နိုင်ငံရေးပါတီများ၏ ပါတီရန်ပုံငွေ၊ ငွေကြေးနှင့် ပစ္စည်းများစာရင်းပြုစုထားရှိမှု စစ်ဆေးရာတွင် နိုင်ငံရေးပါတီ ၈၁ ပါတီအထိ စစ်ဆေးပြီးစီးကြောင်း UEC ထုတ်ပြန်

နိုင်ငံရေးပါတီများ၏ ပါတီရန်ပုံငွေ၊ ငွေကြေးနှင့် ပစ္စည်းများစာရင်းပြုစုထားရှိမှု စစ်ဆေးရာတွင် နိုင်ငံရေးပါတီ ၈၁ ပါတီအထိ စစ်ဆေးပြီးစီးကြောင်း UEC ထုတ်ပြန်
Published 8 March 2022

နိုင်ငံရေးပါတီများ၏ ပါတီရန်ပုံငွေ၊ ငွေကြေးနှင့် ပစ္စည်းများစာရင်းပြုစုထားရှိမှု စစ်ဆေးရာတွင် နိုင်ငံရေးပါတီ ၈၁ ပါတီအထိ စစ်ဆေးပြီးစီးကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က ထုတ်ပြန်ခဲ့သည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ထွန်းကားရေးအတွက် နိုင်ငံရေးပါတီများကို နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေနှင့်အညီ ဖွဲ့စည်းပြီး ယင်းဥပဒေပါပြဋ္ဌာန်းချက်များနှင့်အညီ စနစ်တကျ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် နိုင်ငံရေးပါတီများ၏ ပါတီဝင်အင်အား၊ ပါတီပိုင်ရန်ပုံငွေနှင့် ပစ္စည်းများ စုဆောင်းခြင်း၊ ထိန်းသိမ်းခြင်း၊ သုံးစွဲခြင်း၊ စစ်ဆေးခြင်းနှင့် စာရင်းရှင်းလင်းဖျက်သိမ်းခြင်း၊ ပါတီဆိုင်ရာလုပ်ငန်းများအား စနစ်တကျဆောင်ရွက်ထားခြင်း ရှိ မရှိတို့ကို စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လက်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် စာရင်းစစ်ချုပ်ရုံး၊ ပြည်တွင်းအခွန်များဦးစီးဌာနနှင့် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ ကိုယ်စားလှယ်များပါဝင်သော စစ်ဆေးရေးအဖွဲ့များဖြင့်  နိုင်ငံရေးပါတီများ၏  ပါတီဝင်အင်အားစာရင်း၊  ပါတီရန်ပုံငွေစာရင်းများနှင့်စပ်လျဉ်း၍ စစ်ဆေးခြင်းများကို  ၂၀၂၁ ခုနှစ် သြဂုတ်လကုန်ပိုင်းတွင် စတင်ဆောင်ရွက်ခဲ့သည်။

UEC အနေဖြင့် ကချင်ပြည်နယ်အခြေစိုက်ပါတီ ငါးပါတီ၊ ကရင်ပြည်နယ်အခြေစိုက်ပါတီ နှစ်ပါတီ၊ စစ်ကိုင်းတိုင်းဒေသကြီး အခြေစိုက်ပါတီ နှစ်ပါတီ၊ တနင်္သာရီတိုင်းအခြေစိုက်ပါတီ တစ်ပါတီ၊ ပဲခူးတိုင်းဒေသကြီးအခြေစိုက်ပါတီ သုံးပါတီ၊ မန္တလေးတိုင်းဒေသကြီးအခြေစိုက်ပါတီ နှစ်ပါတီ၊ မွန်ပြည်နယ်အခြေစိုက်ပါတီ သုံးပါတီ၊ ရခိုင်ပြည်နယ်အခြေစိုက်ပါတီ ခုနစ်ပါတီ၊ ရန်ကုန်တိုင်းဒေသကြီးအခြေစိုက်ပါတီ ၃၆ ပါတီ၊ ရှမ်းပြည်နယ်အခြေစိုက်ပါတီ ၁၅ ပါတီ၊ ဧရာဝတီတိုင်းဒေသကြီးအခြေစိုက်ပါတီ တစ်ပါတီနှင့် ပြည်ထောင်စုနယ်မြေအခြေစိုက်ပါတီ လေးပါတီ စုစုပေါင်း နိုင်ငံရေးပါတီ ၈၁ ပါတီကို စစ်ဆေးခဲ့ပြီးဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဆက်လက်၍ ၂၀၂၂ ခုနှစ် မတ် ၇ ရက်မှ ၁၁ ရက်အထိ ရန်ကုန်တိုင်းဒေသကြီး အခြေစိုက်ပါတီများဖြစ်သော မြန်မာ့လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီနှင့် ကရင်အမျိုးသားပါတီတို့ကိုလည်းကောင်း၊ မတ် ၁၀ ရက်မှ ၁၂ ရက်အထိ ရခိုင်ပြည်နယ်အခြေစိုက်ပါတီဖြစ်သော ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီနှင့် ချင်းပြည်နယ်အခြေစိုက်ပါတီဖြစ်သော ခူမီး(ခမီး) အမျိုးသားပါတီတို့ကို ရခိုင်ပြည်နယ်တွင်လည်းကောင်း၊ ချင်းပြည်နယ်အခြေစိုက်ပါတီဖြစ်သော တိုင်းရင်းသားလူမျိုးစုများဖွံ့ဖြိုးရေးပါတီနှင့် ရန်ကုန်တိုင်းဒေသကြီး အခြေစိုက်ပါတီဖြစ်သော ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ပါတီတို့ကို ချင်းပြည်နယ်တွင်လည်းကောင်း စစ်ဆေးခံနိုင်ရန် အကြောင်းကြားထားကြောင်း သိရသည်။

