ယူဂိုဆလားဗီးယားတွင် ဖြစ်ပွားခဲ့သည့် စစ်ရာဇဝတ်မှုများအတွက် တာဝန်ယူရန် နေတိုးအုပ်စုအား တောင်းဆိုခဲ့ခြင်းမရှိသူများသည် ယူကရိန်း အရေးနှင့်ပတ်သက်၍ ဝေဖန်ပြောဆိုခွင့်မရှိဟု ဆားဘီးယား ပြောကြား

ယူဂိုဆလားဗီးယားတွင် ဖြစ်ပွားခဲ့သည့် စစ်ရာဇဝတ်မှုများအတွက် တာဝန်ယူရန် နေတိုးအုပ်စုအား တောင်းဆိုခဲ့ခြင်းမရှိသူများသည် ယူကရိန်း အရေးနှင့်ပတ်သက်၍ ဝေဖန်ပြောဆိုခွင့်မရှိဟု ဆားဘီးယား ပြောကြား
အခမ်းအနား တစ်ခုအတွင်း မိန့်ခွန်းပြောကြားနေသည့် ဆားဘီးယား ပြည်ထဲရေးဝန်ကြီး အလက်ဇန်းဒါး ဗူလင်ကို မြင်တွေ့ရစဉ် (Photo : AFP)
အခမ်းအနား တစ်ခုအတွင်း မိန့်ခွန်းပြောကြားနေသည့် ဆားဘီးယား ပြည်ထဲရေးဝန်ကြီး အလက်ဇန်းဒါး ဗူလင်ကို မြင်တွေ့ရစဉ် (Photo : AFP)
Published 12 March 2022
(Ref : RT, AFP)

ယူဂိုဆလားဗီးယားတွင် ဖြစ်ပွားခဲ့သည့် စစ်ရာဇဝတ်မှုများအတွက် တာဝန်ယူရန် နေတိုးမဟာမိတ်အုပ်စုအား တောင်းဆိုခြင်း မရှိခဲ့သူများအနေဖြင့် ယူကရိန်းနှင့် ပတ်သက်၍ ဝေဖန်ပြောဆိုခွင့်မရှိဟု ဆားဘီးယား ပြည်ထဲရေးဝန်ကြီး အလက်ဇန်းဒါး ဗူလင်က ပြောကြားခဲ့သည်။

မြောက်အတ္တလန္တိတ် စာချုပ်ဝင်နိုင်ငံ များအဖွဲ့ထဲသို့ ကိုဆိုဗို မရမကဝင်ရောက်နေခြင်းသည် ၎င်းအဖွဲ့၏ လုပ်ထုံးလုပ်နည်း များနှင့် ကုလသမဂ္ဂ၏ ဆုံးဖြတ်ချက်အမှတ် ၁၂၄၄ တို့ကို ချိုးဖောက်ရုံသာမကဘဲ ဆားဘီး ယားနိုင်ငံအပေါ် ပြောင်ပြောင်တင်းတင်း ချိုးဖောက်မှုနှင့် ဆားဘီးယားသမ္မတ အလက်ဇန်းဒါး ဗူဆစ် အပေါ် နောက်ထပ်ပုံစံတစ်မျိုး ဖြင့် ခြိမ်းခြောက်မှု ဖြစ်သည်ဟုလည်း ၎င်းက မတ်လ ၄ ရက်တွင် ပြောကြားခဲ့သည်။

ယူကရိန်းအား ရုရှားက စစ်ပွဲဆင်နွှဲခဲ့ ခြင်းကြောင့် ဖြစ်ပေါ်လာသည့် နိုင်ငံတကာရေးရာ အခြေအနေအရ နေတိုးအုပ်စုနှင့် ဥရောပသမဂ္ဂ(အီးယူ) သို့ အဖွဲ့ဝင်အဖြစ် အလျင်အမြန် ဝင်ရောက်လိုသည့် သဘောထားကို ကိုဆိုဗိုအစိုးရ ခေါင်းဆောင်များက ထပ်ကာတလဲလဲ ပြသခဲ့မှုကို ဆားဘီးယား ပြည်ထဲရေးဝန်ကြီး ဗူလင်က ရည်ညွှန်းပြောဆိုခဲ့ခြင်းလည်း ဖြစ်သည်။

ဗူလင်သည် အမျိုးသားရေးစိတ်ဓာတ် ပြင်းထန်ပြီး ၎င်းသည် ရုရှားလိုလားသူအဖြစ် အတိအလင်း ထုတ်ဖော်ပြောဆိုထားသူလည်း ဖြစ်သည်။

