလိုက် ပေါ်ထွက်နေပါက ဤအနေအထားမျိုး ဖြစ်လာမည်။ လက်နက်လူ သူ၊ တပ်တောင်တာဗိုလ်ထုနှင့် ၀ိုင်းပတ်ပိတ်ဆို့ထားရမည့် အကျိုးဆက်ပေါ်ထွက်လာမည်။ ၁၉၉၀ ပြည့်လွန်နှစ်များက ချေချင်းညှာ၏မြို့တော်၊ ဂရော့ဇ်နီ ကျသွားစေရန် ရုရှားတို့သည် ပြင်းထန်သောတိုက်ခိုက်မှု၊ ကြီးမားသော ဖျက်ဆီးမှုများဖြင့် ကာလတာရှည် တိုက်ယူခဲ့ရပုံကို ပြန်လည်ထင်ဟပ်မည့် မြင်ကွင်းမျိုးဟု ဆိုရမည်။

ရုရှားတပ်ဖွဲ့များအနေနှင့် ယူကရိန်းမြို့ကြီးများကို လက်ဝယ်ပိုင်ပိုင် သိမ်းပိုက်နိုင်သည့်တိုင် ထိန်းသိမ်းအုပ်ချုပ်ဖို့ရာ များစွာရုန်းကန်ရပါမည်။ ပေါ်လာနိုင်သော ပြဿနာတစ်ရပ်မှာ ယူကရိန်းတစ်နိုင်ငံလုံးအတွက် လုံလောက်စွာ ဖြန့်ကြက်နိုင်မည့်တပ်ဖွဲ့အင်အား ရုရှားက မထောက်ပ့ံနိုင်ခြင်းဖြစ်သည်။ ယူကရိန်းတပ်ဖွဲ့များအနေနှင့် အန္တရာယ်အပေးနိုင်ဆုံး သောင်းကျန်းသူအဖြစ်  အသွင်ပြောင်းသွားနိုင်ပြီး ဒေသခံပြည်သူများကလည်း စိတ်ရောကိုယ်ပါ ကူညီထောက်ပ့ံပါလိမ့်မည်။ အနောက်နိုင်ငံများကလည်း လက်နက်၊ ခဲယမ်း မီးကျောက်များ ဆက်လက်ထောက်ပ့ံကြမည်။ ထိုကဲ့သို့ နှစ်ကာလကြာမြင့်လာသောအခါ မော်စကိုသည်လည်း ခေါင်းဆောင်မှုအသစ် ဖြစ်သွားခဲ့သည်ရှိသော်၊ နောက်ဆုံးတစ်နေ့၌ ရုရှားတပ်ဖွဲ့များ ယူကရိန်းမှ ထွက်ခွာသွားကြပါလိမ့်မည်။ ၁၉၈၉ ခုနှစ်က အာဖဂန်နစ္စတန်တွင် ဆယ်စုနှစ်တစ်ခုကျော် အစ္စလာမ္မစ်သောင်းကျန်းသူများနှင့် သွေးထွက်သံယို တိုက်ကြခိုက်ကြပြီးနောက် တိုင်းပြည်အတွင်း ‘သူ့လူ’ ထား၍ ရုရှားသို့ ပြန်လည်ဆုတ်ခွာသွားခဲ့သည့် ဇာတ်ကွက်မျိုးလည်း ဖြစ်နိုင်ပါသည်။