ပြီးခဲ့သည့်ရက်ပိုင်းကလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD)နှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(SNLD)အနေဖြင့် မတ် ၉  ရက်မတိုင်မီ ပါတီစာရင်း အစစ်ဆေးခံရန်  ထပ်မံအကြောင်းကြားထားကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသည်။

ဖေဖော်ဝါရီ ၁၄ ရက်တွင် နိုင်ငံရေးပါတီ လေးပါတီ၏စာရင်းများကို စစ်ဆေးရန် ကြေညာထားသည့်အနက် ပါတီနှစ်ခုသာ စစ်ဆေးမှုခံယူပြီး NLD ပါတီနှင့်  SNLD ပါတီက စစ်ဆေးခံယူမှုမရှိခဲ့ကြောင်း ကော်မရှင်ထံမှ သိရသည်။

NLD ပါတီနှင့်  SNLD ပါတီအနေဖြင့် ၂၀၂၂ ခုနှစ် မတ် ၉ ရက်မတိုင်မီ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၂၄(က)နှင့်အညီ လာရောက်အစစ်ဆေးခံရန်နှင့် လိုက်နာဆောင်ရွက်ရန် ပျက်ကွက်ပါက အဆိုပါဥပဒေပုဒ်မ ၂၄ (ဂ)၊ (ဃ)၊(င)တို့နှင့်အညီ  အရေးယူဆောင်ရွက်သွားမည်ဟု အကြောင်းကြားထားကြောင်း  ကော်မရှင်ထံမှ သိရသည်။

ရွေးကောက်ပွဲကော်မရှင်သည် ပါတီတစ်ခုက တည်ဆဲဥပဒေတစ်ရပ်ရပ်ကို  လိုက်နာခြင်းမရှိကြောင်းတွေ့ရှိလျှင် ကော်မရှင်အနေဖြင့် ထိုပါတီကို လိုအပ်သည်များ လိုက်နာဆောင်ရွက်ရန်  အချိန်ကာလသတ်မှတ်၍ ညွှန်ကြားနိုင်ကြောင်း နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၂၄ (က)တွင် ပြဋ္ဌာန်းထားသည်။

ထိုသို့ ညွှန်ကြားမှုကို လိုက်နာဆောင်ရွက်မှု ပျက်ကွက်ပါက ဥပဒေပါအတိုင်း အရေးယူဆောင်ရွက်မည်ဟု ကော်မရှင်ကိုးကားသည့် ဥပဒေပုဒ်မခွဲ သုံးခုတွင် ပါတီကို ယာယီရပ်ဆိုင်းနိုင်သည့်အချက်၊ ပါတီမှတ်ပုံတင် ပယ်ဖျက်နိုင်သည့် အချက်များ ပါဝင်သည်။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၂၄ (ဂ)တွင်  ညွှန်ကြားသည့်အတိုင်း လိုက်နာဆောင်ရွက်ရန် ပျက်ကွက်သည့်ပါတီကို ကော်မရှင်က  နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်းမှ သုံးနှစ်အထိ ယာယီရပ်ဆိုင်းနိုင်ကြောင်း ဖော်ပြထားသည်။

ပုဒ်မ ၂၄ (ဃ)တွင်မူ ထိုသို့ယာယီရပ်ဆိုင်းခံရသည့်ပါတီအနေဖြင့်  ယာယီရပ်ဆိုင်းထားသောကာလအတွင်း ကော်မရှင်ညွှန်ကြားသည့်လုပ်ငန်းများအပ ပါတီ၏ကျန်လုပ်ငန်းအားလုံး ရပ်ဆိုင်းထားရမည်ဟု  ဆိုသည်။

ယင်းသို့ယာယီရပ်ဆိုင်းသည့်ကာလ ကုန်ဆုံးသည်အထိ ညွှန်ကြားချက်အတိုင်း လိုက်နာဆောင်ရွက်ရန် ပျက်ကွက်ပါက ကော်မရှင်သည် ပါတီကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်းမှ ပယ်ဖျက်၍ ပါတီကိုဖျက်သိမ်းရမည်ဟု ပုဒ်မ၂၄ (င)တွင် ဖော်ပြပါရှိသည်။

လက်ရှိတွင် ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်၌ မှတ်ပုံတင်ထားသည့် နိုင်ငံရေးပါတီ ၉၂ ပါတီ ရှိသည်။