ကိုဆိုဗိုသည် နိုင်ငံတစ်နိုင်ငံ မဟုတ်သကဲ့သို့ ကိုယ်ပိုင်စစ်တပ်လည်း မရှိကြောင်းနှင့် နေတိုးအဖွဲ့ဝင်များဖြစ်သည့် စပိန်၊ ဂရိ၊ ရိုမေးနီးယားနှင့် ဆလိုဗက်ကီးယား အစရှိသည့် နိုင်ငံလေးနိုင်ငံအတွက် နိုင်ငံရေး ပြဿနာတစ်ရပ်အဖြစ် တည်ရှိနေသည်ဟုလည်း ၎င်း က ပြောကြားခဲ့သည်။ အဆိုပါ နိုုင်ငံများသည် ကိုဆိုဗို၏ လွတ်လပ်ရေးကို အသိအမှတ်ပြု ခြင်း မရှိပေ။

ဆားဘီးယား နိုင်ငံသည်လည်း ၂၀၀၈ ခုနှစ်၊ ဖေဖော်ဝါရီ ၁၇ ရက်တွင် ကိုဆိုဗို၏ ၎င်းတို့ဘာသာ လွတ်လပ်ရေး ကြေညာမှုကို အသိအမှတ်ပြုခြင်းမရှိဘဲ ကိုဆိုဗိုအား ၎င်းမှ သီးခြားခွဲထုတ်၍ မရသည့် နိုင်ငံအဖြစ် ရှု မြင်ထားဆဲဖြစ်သည်။

ကိုဆိုဗိုအား အီးယူနှင့် နေတိုးအုပ်စုထဲသို့ ဝင်ရောက်ခွင့်ပြုရန် ဝန်ကြီးချုပ် အယ်လ်ဘင် ကာတီက တွန်းအားပေး လုပ်ဆောင်လျက်ရှိကာ ရုရှားက ယူကရိန်းအား ကျူးကျော်မှုကို ထောက်ဆ၍ ၎င်းအဖွဲ့ကြီးများအနေဖြင့် အဖွဲ့ထဲသို့ နိုင်ငံအသစ်များ ဝင်ရောက်ခြင်းကို ပိုမိုလွယ်ကူ မြန်ဆန်အောင် လုပ် ဆောင်ပေးရန် လိုအပ်နေသည်ဟုလည်း ၎င်းက ပြောဆိုထားသည်။

အီးယူနှင့် အမေရိကန် ဦးဆောင်သည့် နေတိုးမဟာမိတ် အုပ်စုအနေဖြင့် ကိုဆိုဗိုအား အဖွဲ့ဝင်အဖြစ် မြန်မြန်ဆန်ဆန် လက်ခံကာ အနောက်ဘော်လ်ကန် ဒေသတွင် ၎င်းတို့၏ တောင်ဘက်စစ်နံကို အင်အားဖြည့်တင်းရန် ဝန်ကြီးချုပ် ကာတီက တိုက်တွန်းခဲ့သည်။

“ဒီလို ဖြစ်ရိုးဖြစ်စဉ်မဟုတ်တဲ့ အခြေအနေမှာ ကျွန်တော်တို့တွေ ပုံမှန်အတိုင်း ပြုမူဆောင်ရွက်နေလို့ မရပါဘူး။ ဒါကြောင့် အီးယူနဲ့ နေတိုး အဖွဲ့တွေဟာ အဖွဲ့ဝင်လက်ခံတာ ကို နည်းလမ်းဟောင်းအတိုင်း လုပ်ဆောင်လို့ မရနိုင်ပါဘူး”ဟုလည်း ၎င်းက ထပ်မံပြောကြားခဲ့သည်။

ဝန်ကြီးချုပ် ကာတီသည် ကိုဆိုဗိုကို နေတိုးနှင့် အီးယူအဖွဲ့ဝင် ဖြစ်လာစေရန် အင်တိုက်အားတိုက် လုပ်ဆောင်လျက်ရှိသော်လည်း ကိုဆိုဗို၏ အချုပ်အခြာအာဏာကို အသိအမှတ်မပြုသည့် စပိန်နှင့် ဂရိကဲ့သို့ အဖွဲ့ဝင်နိုင်ငံအချို့၏ ကန့်ကွက်မှုများနှင့် ရင်ဆိုင်နေရသည်။  

(Ref : RT, AFP)

Most Read

Most Recent