ဥရောပစစ်

ဤစစ်ပွဲသည် ယူကရိန်းနယ်စပ်ကို ကျော်လွန်လျက် ကျန်နိုင်ငံများထံ ကူးစက်သွားမည်လော။

သမ္မတ ပူတင်သည် NATO အဖွဲ့ဝင် မဟုတ်သော၊ ယခင်ဆိုဗီယက်ယူနီယံ၏ အစိတ်အပိုင်းများဖြစ်ခဲ့သည့် မော်လ်ဒိုဗာနှင့် ဂျော်ဂျီယာနိုင်ငံများသို့ တပ်ဖွဲ့များ စေလွှတ်ခြင်းဖြင့် ရုရှား၏ အင်ပါရာကို ချဲ့ထွင်ရန် အခွင့်အလမ်းရှာဖွေနေသည်။ ထိုသို့ဆောင်ရွက်မှုသည် အတွက်အချက် လွဲသွားနိုင်သကဲ့သို့ တင်းမာမှုလည်း မြင့်တက်လာစေနိုင်သည်။ ယူကရိန်းတပ်ဖွဲ့များထံ အနောက်အုပ်စုက လက်နက်များထောက်ပ့ံခြင်းသည် စစ်ရေး၌ ပါဝင်စွက်ဖက်ခြင်း အပြုအမူဟု ကြေညာကာ လက်တုံ့ပြန်နိုင်မည့် ဝရမ်းမျိုးလည်း ထုတ်ပြန်လာနိုင်သည်။ NATO အဖွဲ့ဝင်ဖြစ်သည့် ဘောလ်တစ်နိုင်ငံတစ်နိုင်ငံဖြစ်သော လစ်သူယေးနီးယားကဲ့သို့သော နိုင်ငံမျိုးကို ရုရှားပိုင် ပင်မနယ်မြေနှင့် တစ်သီးတစ်သန့် တည်ရှိနေသော ကာလင်နင်ဂရက်ကမ်းခြေသို့ တပ်ဖွဲ့များစေလွှတ်၍ မြေပြင်စင်္ကြံရရှိလာစေရန် ခြိမ်းခြောက်နိုင်ပါသည်။

ထိုသို့ဖြစ်ခဲ့လျှင် အလွန်မတန် အန္တရာယ်ကြီးကာ NATO ကိုပါ စစ်ပွဲအတွင်း ဆွဲသွင်းလိုက်သော စွန့်စားမှုမျိုး ဖြစ်သွားနိုင်သည်။ NATO ၏ စစ်ရေးမဟာမိတ် သဘောတူညီချက် အပိုဒ် ၅ အရ အဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံကို တိုက်ခိုက်ခြင်းသည် ကျန်အဖွဲ့ဝင်အားလုံးကို တိုက်ခိုက်ခြင်းဟု အဓိပ္ပာယ်ဖွင့်ဆိုပါသည်။ သို့သော် မစ္စတာပူတင်အနေနှင့် သူ့ခေါင်းဆောင်မှုအပေါ် ကာကွယ်ရန် လိုအပ်သည်ဟု ခံစားလာရလျှင် တစ်ခုတည်းသော နည်းလမ်းအဖြစ် ဤစွန့်စားမှုမျိုး ပြုလာနိုင်သည်။ အကယ်၍ သူသည် ယူကရိန်း၌ ထင်တိုင်းမပေါက်ခဲ့ပါက စိတ်ခံစားချက် ပိုမိုပြင်းပြလျက် တင်းမာမှုများ တိုးပွားလာစေရန် ဆက်လက်တိုးချဲ့လာနိုင်သည်။ ယခုအခါ ရုရှားခေါင်းဆောင်သည် ကာလတာရှည်တည်တ့ံခဲ့သော နိုင်ငံတကာစံနှုန်းများကို စိတ်ရှိလက်ရှိ ချိုးဖောက်နေကြောင်း ကျွန်ုပ်တို့သိလာကြပါပြီ။ ဤယုတ္တိအတိုင်း ဆက်သွားမည်ဆိုပါက နျူကလီးယားလက်နက်များ သုံးစွဲသော အခြေအထိ ဆိုက်သွားနိုင်သည်။ ဤသီတင်းပတ်အတွင်း မစ္စတာ ပူတင်သည် သူ၏နျူကလီးယားတပ်ဖွဲ့များကို အမြင့်ဆုံးအနေအထား တပ်လှန့်နှိုးဆော်ထားသည်။ ဝေဖန်ပိုင်းခြားသူအများစုအနေနှင့် ဤတပ်လှန့်မှုမှာ ထုံးတမ်းစဉ်လာအတိုင်း လော၊ အန္တရာယ်ကျရောက်လုဆဲ အခြေအနေလော၊ ဝေခွဲမရ ဖြစ်နေဆဲပင်ရှိနေကြသည်။ သို့သော် ရုရှားတို့အနေနှင့် စစ်မြေပြင်အတွင်း နျူကလီးယားနည်းပညာနှင့် စပ်ဆိုင်သောလက်နက်မျိုးကို သုံးခွင့်ပြုရန် ဖြစ်နိုင်ခြေရှိကြောင်း အသိပေးလိုက်ခြင်းဟု ဆိုရပါမည်။

