ရုရှားနှင့် ငြိမ်းချမ်းရေးဆွေးနွေးရာတွင် ကူညီပေးရန် ယူကရိန်းနိုင်ငံ၏ တောင်းဆိုမှုကို အေဘရာမိုဗစ်ချ် လက်ခံခဲ့ဟု ၎င်း၏ ပြောရေးဆိုခွင့်ရှိသူ ဆို

ရုရှားနှင့် ငြိမ်းချမ်းရေးဆွေးနွေးရာတွင် ကူညီပေးရန် ယူကရိန်းနိုင်ငံ၏ တောင်းဆိုမှုကို အေဘရာမိုဗစ်ချ် လက်ခံခဲ့ဟု ၎င်း၏ ပြောရေးဆိုခွင့်ရှိသူ ဆို
Photo: Getty Images
Photo: Getty Images
Published 1 March 2022

ချယ်လ်ဆီးအသင်းပိုင်ရှင် ရုရှားဘီလျံနာ အေဘရာမိုဗစ်ချ်သည် ရုရှားနှင့် ယူကရိန်းတို့၏ ငြိမ်းချမ်းရေးဆွေးနွေးရာတွင် ကူညီပေးရန် ယူကရိန်းနိုင်ငံ၏ တောင်းဆိုမှုကို လက်ခံခဲ့သည်ဟု ၎င်း၏ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့ကြောင်း ဗြိတိန်မီဒီယာများက ဖော်ပြခဲ့သည်။

ယူကရိန်းနိုင်ငံသည် ရုရှားနိုင်ငံ၏ ကျူးကျော်တိုက်ခိုက်မှုကို ခုခံတွန်းလှန်နေသော်လည်း တနင်္လာနေ့က ဘီလာရုစ်နိုင်ငံတွင် ငြိမ်းချမ်းရေးဆွေးနွေးမှု စတင်ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါဆွေးနွေးပွဲ၌ ရုရှားသမ္မတ ပူတင်နှင့် ရင်းနှီးသူဖြစ်သည့်အပြင် သြဇာကြီးမားသည့် စီးပွားရေးသမားများထဲမှ တစ်ဦးဖြစ်သော အေဘရာမိုဗစ်ချ်ကို ပါဝင်ကူညီပေးရန် ယူကရိန်းနိုင်ငံဘက်မှ အကူအညီတောင်းခံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

''လက်ရှိပဋိပက္ခကို ငြိမ်းချမ်းစွာ ဖြေရှင်းဖို့အတွက် ပါဝင်ကူညီပေးဖို့ အေဘရာမိုဗစ်ချ်ကို ယူကရိန်းဘက်က ဆက်သွယ်တောင်းဆိုခဲ့တယ်ဆိုတာ ကျွန်တော် အတည်ပြုနိုင်ပါတယ်''ဟု ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။

နီးစပ်သူများ၏အဆိုအရ ယူကရိန်းဘက်မှ အကူအညီတောင်းခံခဲ့သူများအနက် လက်ခံခဲ့သူမှာ အေဘရာမိုဗစ်ချ်တစ်ဦးတည်းသာရှိကြောင်းလည်း သိရသည်။

Most Read

Most Recent