  သံတမန်အဖြေ

အဆိုးများ၊ အပြုတ်တိုက်ခြင်းများအပြင် သံတမန်ရေးရာ ညှိနှိုင်းချက်မှသည် အဖြေထွက်ရန် ရှိပါသလော။

“သေနတ်တွေနဲ့ စကားပြောကြပြီ။ ဒါပေမဲ့ တကယ့်ကို နှုတ်အားဖြင့် ပြောဆိုဆွေးနွေးနိုင်ဖို့ လမ်းစကအမြဲပွင့်လျက်ပါ” ဟု ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က ပြောခဲ့သည်။ အပြန်အလှန်ဆွေးနွေးပြောဆိုမှုများ အပြည့်အဝခရီးဆက်နိုင်ပါသည်။ ပြင်သစ်သမ္မတ မက်ခရွန်သည် သမ္မတပူတင်နှင့် ဖုန်းအဆက်အသွယ်မပြတ် ရှိနေသည်။ သံတမန်ဖြေရှင်းရေး လက်တံများသည် မော်စကို၏ပြင်ပ၌ အခင်းအကျင်းအပြည့် စောင့်ဆိုင်းနေကြောင်း သံတမန်များက ပြောဆိုနေကြသည်။ ဘီလာရုစ်နယ်စပ်တွင် ရုရှားနှင့် ယူကရိန်းအရာရှိကြီးများ တွေ့ဆုံစကားပြောဖြစ်သည်ကလည်း အ့ံအားသင့်ဖွယ်ဖြစ်ပါသည်။ တိုးတက်မှု တစ်စုံတစ်ရာကို သူတို့မဆောင်ကြဉ်းနိုင်ကြသေးပါ။ သို့သော် ယခုလိုပြောဆိုဆွေးနွေးကြရန် သဘောတူသည်ကို ထောက်ရှုသော် ပူတင်သည် အနိမ့်ဆုံးအားဖြင့် အပစ်အခတ်ရပ်စဲရေးကို လက်ခံနိုင်ဖွယ်ရှိသော အရိပ်နိမိတ်ဖြစ်သည်။

အဓိကမေးခွန်းမှာ အနောက်အုပ်စုသည် မူလလမ်းကြောင်းမှ လုံးလုံးလျားလျား သွေဖည်သွားမည်မဟုတ်သော လမ်းကြောင်း သစ်တစ်ခု ရှာဖွေပေးနိုင်မည့် အလားအလာရှိ မရှိဆိုသောအချက်ဖြစ်သည်။ အနောက်တိုင်း၏ ပိတ်ဆို့အရေးယူမှုများ ဖြေလျှော့ပေးရန်မှာ ရာဇဣန္ဒြေအရ  တင်းမာသယောင်ပြနေသည့်တိုင် မဖြစ်နိုင်သည့်ကိစ္စမဟုတ်ကြောင်း ရုရှားခေါင်းဆောင်အနေနှင့် သိထားကြောင်း သံတမန်များက ပြောကြားသည်။

ဤအခင်းအကျင်းကို ပြန်လည်တွေးတောကြည့်ကြပါစို့။ စစ်သည် ရုရှားအတွက် ဆိုးရွားလာစေ၏။ ဆန်ရှင်များသည် မော်စကိုအား မတည်မငြိမ်ဖြစ်စေ၏။ ဆန့်ကျင်အာခံလိုသော သဘောထားများ တစ်နေ့ထက်တစ်နေ့ ကြီးထွားလာ၏။ ‘အလှမ်းကျယ်၍ အလယ်လပ်’ ကြောင်း မစ္စတာပူတင် သိခဲ့လျှင် အ့ံသြသွားပါမည်။ စစ်ပွဲကို ဆက်လက်တိုက်ခိုက်ရန် သူဆုံးဖြတ်ချက်ချလျှင် အရှုံးအတွက် အရှက်ရသည်ထက် သူ့ခေါင်းဆောင်မှုအပေါ် မေးခွန်းထုတ်ကာ ခြိမ်းခြောက်ခံလာရနိုင်သည်။ အကယ်၍တင်းမာမှုကို လျှော့ချခြင်း မပြုခဲ့လျှင် ရုရှားထံမှ ရေနံနှင့်ဓာတ်ငွေ့ကို ဝယ်ယူမည်မဟုတ်ကြောင်း သတိပေးရင်း မော်စကိုကို ဖိအားပေးကာ အပေးအယူလုပ် ညှိနှိုင်းရန် တရုတ်က ကြားဝင်လာမည်။ ထို့ကြောင့် မစ္စတာပူတင်အနေနှင့် ထွက်လမ်းတစ်ခု ရှာဖွေရမည်။ ထိုအချိန်အတွင်း ယူကရိန်းအာဏာပိုင်များဘက်ကလည်း ဖျက်ဆီးခံရပြီး သူတို့တိုင်းပြည်အဖို့ နိုင်ငံရေးအရ အပေးအယူလုပ်ခြင်းသည် ဘဝများစွာ ကျေပျက်ပြုန်းတီးသည်နှင့် နှိုင်းစာပါက ပိုမိုရွေးချယ်ထိုက်ကြောင်း ကောက်ချက်ချလာနိုင်မည်။ သို့ဆိုလျှင် သံတမန်များအဖို့ နှစ်ဖက် အကျိုးအတွက် ‘မြွေမသေ တုတ်မကျိုး’ ညှိနှိုင်းဖွယ်ရာ လမ်းစပေါ်လာပါပြီ။ ယူကရိန်းအနေနှင့် ခရိုင်းမီးယားနှင့် ဒွန်ဘတ်စ်နယ်မြေများအပေါ် ရုရှား၏အချုပ်အခြာအာဏာကို လက်ခံလိုက်သည်ဆိုပါစို့။ အပြန်အလှန်အားဖြင့် ပူတင်ကလည်း ယူကရိန်း၏ လွတ်လပ်ရေးနှင့် လွတ်လပ်သော နိုင်ငံတစ်နိုင်ငံက ဥရောပနှင့် နက်ရှိုင်းစွာ ဆက်သွယ်မှုကို လက်ခံရပါမည်။ ထိုသို့ဖြစ်ရန် ပြောသလောက် မလွယ်လှပါ။ သို့သော်သွေးထွက်သံယို ပဋိပက္ခ၏ အပျက်အစီးများကြားမှ ဤအဖြေမျိုး ထွက်မလာနိုင်ဟု ယတိပြတ်ငြင်းဆိုလောက်အောင်လည်း ယုတ္တိမတန်ပါ။

ပူတင် ရွေ့လျောခြင်း

ဗလာဒီမာ ပူတင်ကိုယ်တိုင် သူ့အနေအထား မည်သို့ရှိကြောင်း အကဲဖြတ်သနည်း။ ကျူးကျော်သိမ်းပိုက်မှု စတင်ချိန်၌ “ကျွန်တော်တို့ဟာ ဘယ်ရလဒ်မျိုးထွက်ထွက် အဆင်သင့်ပါပဲ” ဟု သူ ကြေညာခဲ့သည်။

အကယ်၍ ထွက်လာသောရလဒ်သည် သူ့အတွက် အာဏာဆုံးရှုံးမှု ဖြစ်ပေါ်စေခဲ့လျှင် ... ထိုသို့တွေးထားပုံ မရပါ။ သို့သော်ကမ္ဘာကြီးသည် ယခုရက်ပိုင်းအတွင်း ပြောင်းချင်တိုင်း ပြောင်းသွားပြီး ထိုသို့တွေးတောရန်အကြောင်း ပေါ်ပေါက်လာသည်။ လန်ဒန်ကင်းကောလိပ်၊ စစ်ပွဲလေ့လာရေးဌာနမှ ဂုဏ်ထူးဆောင်ပါမောက္ခ ဆာလောရင့် ဖရီးဒ်မင်က ‘ယခုအခါ ကိယက်ဗ်ကဲ့သို့ပင် မော်စကိုတွင်လည်း မင်းပြောင်းမင်းလွဲကိစ္စ ပေါ်ပေါက်လာဖွယ်ရာရှိသည်’ ဟု ရေးသားခဲ့သည်။

သူအဘယ်ကြောင့် ဤသို့ပြောနိုင်ပါသနည်း။ ဖြစ်နိုင်သည်မှာ မစ္စတာ ပူတင်သည် ဒုက္ခရောက် ပျက်သုဉ်းစေသော စစ်ပွဲတစ်ခုကို အစပြုခဲ့သည်။ ရုရှားစစ်သည်များ ထောင်နှင့်ချီကာ သေဆုံးကြရသည်။ စီးပွားရေးပိတ်ဆို့မှုများက သိသိသာသာ အနုတ်လက္ခဏာပြသည်။ မစ္စတာ ပူတင်အပေါ် လူထုထောက်ခံမှု လျော့ကျလာသည်။ ခါတော်မီတော်လှန်ရေး ခေတ်စားမှုက ခြိမ်းခြောက်သည်။ ပူတင်က ထိုဆန့်ကျင်မှုများကို နှိပ်ကွပ်ရန်အလို့ငှာ ပြည်တွင်းလုံခြုံရေးတပ်ဖွဲ့များကို အသုံးပြုသည်။ ရလဒ်အဖြစ် ရုရှား စစ်ဘက်၊ နိုင်ငံရေးနှင့် စီးပွားရေး ရေပေါ်ဆီအီလစ်များက သူ့ကို ကဏ္ဍကောစ လုပ်လာကြသည်။ အကယ်၍များ ပူတင် ‘ထွက်တော်မူ နန်းကခွာ’ ခဲ့လျှင် သူ့နေရာ၌ အလယ်အလတ်ကျသူ ခေါင်းဆောင်တစ်ဦးဦးကို အစားထိုးမည်ဆိုပါက အနောက်အုပ်စုသည် ဆန်ရှင်အချို့ကို ဖြေလျှော့ကာ ပုံမှန်သံတမန်ဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းသွားကြမည်။ အာဏာအသိမ်းခံရပြီး ကရင်မလင် သွေးစွန်းကာ ပူတင်ထွက်သွားရခြင်းမျိုးမှာ လက်ရှိကာလ၌ ဖြစ်တန်ရာ လုံးလုံးမမြင်သေးပါ။ သို့သော် မစ္စတာပူတင်ကြောင့် အကျိုးဖြစ်ထွန်းလာသူများက သူတို့၏အကျိုးစီးပွားကို မစ္စတာပူတင်က အကာအကွယ်မပေးနိုင်ကြောင်း ယုံကြည်လာသည့်တစ်နေ့တွင် အရာရာ ‘ဖြစ်ပျက်’ သွားနိုင်ပါသည်။

နိဂုံးကောက်ချက်

ဤမျှော်မှန်းဇာတ်ကွက် ငါးရပ်တို့သည် တစ်ခုနှင့်တစ်ခု အပြန်အလှန် ပိတ်ပင်ထားခြင်းမရှိဘဲ တစ်ခုချင်းစီသည် အခြားဇာတ်ကွက်တစ်ခုနှင့် ပေါင်းစပ်အသုံးပြုပါက နောက်ထပ်ရလဒ်သစ်များအဖြစ် ပေါ်ထွက်လာနိုင်သည်။ သို့သော် ဤပဋိပက္ခကြီး အပြီးသတ်သွားပါက ကမ္ဘာကြီးမှာလည်း အပြောင်းလဲကြီး ပြောင်းလဲသွားပါလိမ့်မည်။ ယခင်ကလို ‘ပိုနေမြဲ ကျားနေမြဲ’ အခြေအနေသို့ ပြန်မရောက်နိုင်တော့ပါ။ ရုရှားနိုင်ငံနှင့် ပြင်ပကမ္ဘာ၏ ဆက်ဆံရေးမှာ လုံးဝကွဲပြားသွားလိမ့်မည်။ ဥရောပ၏ လုံခြုံရေးနှင့်ပတ်သက်သော သဘောထားမှာ အသွင်ပြောင်းသွားမည်။ ထို့ပြင်လစ်ဘရယ်နှင့် နိုင်ငံတကာ စည်းမျဉ်းအခြေပြု အစီအစဉ်များမှာလည်း နဂိုနေပြန်ရောက်စေရန် ကျားကုတ်ကျားခဲ အားထုတ်ရပါလိမ့်မည်။

Most Read

Most Recent